သတင်း

ကျားဖောင်သို့ လူကုန်ကူးခံရသည့် ကိုမြတ်သူရထွန်းအမှု ကျူးလွန်သူနှစ်ဦး ထပ်မံဖမ်းမိ

ဒဂုံတက္ကသိုလ်ကျောင်းသား ကိုမြတ်သူရထွန်း ကျားဖောင်လုပ်ငန်းတစ်ခုသို့ လူကုန်ကူးခံရမှုတွင် ဝရမ်းပြေး ငါးဦးအနက် အဓိကကျူးလွန်သူ အမျိုးသမီးနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားသည်။

၂၃ နှစ်အရွယ် ကိုမြတ်သူရထွန်းသည် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ သဉ္ဇာထွန်းကျားဖောင်သို့ လူပွဲစားများ၏ ရောင်းစားခံရပြီး ပင်လယ်ပြင်ကျားဖောင်ပေါ်၌ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ဟုဆိုကာ ၎င်းကို လိမ်လည်ခေါ်ဆောင်သွားသူ ၆ ဦးနှင့် ဖောင်ဦးစီးကို လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ နှင့် ၃၂ တို့ဖြင့် ရန်ကုန်တိုင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ ဇန်နဝါရီ ၇ တွင် တရားစွဲဆိုတင်ခဲ့သည်။

လူကုန်တားရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့သူ ၇ ဦးအနက် လူကုန်ကူးရန် အားပေးကူညီသည့် အောင်ဗလခေါ် ဗလကြီးနှင့် ရိုက်နှက်ညှဉ်းးပန်းနှိပ်စက်သူ ဖောင်ဦးစီး ဦးကျော်အောင်တို့ကို ၂၀၁၉ နိုဝင်ဘာလကုန်ပိုင်းက နှစ်ဦးကို ကနဦးဖမ်းဆီးရမိခဲ့ပြီး ကျန်ငါးဦးကို ဝရမ်းပြေးအဖြစ် ကြေညာခဲ့သည်။ 

ထို့နောက် ကိုမြတ်သူရထွန်းကို လိမ်လည်ခေါ်ဆောင်သွားသူနှစ်ဦးအနက် တစ်ဦးဖြစ်သူ ဇူးဇူး (ခေါ်) အန်းကုန်း (ခေါ်) ဘဲကွဲနှင့် လူကုန်ကူးရာတွင် အဓိကပတ်သက်နေသည့် ဒေါ်နိုင်နိုင်ကျော်ကို ယခုနှစ်ဇူလိုင်တွင် အမျိုးသမီးနှစ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။  

၎င်းတို့နှစ်ဦးကို အနောက်ပိုင်းခရိုင်တရားရုံးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅ ဖြင့် လာမည့် ဩဂုတ် ၁၉ တွင် စတင်စစ်ဆေးမည်ဟု တရားရုံး၏ သတင်းမီဒီယာ ပြန်ကြားရေးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောသည်။

ကိုမြတ်သူရထွန်းကို လိမ်လည်ခေါ်ဆောင်သွားသူ နောက်တစ်ဦးဖြစ်သည့် ဝရမ်းပြေး မအေးသက်မာ (ဒေါ်နိုင်နိုင်ကျော်၏သမီး) နှင့် အားပေးကူညီသူ အမျိုးသားနှစ်ဦးကိုမူ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

ကိုမြတ်သူရထွန်းသည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းခုံးတံတား၌ ရှိနေစဉ် ၂၀၁၉ အောက်တိုဘာ ၂ ရက်တွင် ပျောက်ဆုံးသွားခဲ့ပြီး နိုဝင်ဘာ ၁၉ ၌ မိသားစုက ၎င်းကို ဒဏ်ရာဒဏ်ချက်များနှင့်အတူ ပြန်လည်တွေ့ရှိခဲ့သည်။ 

၎င်းကို အမျိုးသမီးနှစ်ဦးက တစ်လ ငွေ ကျပ်သိန်း ၂၀ ခန့်ရသော အလုပ် လုပ်ရမည်ဆိုကာ ၎င်းတို့ နေထိုင်ရာ ဒလမြို့သို့ အရင်ခေါ်သွားခဲ့ပြီးနောက် ကြိုတင်လုပ်အားခ ကျပ် ခုနစ်သိန်းကို ထုတ်ယူ၍ ဖျာပုံမြို့နယ်ရှိ သဉ္ဇာထွန်းကျားဖောင်သို့ ရောင်းစားခဲ့ခြင်းဖြစ်သည်။

ကိုမြတ်သူရထွန်းသည် ကျားဖောင်ပေါ်တွင် ၄၈ ရက်ကြာ အလုပ်လုပ်ကိုင်ခဲ့ရပြီး မိသားစုက ၎င်းကို ရှာတွေ့ချိန်တွင် ဘယ်ဘက်လက် ကျိုးနေပြီး နားတစ်ဖက်ကွဲကာ ခြေလက်များ ဖူးရောင်လျက်ရှိသည်။ 

၎င်းကို အလုပ်ခိုင်းစေခဲ့သည့် ဖောင်ဦးစီး ဦးကျော်အောင်သည် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ရဲအချုပ်ခန်းတွင်ပင် ဦးနှောက်သွေးကြောပေါက်ကာ သေဆုံးခဲ့သဖြင့် တရားရင်ဆိုင်ရခြင်း မရှိဘဲ အောင်ဗလ (ခေါ်) ဗလကြီးမှာ ခုနစ်လကျော် တရားရင်ဆိုင်ပြီးနောက် ယခုနှစ် ဩဂုတ် ၅ တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၅/၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ချမှတ်ခံရသည်။ 

လူကုန်ကူးမှု ပုဒ်မ ၂၅ မှာ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင် ၅ နှစ်မှ ၁၀ နှစ်ထိ ချမှတ်နိုင်ပြီး အားပေးကူညီမှု ၃၂ မှာ ၎င်းအားပေးကူညီသည့် ပုဒ်မ၏ ပြစ်မှုပြစ်ဒဏ်အတိုင်းလည်း ချမှတ်နိုင်သလို တရားသူကြီး၏ ဆင်ခြင်တုံတရားပေါ် မူတည်၍လည်း ချမှတ်နိုင်သည်။ 

ကိုမြတ်သူရထွန်း ကျားဖောင်ငရဲခန်းမှ ပြန်လည်လွတ်မြောက်လာပြီးနောက် ၎င်း၏ဖော်ထုတ်ချက်ဖြင့် ကျားဖောင်သို့ လူကုန်ကူးခံရသော ၎င်း၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦးလည်း ထပ်မံလွတ်မြောက်ခဲ့သည်။ 

ထို့အပြင် ကျားဖောင်လုပ်ငန်းတွင် အလုပ်သမားများ နှိပ်စက်ခံရမှု အမြောက်အမြားကို နစ်နာသူများက မီဒီယာသို့ ဆက်သွယ်ပြောဆိုမှုများ ရှိခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကလည်း ဖျာပုံရှိ ကျားဖောင်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီး ကျားဖောင်လုပ်ငန်းနှင့် ပတ်သက်သည့် ဥပဒေများကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်မည်ဟု ပြောကြားထားသည်။

Show More

Related Articles

Back to top button