စစ်ကောင်စီတပ်က ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် (TNLA) စခန်းနှင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေချိန်တွင် TNLA ပါဝင်သည့် ပူးပေါင်းတပ်ကလည်း မန္တလေးတိုင်းရှိ စစ်ကောင်စီယာယီစခန်းတစ်ခုကို ဝင်တိုက်ခဲ့သည်။
ယမန်နေ့ (စက်တင်ဘာ ၂၆) နံနက် ၅ နာရီခန့်က မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ အနောက်ပိုင်း ရေထွက်ကြီးရွာတွင် ယာယီစခန်းချထားသော စစ်ကောင်စီတပ်ကို TNLA နှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
“ရန်သူအင်အား ၅၀ လောက်ပါတဲ့ တပ်ဖွဲ့တစ်ခု ရောက်နေတာသိလို့ ကျွန်တော်တို့ တပ်ဖွဲ့တွေ သွားတိုက်တာ၊ ရန်သူရုပ်အလောင်းတချို့လည်း တွေ့ခဲ့ရတယ်။ လက်နက်တချို့လည်း ရရှိခဲ့ပါတယ်” ဟု မိုးကုတ် PDF အမှတ် (၁၂၂၃) တပ်ရင်း၏ တပ်ရင်းမှူး ကိုလရောင်က ပြောသည်။
မြို့နှင့် တစ်မိုင်ခန့်အကွာရှိ ထိုနေရာတွင် တိုက်ပွဲ တစ်နာရီနီးပါး ကြာမြင့်ခဲ့သည်၊ PDF တပ်ရင်းအမှတ် (၁၂၂၁)၊ (၁၂၂၃)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ အမှတ် (၆၆၆) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်၊ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၃ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးသည်ဟု PDF က ပြောသည်။ ရေထွက်ကျေးရွာနေ ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့၍ ဆေးကုသပေးထားပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း PDF ထံမှ သိရသည်။
အထက်ပါကျေးရွာအနီး ယမန်နေ့နံနက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း TNLA ပြန်ကြားရေးက ယနေ့ ထုတ်ပြန်ထားသည်။
တိုက်ပွဲများဆက်နေသော မိုးကုတ်မြို့နယ်တွင် စက်တင်ဘာ ၂၅၊ ညပိုင်းကလည်း မြို့ပေါ်မှ ၁၈ မိုင်ခန့်အကွာတွင် ရှိသော စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်စခန်းတစ်ခုကို မိုင်းထောင်ဖောက်ခွဲခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့သည်ဟု PDF တပ်ရင်းမှူး ကိုလရောင်က ဆိုသည်။
ယခုလဆန်းမှ စတင်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ၏ မိုးကုတ်စစ်ဗျူဟာ၏ PDF တပ်ရင်း ၂ ရင်းနှင့် TNLA တို့က မိုးကုတ်မြို့နယ်အတွင်း “မိုးလုံးမှိုင်းစစ်ဆင်ရေး” အမည်ဖြင့် ပူးပေါင်းတိုက်ခိုက်နေကြသည်။
စစ်ကောင်စီ၏ အခြေချတပ်စခန်းကုန်းများကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ရာ မန္တလေးတိုင်းအတွင်း တိုက်ပွဲဧရိယာ ကျယ်ပြန့်လာသည်။
ရှမ်းပြည်နယ် တိုက်ပွဲများ
TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်စစ်ဒေသနှင့် ကွတ်ခိုင်စစ်ဒေသတို့တွင်ပါ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများပြင်းထန်နေသည်။
စက်တင်ဘာ ၂၅ နှင့် ၂၆ တို့တွင် မူဆယ်နှင့် ကွတ်ခိုင်တို့ရှိ TNLA တပ်စခန်းနှင့် ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချခဲ့သည်။
စက်တင်ဘာ ၂၅ ည ၁၀ နာရီကျော်ခန့်တွင် မူဆယ်မြို့နယ်၊ မန်ကန်ရွာနှင့် နမ့်ငူးရွာအနီးသို့ လေယာဉ်ဖြင့် ဗုံး ၄ လုံး ကြဲခဲ့သည်၊ မန်ကန်ကျေးရာမှ မိုင် ၂၀ ကျော်အကွာ လွယ်မောက်တောင်ပေါ်ရှိ TNLA စခန်းကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့ရာ TNLA စခန်းအဆောက်အအုံတချို့ ပျက်စီးခဲ့သည်ဟု သိရသည်။
“ညသန်းခေါင်ကြီး လာပစ်တာ မထင်ဘူးလေ။ ရွာနဲ့တော့ အဝေးကြီးပဲ။ ဒါပေမဲ့ ကျွန်တော်တို့အိမ်တောင် တုန်သွားတာပဲ။ ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ ကြဲတာ။ ညဆိုတော့ ဗုံးကြဲလိုက်တာ အလင်းရောင်တွေက ရွာအထိတောင် လင်းနေတာပဲ” ဟု မန်ကန်ရွာသားတစ်ဦးက ပြောသည်။
TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က လွယ်မောက်တောင် တပ်စခန်းသည် တပ်မဟာ (၁) ဌာနချုပ်၏ အဝေးကင်း ယာယီတပ်စခန်းတစ်ခုသာဖြစ်ပြီး ဗုံးကြဲခံရမှုကြောင့် TNLA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့ခြင်းမရှိကြောင်း Myanmar Now ကို ယနေ့ အတည်ပြုသည်။
စက်တင်ဘာ ၂၆ တွင် စစ်လေယာဉ်က ကွတ်ခိုင်မြို့နယ်၊ မန်နိမ့်အွန်အုပ်စု ငေါ့ငါးကျေးရွာထဲကို ပစ်ခတ်ခဲ့သလို ရွာအနီးသို့ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတစ်လုံး၊ ရိုးရိုးဗုံး ၃ လုံး ကြဲချခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
“ငေါ့ငါးရွာအနီးမှာ ကျွန်တော်တို့ တပ်စခန်းချထားတာမရှိပါဘူး။ တိုက်ပွဲဖြစ်ပွားတဲ့အရပ်လည်း မဟုတ်ပါဘူး။ တမင်သက်သက် လူထုကို ဦးတည်တိုက်ခိုက်နေတာ ဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့လည်း အဲဒီမှာ မရှိတော့ လူထုထိခိုက်မှုကို အတည်မပြုနိုင်သေးဘူး” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။
စက်တင်ဘာ ၂၆ ည ၁၀ နာရီခန့်တွင်လည်း နမ့်ဖက်ကာကျေးရွာတွင် အခြေစိုက်သည့် ခြေမြန်တပ်ရင်း အမှတ် (၁၂၃) တပ်စခန်းက ပစ်ခတ်သော လက်နက်ကြီးကျည် ၅ လုံးထက်မနည်း ငေါ့ငါးကျေးရွာအနီးသို့ ကျရောက်ခဲ့၍ ရွာခံများက နီးစပ်ရာ ကတုတ်ကျင်းများတွင် ပုန်းခိုခဲ့ရကြောင်း ငေါ့ငါးရွာဒေသခံများနှင့် နီးစပ်သူ မိုင်းယုလေးရွာခံတစ်ဦးက ပြောသည်။
“မနေ့ညကို လက်နက်ကြီးတွေက ရွာနားလေးတွေမှာပဲ ကျတာ။ ရွာခံတွေက ကတုတ်ကျင်းထဲမှာ တစ်ညလုံး အိပ်ခဲ့ရတယ်လို့ ကြားတယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီလေတပ်က ယမန်နှစ် ဒီဇင်ဘာကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ TNLA စခန်းများကို ပေါင် ၅၀၀ ဗုံးများ ကြဲချခဲ့သည်။
စစ်ကောင်စီလေတပ်က ကယားပြည်နယ် (ကရင်နီ)၊ ဒီးမော့ဆိုမြို့နယ်တွင်လည်း ယမန်နှစ် မတ်လအတွင်း ဖျက်အားပြင်းဗုံးများ ကြဲချခဲ့ဖူးသည်။ နောက်လတွင် နယ်မြေထိစပ်နေသော ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၌ ထိုဗုံးများ ထပ်ကြဲခဲ့သည်။
ထိုစဉ်က ကယားပြည်နယ်တွင် တူးဖော်တွေ့ရှိသည့်ဗုံးမှာ FAB အမျိုးအစား ဖျက်အားပြင်းဗုံးဖြစ်ကြောင်း မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီး ထက်နိုင်အောင်က Myanmar Now ကို မှတ်ချက်ပြုထားသည်။
လူနေကျေးရွာများကို ဗုံးကြဲမိခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက ဖြေရှင်းချက် မထုတ်သေးပေ။
သို့သော်လည်း TNLA က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ယနေ့ စစ်ကောင်စီအာဘော် သတင်းစာများတွင် ဖော်ပြထားကြသည်။
TNLA စခန်းများ ရနိုင်ရေး စစ်တပ် ကြိုးပမ်း
မူဆယ်မြို့နယ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ကွတ်ခိုင်မြို့နယ်အကြား နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးအနီး ခိုမုန်းကျေးရွာမှ သုံးမိုင်ကျော်သာ ကွာဝေးသော တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသည့် TNLA တပ်စခန်းတစ်ခုကို စစ်တပ်က အကြိမ်ကြိမ်ထိုးစစ်ဆင်နေသည်မှာ ယခုလဆန်းကတည်းက ဖြစ်သည်။
စက်တင်ဘာ ၂၂ နံနက် ၁၁ နာရီတွင် စစ်တပ်က ထိုစခန်းကို အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်၊ ယင်းနေ့မှာပင် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက တိုက်ပွဲဖြစ်ရာနေရာအနီးကို နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့သလို အဝေးထိန်းဒရုန်းများတွင် ၆၀ မမ ဗုံးသီး ပစ်ချ တိုက်ခိုက်ခဲ့သည်ဟု TNLA ဘက်က ပြောထားသည်။
TNLA က စခန်းမဆုတ်သလို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံတပ်ရင်းများ၊ ပန်ဆေးပြည်သူ့စစ်၊ လုံထန်ပြည်သူ့စစ်တပ်ဖွဲ့များ ပါဝင်သည့် စစ်ကောင်စီတပ်ကလည်း ခိုမုန်းကျေးရွာအနီးတွင် တပ်စွဲထားသည်။
စက်တင်ဘာ ၂၅ ညနေ ၄ နာရီတွင် ထိုနေရာအနီးတွင် တိုက်ပွဲထပ်ဖြစ်ပြီး နမ့်ဖက်ကာတပ်စခန်းနှင့် လွယ်ကီလောက် တပ်စခန်းများမှ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ကူခဲ့သည်ဟု TNLA ဘက်က ပြောထားသည်။
မူဆယ်မြို့မှ ၁၀ မိုင်ခန့်အကွာ မူဆယ်-နမ့်ခမ်းလမ်းမကြီးအနီး မူဆယ်-နမ့်ခမ်း-ကွတ်ခိုင် စသည့် မြို့နယ်သုံးခု ဆုံရာတွင် တည်ရှိသော စစ်ရေးအရ ဗျူဟာကျသည့် လွယ်တေမှိုင်းတောင်ပေါ်ရှိ TNLA စခန်းကိုလည်း စစ်တပ်က ယခုလ ဒုတိယပတ်ကတည်းက ထိုးစစ်ဆင်နေသည်။
စစ်ကောင်စီတပ်နှင့် သြဂုတ်မှ စက်တင်ဘာ ၂၅ ရက်အထိ တိုက်ပွဲ ၄၉ ကြိမ် ဖြစ်ပွားထားသည်ဟု TNLA ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။