
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေခြမ်းတွင် ယနေ့ (စက်တင်ဘာ ၂၆ ) နံနက်က ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်က လေကြောင်းမှပါ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ရေဦးမြို့နယ်မှ ဒီပဲယင်းမြို့နယ်ဘက်သို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာရာ ညောင်လှရွာနှင့် မူးကတွင်းရွာအနီး တိုက်ပွဲဖြစ်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မူးကတွင်းရွာရယ်၊ ညောင်လှရွာရယ် သစ်တုံရွာအပေါ်ကနေ ဝဲပြီးတော့ ပစ်ခတ်မှု သုံးလေးကြိမ် လုပ်သွားတာ .. အသံကြားရတယ်။ လွန်ခဲ့တဲ့ ၄၅ မိနစ်လောက်ကပါ။ မြေပြင်မှာ မနက်က ထိတွေ့တိုက်ပွဲဖြစ်ပြီးတဲ့နောက် လာသွားတာလို့ သိရတယ်။ Mi 35 တစ်စီးတည်း လာပြီး ပစ်ခတ်တာပါ” ဟု သူက ယနေ့ မွန်းတည့်ချိန်တွင် ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားနှင့် ကာကွယ်ရေးအဖွဲ့များ ထိခိုက်မှုရှိမရှိ အခြေအနေအသေးစိတ် မသိရသေးကြောင်း ဒေသခံများက ပြောကြသည်။
ဒီပဲယင်းအခြေစိုက်ကာကွယ်ရေးအဖွဲ့များက မြို့နယ်အတွင်းရှိ စစ်ကောင်စီ ဂိတ်စခန်းများကို စက်တင်ဘာလ ဒုတိယပတ်အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီးနောက် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်ကောင်စီတပ်က အင်အားရာဂဏန်းဖြင့် ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။
လက်နက်အင်အား နည်းပါးသော ဒေသခံတပ်များတွင် လူအင်အား မည်မျှရှိသည်ကို မသိရသေးပေ။
စစ်ကောင်စီ စစ်ကြောင်း ဒီပဲယင်း၊ လက်ယက်ကုန်းရွာအနီး ယမန်နေ့က ရောက်ရှိလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ယက်ကုန်းရွာအတွင်း တပ်စွဲခဲ့သည်။
ယနေ့နံနက်တွင် လက်ယက်ကုန်းရွာမှ ထွက်လာသော စစ်ကောင်စီတပ်က ရွာတောင်ဘက်သို့ စစ်ကြောင်းထိုးလာရာ မူးကတွင်းရွာနှင့် ညောင်လှရွာအကြား ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့ ပစ်ခတ်ခဲ့ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဒေသခံအများစုမှာ စစ်ကောင်စီတပ်၏ ရန်မှ လွတ်မြောက်ရန် တိမ်းရှောင်နေကြသည်ဟု လက်ယက်ကုန်းရွာသားတစ်ဦးက ပြောသည်။
“မနေ့ မနက်ကတည်းက သူတို့ (ရေဦးက) ထွက်လာပြီဆိုတည်းက ရှောင်ရတာ။ သူတို့က လက်နက်ကြီးတွေနဲ့ ရန်းသမ်းပစ်နေတာ။..ရွာထဲမှာက သက်ကြီးရွယ်အိုတွေနဲ့ စိတ်ကျန်းမာရေးမကောင်းသူအချို့ပဲ ကျန်တယ်” ဟု သူက ပြောသည်။

လက်ယက်ကုန်းရွာ စာသင်ကျောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က လေကြောင်းဖြင့် ပစ်ခတ်ခြင်း၊ မြေပြင်စစ်ကြောင်းထိုးခြင်းတို့ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့သည်။
ထိုတိုက်ခိုက်မှုအပြီး ယမန်နေ့က လက်ယက်ကုန်းရွာကို စစ်ကြောင်းထိုးခြင်းသည် ၄ ကြိမ်မြောက် ဖြစ်သည်။
ယခင်ကတည်းက နေအိမ်အများအပြား မီးရှို့ ဖျက်ဆီးခံရသဖြင့် အိမ်ခြေရာနှင့်ချီ ပျက်စီးသွားပြီး ဖြစ်သည်။
ရေဦးမှ လာသော ထိုစစ်ကြောင်းသည် လက်ယက်ကုန်းရွာတွင်း ညအိပ် တပ်စွဲထားစဉ် ပစ္စည်းများ လုယက်၊ ဖျက်ဆီးသွားသည်ဟု သိရကြောင်း၊ ရွာအတွင်း ပြန်မဝင်နိုင်သေးသဖြင့် ပျက်စီးမှုအတိုင်းအတာကို မသိရသေးကြောင်း အထက်ပါရွာခံက ဆိုသည်။
ယမန်နေ့ (စက်တင်ဘာ ၂၅) မှ စပြီး ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာ ၁၀ ရွာ ခန့်မှ ဒေသခံထောင်ချီသည် နေ့တွင်းချင်း ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။
ထိုရွာများထဲတွင် လက်ယက်ကုန်း၊ သရက်တော၊ ညောင်လှ၊ အောင်ချမ်းသာ၊ မူးခတွင်း၊ လက်ယက်ကုန်း၊ မဲအိုး၊ ဝဲကြီး၊ နဘဲလှတို့ ပါဝင်သည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၅၀ ခန့်အကွာရှိ ဒီပဲယင်းမြို့နယ်သည် ဒေသကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းပြီး စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ပေါ်နှင့် စိုင်ပြင်မြို့တို့တွင် တပ်စွဲထားကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူ ၁ ဒသမ ၉ သန်းကျော် ရှိသည့်အနက် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး လူဦးရေ ၈ သိန်းကျော်ပါဝင်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးရုံးက စက်တင်ဘာ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။