
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ကိုယ်စားလှယ်လောင်းစာရင်းများကို ယနေ့ (ဩဂုတ် ၁၂) ထုတ်ပြန်ခဲ့ရာ မျက်နှာသစ်ကိုယ်စားလှယ်လောင်း ထက်ဝက်ကျော်ပါဝင်လာခဲ့သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း ၁,၁၂၉ ဦး ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးထားပြီး လူဟောင်း ၄၃ ရာခိုင်နှုန်းကျော် (၄၉၅ ဦး) နှင့် မျက်နှာသစ် ၅၆ ရာခိုင်နှုန်းကျော် ပါဝင်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါ်နန်းမြမြမီမီဇော်က Myanmar Now ကို အတည်ပြုပြောကြားသည်။
တပ်မတော်မှအငြိမ်းစားယူကာ ပါတီသို့ကူးပြောင်းပြီး ရွေးကောက်ပွဲဝင်ပြိုင်မည့်သူ ၁၀ ဦး စွန်းစွန်းသာရှိပြီး တိုင်းရင်းသားများကို ဦးစားပေးသည့်အနေဖြင့် ပြည်နယ်မဲဆန္ဒနယ် ၂၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ဝင်မပြိုင်မည့်နေရာများတွင် ရှမ်းပြည်နယ်တောင်ပိုင်း၌ ၁၃ နေရာဖြင့်အများဆုံးဖြစ်ကာ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ၃ နေရာစီ၊ ရှမ်းမြောက်နှင့် မန္တလေးတိုင်းတွင် ၁ နေရာစီနှင့် ရန်ကုန်တွင် ၂ နေရာဖြစ်သည်။
ပြည်ခိုင်ဖြိုး၏ မိတ်ဖက်မူဝါဒအရ ဝင်မပြိုင်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း မည်သည့်ပါတီများနှင့် မိတ်ဖက်ပြုထားသည်ကိုမူ ဒေါ်နန်းမြမြမီမီဇော်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
“သူတို့(တိုင်းရင်းသား) အားကောင်းတဲ့နေရာ၊ သူတို့ပိုစွမ်းဆောင်နိုင်တဲ့နေရာတွေကို မပြိုင်တာပါ” ဟု ၎င်းက ဆိုသည်။
ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်အရ ပြည်ခိုင်ဖြိုးနှင့် ပူးတွဲကြေညာချက်များထုတ်လေ့ရှိသည့် ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်ဝင်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးက ဝင်ပြိုင်မည်မဟုတ်ဟု သိရသည်။
ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းစာရင်းတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့်အတူ ပြီးခဲ့သည့်အစိုးရလက်ထက်က ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတာဝန်ယူခဲ့သူများ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်ဟောင်းအချို့လည်း ပါဝင်ခဲ့သည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှာ နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ်၊ ဒုဥက္ကဋ္ဌ ၂ ဦးခင်ရီမှာ ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်၊ ဒုဥက္ကဋ္ဌ ၃ ဦးလှထွန်းမှာ စစ်ကိုင်းတိုင်းလွှတ်တော် ခန္တီး (၁) မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပါတီဗဟိုအတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်သည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်မှ ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။
ဥက္ကဋ္ဌဟောင်း ဦးဌေးဦးမှာ ဧရာဝတီတိုင်း ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မည်ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဖြစ်သည်။

ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ၎င်း၏မဲဆန္ဒနယ်ဟောင်းဖြစ်သည့် မင်းကင်းမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဦးသိန်းထွန်းက ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှလည်းကောင်း၊ ဦးစိုင်းသိန်းထွန်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှလည်းကောင်း ဝင်ရောက်ရွေးကောက်ခံကြမည်ဖြစ်သည်။
ဗဟိုအတွင်းရေးမှူးများဖြစ်သော ဦးပိုက်ထွေးက မကွေးတိုင်း ကံမမဲဆန္ဒနယ်မှလည်းကောင်း၊ ဦးတင်အောင်ချစ်က အောင်လံမဲဆန္ဒနယ်မှလည်းကောင်း ဝင်ပြိုင်မည်ဖြစ်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဒေါက်တာနန္ဒာလှမြင့်နှင့် ဦးသိန်းထွန်းဦးတို့သည် ကလောနှင့် အမရပူရမြို့နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်သည် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်တို့နှင့်အတူ ယခင်အစိုးရလက်ထက် ဝန်ကြီးနှင့် ဒုဝန်ကြီးဟောင်းများဖြစ်သည့် ဦးခင်မောင်စိုး၊ ဦးအေးမြင့်ကြူ၊ ဦးဉာဏ်ထွန်းအောင်၊ ဒေါက်တာကံဇော်၊ ဦးသူရိန်ဇော်၊ ဦးတင်ငွေ၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာမောင်မောင်ဌေးတို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းသည် ဇီးကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်သည် အင်္ဂပူမြို့နယ်၊ ကချင်ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းသည် ကချင်ပြည်နယ် အမှတ် ၁၀ မဲဆန္ဒနယ်၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်းသည် မင်းတပ်မဲဆန္ဒနယ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစိုင်းအောင်မြတ်သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ရဒေသ၊ ရခိုင်ယာယီဝန်ကြီးချုပ်ဟောင်း ဦးမြအောင်က မောင်တောမဲဆန္ဒနယ်မှ အသီးသီး ဝင်ပြိုင်မည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက စုစုပေါင်းကိုယ်စားလှယ်လောင်း ၁,၁၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၈၈၆ ဦး အနိုင်ရရှိခဲ့ကာ ပြည်ခိုင်ဖြိုးပါတီက ၁,၁၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ပြီး ၁၁၇ ဦး အနိုင်ရခဲ့သည်။
(Myanmar Now ၏ အချက်အလက်စစ်ဆေးသည့် သတင်းထောက် သော်ဇင်မျိုး ပူးပေါင်းရေးသားသည်။)