သတင်း

ရဲအချုပ်အတွင်း နှိပ်စက်၍သေဆုံးသည်ဆိုသော စွပ်စွဲချက် စခန်းမှူးငြင်းဆို

စက်လှေခိုးမှုဖြင့် စွပ်စွဲခံရသူ ၂၇ အရွယ်အမျိုးသားတစ်ဦးမှာ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ မြင်းကကုန်းရဲစခန်းအချုပ်ရောက်ပြီး သုံးရက်မြောက်နေ့တွင် သေဆုံးသွားခြင်းမှာ ရဲအချုပ်မရောက်မီ ပြင်ပဒဏ်ရာများကြောင့်ဟု အဆိုပါရဲစခန်းတာဝန်ရှိသူက ပြောသည်။ 

အချုပ်သား ကိုကျော်သက်ဦး သေဆုံးရခြင်းမှာ တာဝန်ကျရဲများက အချုပ်အတွင်း ရိုက်နှက်နှိပ်စက်စစ်ဆေးသောကြောင့်ဟု သေဆုံးသူ၏ မိသားစုဝင်များက စွပ်စွဲပြောဆိုသော်လည်း မြင်းကကုန်းရဲစခန်းမှူး ရဲအုပ်ဇော်မျိုးထက်က ငြင်းဆိုသည်။

“ကျွန်တော်တို့ကတော့ သေလောက်တဲ့အဆင့်အထိ ရိုက်နှက်စစ်ဆေးခဲ့တာ မရှိဘူး” ဟု ၎င်းကပြောသည်။

သြဂုတ် ၇ တွင် ဘိုကလေးမြို့နယ်တရားရုံး၌ ချုပ်ရက်ရမန်ယူပြီး ကိုကျော်သက်ဦးကို ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ရဲအုပ်ဇော်မျိုးထက်ကဆိုသည်။

ညိုမည်းဒဏ်ရာများဖြင့် သေဆုံးသွားသူ ကိုကျော်သက်ဦးသည် ရဲစခန်းအချုပ်သို့ မရောက်ခင်ပင် ၎င်း၏မျက်နှာ၊ မေးစေ့၊ ပါးတို့တွင် သွေးစို့ပြီး ဖူးရောင်နေသည့် ဒဏ်ရာများ ပါလာခဲ့သည်ဟု ၎င်းက ပြောသည်။ 

ယင်းဒဏ်ရာများသည် သေစေနိုင်လောက်သည့် ဒဏ်ရာများမဟုတ်သဖြင့် ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးကာ လက်ခံခဲ့သည်ဟု ရဲအုပ်ဇော်မျိုးထက်က ပြောသည်။

၎င်းပြောသည့် ဒဏ်ရာများကို စစ်ဆေးထားသည့် ဓာတ်ပုံသက်သေများရှိမရှိ Myanmar Now ကမေးရာ မှောင်နေသဖြင့် ဓာတ်ပုံမရိုက်ထားခဲ့ရဟု ဆိုသည်။

၎င်းတာဝန်ကျနေသည့် ရက်လေးဆယ်ခန့်အတွင်း စက်လှေပျောက်ဆုံးမှုဖြင့် တိုင်ကြားမှု သုံးမှုရှိပြီး ပစ္စည်းပျောက်သော်လည်း စခန်းသို့ လာရောက်မတိုင်ကြားသူများလည်းရှိနေသည်ဟု ရဲအုပ်ဇော်မျိုးထက်က ပြောသည်။

သေဆုံးသူ၏ ခန္ဓာကိုယ် ရင်ခွဲရုံရောက်ပြီး မခွဲစိတ်ခင်ရိုက်ကူးထားသည့် ဓာတ်ပုံများကို ဖခင်ဦးဖိုးလုံးက ပြသခဲ့ရာ ဒူးခုံညင်းနှစ်ဖက်တွင် သုံးလက်မခန့် ချိုင့်ဝင်ပြီး ညိုမည်းနေသည့်အပြင် ပေါင်ကြွက်သား၊ လည်ပင်း၊ မေးစေ့နှင့် လက်ချောင်းများတွင်လည်း ဖူးရောင်ညိုမည်းနေသည်ကို တွေ့ရသည်။

“သူတို့က မနှိပ်စက်ဘူးပဲပြောပြော နှိပ်စက်တယ်ပဲပြောပြော ဒီဒဏ်ရာတွေက သက်သေပဲလေ” ဟု သေဆုံးသူ၏ဖခင် ဦးဖိုးလုံးက ပြောသည်။

သေဆုံးသူ၏ ကိုယ်တွင်တွေ့ရသည့် ဒဏ်ရာများနှင့်ပတ်သက်၍ ရင်ခွဲစစ်ဆေးခဲ့သည့် မြင်းကကုန်းကျေးရွာဆေးရုံအုပ်ထံ သွားရောက်မေးမြန်းရာတွင် ဆေးရုံအုပ်ဖြစ်သူ ခရီးသွားနေသည်ဟု ဆေးရုံသူနာပြုများက ဆိုသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ မြင်းကကုန်းရဲစခန်းမှူး ရဲအုပ်ဇော်မျိုးထက် (ဓာတ်ပုံ – ဖြိုးထက်အောင်/ Myanmar Now)

မြင်းကကုန်းကျေးရွာတစ်ဖက်ကမ်းရှိ စက်လှေပိုင်ရှင် ဦးအငယ်လေးက ၎င်း၏ စက်လှေခိုးယူသွားသည်ဆိုကာ ကိုကျော်သက်ဦးကို စက်လှေနှင့်အတူ ဖမ်းဆီးပြီး မြင်းကကုန်းရဲစခန်း၌ ဩဂုတ် ၆ တွင် ခိုးမှု ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ခဲ့သည်။

စက်လှေခိုးမှုဖြင့် အမှုဖွင့်ပြီး တစ်နာရီခန့်အကြာတွင် ၎င်းနှင့် ဆွေမျိုးတော်စပ်သည်ဟု သိရှိရသည့်အပြင် စက်လှေလည်း ပြန်တွေ့သဖြင့် အမှုပြန်ပိတ်ခဲ့သော်လည်း ရဲစခန်းက အမှုပိတ်မပေးခဲ့ကြောင်း အမှုဖွင့်သူ ဦးအငယ်လေးက ဆိုသည်။

အမှုဖွင့်အပ်နှံစဉ် သေဆုံးသွားသူ၏ကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာဒဏ်ချက်မျှ မရှိကြောင်း ကိုယ်တိုင်ဖမ်းဆီးအမှုဖွင့်ခဲ့သူ ဦးအငယ်လေး၏ဇနီး ဒေါ်သူဇာ ပြောထားသည်ကို ဒေသခံတစ်ဦးထံမှ ရရှိသည့် ဗီဒီယိုတစ်ခုတွင် တွေ့ရသည်။

“သူ့ကို ကျွန်မတို့သင်္ဘောနဲ့တွေ့တယ်။ သူ့ကို ကျွန်မတို့ခေါ်လာတယ်။ ခေါ်လာပြီးတော့ ကျမတို့ ရဲလက်ထဲအပ်လိုက်တယ်။ ကျမတို့ ထိုးတာ ကြိတ်တာ ဘာမှမရှိပါဘူး။ ဘာမှ မလုပ်ပါဘူး။ ရဲလာမှ ကျွန်မတို့ သင်္ဘောပေါ်တင်ပေးလိုက်တယ်။ ခေါ်စစ်လို့ရပါတယ်” ဟု စက်လှေပိုင်ရှင်၏ ဇနီးက ပြောဆိုထားသည်။

ယင်းစက်လှေပိုင်ရှင်မိသားစုကို Myanmar Now က တွေ့ဆုံမေးမြန်းခွင့် မရခဲ့ပါ။ 

မြင်းကကုန်းရဲစခန်းအချုပ်တွင် ရဲအုပ်ဇော်မျိုးထက်သည် ရိုက်နှက်စစ်ဆေးမှုကို ဦးဆောင်ပြုလုပ်သူဟု သေဆုံးသူနှင့်အတူ အချုပ်အတွင်း တစ်ညနှင့်နှစ်ရက်နေခဲ့ရသည့် ၆၆ နှစ်အရွယ် မြင်းကကုန်းရွာသား ဦးကျော်သောင်းက ပြောသည်။

“အဲ့ဒီကောင် မသေခင်မှာ အော်လိုက်တာ ‘အမလေးဗျ’ ဆိုပြီး အော်လိုက်တာ ပတ်ဝန်းကျင်တစ်ခုလုံး ကြားတယ်” ဟု ၎င်းကပြောသည်။

ကိုကျော်သက်ဦးကို ဩဂုတ် ၁၁ တွင် သင်္ဂြိုဟ်ခဲ့ပြီး ၎င်းသည် ရဲအချုပ်၌ သေဆုံးသွားသဖြင့် ရဲ၌သာ အပြည့်အဝတာဝန်ရှိသည်ဟု ၎င်း၏နာရေးကို လိုက်ပါပို့ဆောင်ကြသည့် မြင်းကကုန်းကျေးရွာသားများက ပြောသည်။ 

ကိုကျော်သက်ဦးသည် ၂၀၁၅ တွင် စစ်တပ်ထဲဝင်ခဲ့ပြီး ကိုယ်ပိုင်နံပါတ် တ-၅၁၂၇၀၄ ဖြင့် ဗဟန်း ၉၀၅ တပ်တွင် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ပြီး ရွာသို့ပြန်ရောက်သည်မှာ တစ်လကျော်သာရှိသေးကြောင်း ဒေသခံများက ပြောသည်။

အချုပ်သားသေဆုံးသွားသဖြင့် ရဲစခန်းတာဝန်ရှိသူများကို စစ်ဆေးရန် တိုင်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ရဲခုံရုံးအဖွဲ့က လာရောက်စစ်ဆေးပြီး ပြစ်မှုထင်ရှားပါက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခံရမည်ဖြစ်သည်။

Show More

Related Articles

Back to top button