အတွေးအမြင်

ကွန်မြူနစ်နိုင်ငံများနှင့် ပလူးပလဲ မင်းအောင်လှိုင်၏ “အာဏာနီ” တည်ဆောက်ခြင်း

ကွန်မြူနစ်ဆန့်ကျင်ရေး မျိုးဗီဇ (Anti-Communism DNA) ဖြင့် မွေးဖွားလာသော မြန်မာစစ်တပ်သည် သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံး စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်တွင် “ဗီဇပြောင်းစစ်တပ် ဖြစ်သွားခဲ့ပြီလား” ဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

မြန်မာ့လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်း၌ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) ကို အပြင်းအထန် တိုက်ခိုက်ချေမှုန်းပြီး၊ ကွန်မြူနစ်ဆန့်ကျင်ရေးကို အကျယ်လောင်ဆုံး ကြွေးကြော်ခဲ့သော မြန်မာစစ်တပ်သည် ယခုအခါ တစ်ကမ္ဘာလုံးက ဖယ်ကြဉ်ခြင်းခံထားရသော ကွန်မြူနစ်အာဏာရှင်နိုင်ငံများနှင့် ပလူးပလဲပေါင်းဖက်ရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းလိုက်ကတည်းက နိုင်ငံတကာအသိုက်အဝန်း၏ ပြစ်တင်ရှုတ်ချ ဖယ်ကြဉ်ခြင်းခံနေရသော မင်းအောင်လှိုင်သည် ကမ္ဘာ့မိသားစုထဲ လူရာမဝင်သော မြောက်ကိုရီးယား၊ ရုရှားနှင့် ဘယ်လာရုစ်ကဲ့သို့ ကွန်မြူနစ်အာဏာရှင်နိုင်ငံများအသိုင်းအဝိုင်းထဲ ဝင်ဆံ့နိုင်ရေး ကြိုးပမ်းလာသည်။

မြောက်ကိုရီးယားနှင့် သံတမန်ပြန်လည်ဆက်သွယ်ခြင်း

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံဆိုင်ရာ စစ်ကောင်စီခန့် သံအမတ် ဦးတင်မောင်ဆွေကို မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ပူးတွဲခန့်အပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) က အရေးယူပိတ်ဆို့ထားသော မြောက်ကိုရီးယားအစိုးရပိုင် Korea Mining Development Trading Corporation (KOMID) နှင့် ပတ်သက်မှုရှိနေသော ရန်ကုန်မြို့ရှိ မြောက်ကိုရီးယားသံရုံး၏ သံအမတ် Kim Sok Chol ကို ထိုအချိန်က ပူပူနွေးနွေး အာဏာရလာသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရက UNSC ဆုံးဖြတ်ချက်များ လိုက်နာသည့်အနေဖြင့် တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ချမှတ်ခဲ့သော UNSC ၏ ဆုံးဖြတ်ချက်အမှတ် ၂၂၇၀ ၏ အပိုဒ် ၁၃ တွင် မြောက်ကိုရီးယားအစိုးရကို ကိုယ်စားပြုသော သံတမန်တစ်ဦးဦးသည် လုံခြုံရေးကောင်စီက အရေးယူထားသော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို အရေးယူပိတ်ဆို့မှုများမှ ရှောင်ရှားနိုင်စေရန် ကူညီခဲ့လျှင် သို့မဟုတ် ချိုးဖောက်ခဲ့လျှင် အဆိုပါ သံတမန်ကို သက်ဆိုင်ရာနိုင်ငံက နှင်ထုတ်ရမည်ဟု ပါရှိသည်။

အလားတူ ၂၀၁၇ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ရန်ကုန်အခြေစိုက် မြောက်ကိုရီးယားသံရုံးမှ ဒုတိယအတွင်းဝန် Kim Chol Nam ကို KOMID နှင့် ပတ်သက်ဆက်နွှယ်မှု တွေ့ရှိရသဖြင့် နှင်ထုတ်ပြန်သည်။

မြောက်ကိုရီးယားအစိုးရပိုင် KOMID သည် ကမ္ဘာတစ်လွှား လက်နက်တရားမဝင်တင်ပို့ ရောင်းချခြင်း အပါအဝင် UNSC အရေးယူ ပိတ်ဆို့တားမြစ်ထားသော လုပ်ငန်းများကို ၎င်း၏ နိုင်ငံရပ်ခြားသံရုံးများရှိ သံတမန်များကို အသုံးပြုပြီး လုပ်ကိုင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်ရာတွင် နိုင်ငံတကာသံတမန်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုဖြစ်သော Vienna Conventions on Diplomatic and Consular Relations က ပေးအပ်ထားသည့် သံတမန်ကင်းလွတ်ခွင့်၊ အကာအကွယ်ပေးသည့် အခွင့်အရေးများကို အသုံးချနေသည်။

ယခင်စစ်အစိုးရလက်ထက် မြန်မာစစ်တပ်၏ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး (Directorate of Defense Industries – DDI) သည် မြောက်ကိုရီးယားထံမှ လက်နက်ဝယ်ယူခဲ့သည့်အတွက် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ခဲ့ဖူးပြီး၊ မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် DDI ကို ထပ်မံ အရေးယူပိတ်ဆို့ခဲ့သည်။

မင်းအောင်လှိုင်သည် မြောက်ကိုရီးယားနှင့် သံအမတ်အဆင့် သံတမန်ပြန်လည်ဆက်သွယ်လိုက်ခြင်းဖြင့် မြောက်ကိုရီးယားအပေါ် အယူရေးပိတ်ဆို့တားမြစ်ချက်များကို မြန်မာနိုင်ငံက လိုက်နာအကောင်အထည်ဖော်ခြင်းရှိမရှိ ဆိုသည့် စိုးရိမ်ချက်မျိုး UNSC အတွင်း ပြန်လည်ဖြစ်ပေါ်လာစေရန် တမင်လုပ်ဆောင်လိုက်ခြင်း ဖြစ်နိုင်ပါသည်။ ဤနည်းဖြင့် ၎င်းကို ကုလသမဂ္ဂက အသိအမှတ်ပြုလာစေရန် ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်ပါသည်။

ကမ္ဘာကြီးက ဖယ်ကြဉ်ထားသော ရုရှားသမ္မတကို မြှောက်ပင့်ပေါင်းနေရသူ

ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို အပြည့်အဝထောက်ခံပြီး၊ သမ္မတပူတင်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးအဖြစ် ချီးကျူးခဲ့သော မင်းအောင်လှိုင်ကို ကမ္ဘာကြီးက အရေးမစိုက်ခဲ့ပါ။ အကြောင်းမှာ မင်းအောင်လှိုင်ကို မည်သည့်နိုင်ငံကမျှ မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံအကြီးအကဲအဖြစ် အသိအမှတ်မပြု၍ ဖြစ်ပါသည်။

သို့သော် မင်းအောင်လှိုင်အတွက် ရုရှားက အလွန်အရေးပါလှသည်။ ကိုယ့်ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်နေသော၊ နိုင်ငံတကာလက်မခံသော ကြီးလေးသည့် စစ်ရာဇဝတ်မှုများကို စိတ်ထင်တိုင်း ကျူးလွန်နေသော မင်းအောင်လှိုင်သည် ရုရှားအားကိုးဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာစစ်တပ်ကို အရေးမယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

သို့သော် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း စစ်နိုင် အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့သော ရုရှားသည် ယူကရိန်းကျူးကျော်စစ်ကြောင့် တစ်ကမ္ဘာလုံး၏ ဖယ်ကြဉ်ခြင်းခံထားရပြီး၊ သမ္မတပူတင်သည် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ၏ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသဖြင့် ပြည်ပခရီး မထွက်ရဲပေ။

မကြာသေးခင်က တောင်အာဖရိကနိုင်ငံတွင် ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးနှင့် အိန္ဒိယနိုင်ငံတွင် ကျင်းပသော G20 ထိပ်သီးအစည်းအဝေးများသို့ ပူတင် တက်ရောက်နိုင်ခြင်းမရှိခဲ့ပါ။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ချိုးဖောက်ပြီး ယူကရိန်းကို ကျူးကျော်စစ်ခင်းလျက်ရှိသော ရုရှားနှင့် ကိုယ်တိုင်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်တို့ ဘဝတူများအဖြစ် မကြာသေးခင်က ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ သွားရောက်ခဲ့သော စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက တန်းညှိမိတ်ဖွဲ့ခဲ့ပြန်သေးသည်။

သန်းဆွေ၏ ရုရှားခရီးစဉ်အတွင်း သမ္မတပူတင်က လက်ခံတွေ့ဆုံခြင်းမရှိခဲ့ပါ။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလတ်ဗ်ရော့နှင့်သာ တွေ့ဆုံခဲ့ရသည်။

ဘယ်လာရုစ်၏ လက်နက်ဖောက်သည်ကြီး မင်းအောင်လှိုင်

ဘယ်လာရုစ်အာဏာရှင် သမ္မတ အလက်ဇန်ဒရာ လူကာရှင်ကိုသည် ရုရှားသမ္မတပူတင်၏ ရှားရှားပါးပါး အိမ်နီးချင်းမဟာမိတ်ဖြစ်ပြီး၊ ယူကရိန်းနိုင်ငံကျူးကျော်စစ်တွင် ရုရှားတပ်များကို ဘယ်လာရုစ်နယ်မြေကို အသုံးပြုခွင့်ပေးခဲ့သဖြင့်၊ ရုရှားနှင့်အတူ နိုင်ငံတကာအသိုက်အဝန်းက ဖယ်ကြဉ်ထားသူ ဖြစ်သည်။

စစ်ကောင်စီတွင် ဘယ်လာရုစ်နှင့် ပေါင်းဖက်ရသည့် အဓိကအကြောင်းရင်း ၂ ချက်ရှိသည်။ ပထမတစ်ချက်မှာ ဘယ်လာရုစ်မှ ရုရှားလုပ် စစ်လက်နက် တစ်ပတ်ရစ်များကို ဝယ်ယူနိုင်ခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ကုလသမဂ္ဂတွင် လက်ချိုးရေတွက်၍ရသော စစ်ကောင်စီလိုလားသည့် နိုင်ငံများထဲ ဘယ်လာရုစ်က ထိပ်ဆုံးမှ ပါဝင်နေခြင်းပင်။

မြန်မာစစ်တပ်၏ စစ်ရေးပြအခမ်းအနားတွင် ထုတ်ပြလေ့ရှိသော Kvadrat-M SAM လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်းကို ဘယ်လာရုစ်နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်သော Kvadrat-M SAM Air Defense System

Kvadrat-M SAM လေကြောင်းရန်ကာကွယ်ရေး ဒုံးပျံအစင်းရေ ၁၀၀ ကို ၂၀၁၄-၁၆ ခုနှစ်အတွင်း၌လည်းကောင်း၊ Mi 24P နှင့် Mi 35P တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်းကို ၂၀၁၈-၁၉ ခုနှစ်အတွင်း၌လည်းကောင်း ဘယ်လာရုစ်နိုင်ငံက ပေးပို့ခဲ့ကြောင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းအခြေစိုက် Stockholm International Peace Research Institute (SIPRI) ၏ အချက်အလက်များအရ လေ့လာ သိရှိရသည်။ 

ရင်းမြစ်။  ။ SIPRI Arms Transfers Database | SIPRI

မင်းအောင်လှိုင်သည် ၎င်း၏ဆရာ သန်းရွှေထက်ပင် ကမ္ဘာကြီး၏ ဖယ်ကြဉ်ဒဏ်ခတ်ခြင်းနှင့် ပို၍ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသည်။ ဒေသတွင်း အာဆီယံအဖွဲ့ကြီးကပါ အသိအမှတ်ပြု ဆက်ဆံခြင်းမရှိပါ။ ထို့ကြောင့် အာဆီယံကို ကျော်၍ ဒေသအပြင်ဘက် ကွန်မြူနစ်အာဏာရှင်တို့ကို ရှာဖွေမိတ်ဖွဲ့နေရသည်။

မင်းအောင်လှိုင်၏ ဖြုတ်-ထုတ်-ရှင်း အာဏာနီ တည်ဆောင်ခြင်း

မင်းအောင်လှိုင်သည် မြောက်ကိုရီးယား၊ ရုရှားနှင့် ဘယ်လာရုစ်ကဲ့သို့ ကွန်မြူနစ်အာဏာရှင်များနှင့် ဝင်ရိုးတန်းမဟာမိတ်ဖွဲ့လာသည့်နည်းတူ ပြည်တွင်း၌ ၎င်း၏ခေါင်းဆောင်မှု ကျဆုံးနေခြင်းအပေါ် စစ်ကောင်စီအသိုင်းအဝိုင်းအတွင်းပင် ဝေဖန်မှုများ မြင့်တက်လာသဖြင့် ဖြုတ်-ထုတ်-ရှင်း “အာဏာနီ” တည်ဆောက်လာသည်ကို တွေ့ရှိနေရသည်။

စင်စစ် “အာဏာနီ” ဆိုသည်မှာ ကွန်မြူနစ်လောကတွင်သာ ခေတ်စားသော ဝေါဟာရဖြစ်ပြီး၊ မြန်မာစစ်တပ်ကဲ့သို့ ကွန်မြူနစ်ဆန့်ကျင်ရေးမျိုးဗီဇရှိသော ရပ်ဝန်းနှင့် လားလားမျှ မသက်ဆိုင်ဟု ဆိုနိုင်ပါသည်။

သို့သော် လက်ရှိ မြန်မာစစ်တပ်သည် နိုင်ငံတစ်ခုတွင် ရှိရမည့် နိုင်ငံသူနိုင်ငံသားများ၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် သစ္စာအဓိဋ္ဌာန်ပြုနေသော စစ်တပ် လုံးဝ မဟုတ်တော့ပါ။ မင်းအောင်လှိုင်၏ ခါးပိုက်ဆောင်တပ် လုံးလုံးလျားလျား ဖြစ်သွားချေပြီ။

အဆိုပါ ခါးပိုက်ဆောင်တပ်အတွင်း လတ်တလော ဖြုတ်-ထုတ်-ရှင်းပွဲသည် အာဏာသိမ်းစဉ် အဓိက ပါဝင်အသုံးတော်ခံခဲ့ကြသော ထိပ်တန်း ဒု-ဗိုလ်ချုပ်ကြီးနှစ်ဦးနှင့် ဗိုလ်မှူးချုပ်တစ်ဦးတို့၏ လာဘ်စားပွဲကြီး အပုပ်နံလှိုင်လှိုင်ထွက်လာပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာယုံကြည်သူများ ဆိုပါက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းကျူးလွန်ထားခြင်းမရှိသော လာဘ်စားမှုများဖန်တီးပြီး အကျဉ်းချခဲ့သော စစ်ခေါင်းဆောင်များ၏ ဘဝမကူး ဝဋ်လည်ခြင်းဟု ပြောကြပေလိမ့်မည်။

ခရိုနီလုပ်ငန်းရှင် မောင်ဝိတ်က လာဘ်ပေးခြင်းမဟုတ်၊ အများပြည်သူအကျိုး ဆောင်ရွက်နေသော ဖောင်ဒေးရှင်းသို့ လှူဒါန်းခြင်းသာဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုသည့်တိုင်အောင် အမုန်းတရားကြီးသော မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့သည်။ ယခု သူယုံကြည်မှုအရှိဆုံး ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ဖြုတ်-ထုတ်-ရှင်း လုပ်ခဲ့ရပြီ။

မင်းအောင်လှိုင် ကိုယ်တိုင် လာဘ်စားမှုမှ ကင်းပါလေစ။

မင်းအောင်လှိုင်၏ ဇနီး ကြူကြူလှသည် မင်းအောင်လှိုင်၏ နိုင်ငံ့ဝန်ထမ်းလစာဖြင့် ဝယ်ပေးရန် မည်သို့မျှ မဖြစ်နိုင်သော ကမ္ဘာ့ဈေးအကြီးဆုံး Louis Vuitton လက်ကိုင်အိတ်များ သုံးစွဲခြင်း၊ စင်ကာပူသို့ ဈေးဝယ်ထွက်ခြင်း၊ သား အောင်ပြည့်စုံ၏ ကုမ္ပဏီက ဖခင်၏ အာဏာအရှိန်အဝါကြောင့် စီးပွားရေးအခွင့်ထူးခံ ရရှိနေခြင်း၊ သမီး ခင်သီရိသက်မွန်သည် ငွေကြေးအမြောက်အမြားသုံးစွဲကာ အနုပညာလောကမှ ထိပ်တန်း မင်းသား၊ မင်းသမီးများကို ငှားရမ်းပြီး ရုပ်ရှင်ထုတ်လုပ်ရေးဈေးကွက်ကို အုပ်စီးထားခြင်း စသည့် ငွေကြေးများ ရရှိခဲ့ပုံကို မည်သည့်အဖွဲ့အစည်းက စစ်ဆေးရဲသနည်း။

အမှန်စင်စစ် လတ်တလော ဖြစ်ပေါ်နေသော စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များကို ဖြုတ်-ထုတ်-ရှင်းပွဲသည် မင်းအောင်လှိုင်၏ “အာဏာနီ” တည်ဆောက်ရေး အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အာဏာသိမ်းမှု ၃ နှစ်အတွင်း ဝင်ရောက်လာချိန် ၎င်း၏ခေါင်းဆောင်မှု ကျဆုံးခန်း စစ်တပ်အတွင်း ထင်ထင်ရှားရှား ရှိလာချိန်တွင် အာဏာထိုင်ခုံမှ ပြုတ်မကျရေးအတွက် ကြိုးပမ်းမှုသာဖြစ်သည်။

ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် အပေါင်းပါများကို အရေးယူပြခြင်းဖြင့် ၎င်းသည် ကျောသားရင်သား မခွဲခြားဘဲ ပြတ်ပြတ်သားသား အရေးယူတတ်သော စစ်ခေါင်းဆောင်ဖြစ်ကြောင်း မင်းအောင်လှိုင် ပုံဖော်နေခြင်းသာ ဖြစ်သည်။

ထို့အတွက် စစ်ကောင်စီအတွင်း လာဘ်စားမှု ကင်းစင်သွားပြီလား၊ မင်းအောင်လှိုင်နှင့် ၎င်း၏မိသားစု လာဘ်စားမှု လုံးဝမရှိတော့ဘူးလားဟု မေးစရာ ဖြစ်လာသည်၊ စစ်ခေါင်းဆောင်များ အဆမတန်ချမ်းသာကြွယ်ဝမှုက သူတို့သည်လည်း အဂတိလိုက်စားမှုရှိနေကြောင်း သက်သေခံ၊ အဖြေပေးလျက်ရှိပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button