သတင်း

ရခိုင်ပြည်နယ်တွင် တပ်မတော်က ဖမ်းဆီးစစ်ဆေးနေသူတစ်ဦး ထပ်မံသေဆုံး 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ ဒေသခံရွာသားတစ်ဦးမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးပြီး သုံးရက်အကြာတွင် သေဆုံးခဲ့ပြီး ရုပ်အလောင်းကို လက်ခံရရှိခဲ့သည်ဟု မိသားစုဝင်များက Myanmar Now ကိုပြောသည်။ 

သေဆုံးသူမှာ မြောက်ဦးမြို့နယ် ခွဆုံကျေးရွာတွင် နေထိုင်သူ အသက် ၄၁ နှစ်အရွယ် ဦးစံရွှေလှိုင်ဖြစ်ပြီး ရက္ခိုင့်တပ်မတော် (AA) နှင့် ပတ်သက်သည်ဟူသော သံသယဖြင့် တပ်မတော်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ 

မြောက်ဦးမြို့ရှိ အစ်ကိုဖြစ်သူ၏ နာရေးသို့လာရောက်စဉ် ဩဂုတ် ၇ တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ဦးစံရွှေလှိုင်၏ ညီမဖြစ်သူ ဒေါ်ပုမချေက ပြောသည်။

“အလောင်းကတော့ ဆေးရုံကို ညနေ ၄ နာရီလောက်မှာ ရောက်တယ်။ ၃၇၇ တပ်ရင်းကနေပြီးတော့ ရဲကို အပ်လို့ ရဲပို့လာတာ။ ဒဏ်ရာတွေကတော့ ‌ခေါင်းတွေမှာတဲ့။ ကျွန်မ‌တော့ မကြည့်လိုက်ရဘူး။ ခန္ဓာကိုယ် ပုပ်ပွနေလို့ အစ်ကိုတွေက မကြည့်နဲ့တော့ဆိုလို့။ အစ်ကိုတွေတော့ သွားကြည့်ကြတယ်။ ခေါင်းကို သေနတ်ဒင်နဲ့ ထုထောင်းတာတွေ အဲဒီဒဏ်ရာတွေပါတယ်”ဟု ၎င်းက ဆိုသည်။

မျက်နှာ၊ နဖူးတွင်လည်း ထုထောင်းထားသည့်ဒဏ်ရာများဖြင့် ပုပ်ပွနေသည့်အလောင်းကို တွေ့ရှိခဲ့သည်ဟု အလောင်းကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ သေဆုံးသူ၏ ယောက်ဖတော်စပ်သူ ဦးဝင်းနိုင်က ပြောသည်။

မြောက်ဦးမြို့ရှိ တပ်ရင်းအမှတ် (၂)ဂိတ်တံခါးကို ဩဂုတ် ၇ ညပိုင်းက အမည်မသိလူတစ်ဦး လာရောက်တွန်းဖွင့်နေသည်ကို တွေ့ရှိသဖြင့် လုံခြုံရေးအဖွဲ့က စစ်ဆေးမေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသည့်အပြင် သေနတ်ဖြင့် နှစ်ချက် ခြောက်လှန့်ပစ်ခတ်ရာ ထွက်ပြေးသွားသောကြောင့် လိုက်လံဖမ်းဆီးခဲ့သည်ဟု တပ်မတော်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူမှာ ဦးစံရွှေလှိုင် (၄၁) နှစ် ဖြစ်ပြီး ၎င်းကို ဖမ်းဆီးရမိစဉ် အရက်မူးလွန်နေသဖြင့် စစ်ဆေး၍ မရဘဲ နောက်တစ်ရက်အကြာမှသာ စစ်ဆေးမေးမြန်းခဲ့ရပြီး ကနဦးစစ်ကြောမေးမြန်းချက်အရ AA တပ်သားအဆင့်ရှိသူဖြစ်ကြောင်းနှင့် ၎င်းကို အသေးစိတ်ထပ်မံစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး မြောက်ဦးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံမည်ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သေဆုံးသူမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးသာဖြစ်ပြီး AA နှင့် ပတ်သက်မှုမရှိကြောင်းနှင့် သေဆုံးမှုဖြစ်စဉ်ကို သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် စုံစမ်းစစ်ဆေးပေးစေချင်သည်ဟု ညီမဖြစ်သူ ဒေါ်ပုမချေက တောင်းဆိုသည်။ 

“ပထမအစ်ကိုတစ်ယောက်သေဆုံးလို့ ပူလောင်နေတာ မပြီးသေး၊ နောက်တစ်ယောက် ခုလိုဖြစ်သွားတော့ ကျွန်မတို့ရင်ထဲမှာ ဘယ်လိုခံစားရမလဲ စဥ်းစားကြည့်ပါ။ ပြီးတော့ ခု တပ်မတော်က ထုတ်ပြန်လိုက်တာကို ကျွန်မတို့ လက်မခံနိုင်ဘူး။ ကျွန်မတို့အစ်ကိုဟာ ရူးသွပ်နေတဲ့သူလည်းမဟုတ်၊ ဆိုးသွမ်းနေတဲ့သူလည်း မဟုတ်ဘူး။ အေအေနဲ့ ပတ်သက်နေတာလည်း မဟုတ်၊ အေအေတပ်သားလည်း မဟုတ်ဘူး ” ဟု ဒေါ်ပုမချေက ဆိုသည်။

ဖမ်းဆီးထားစဉ် သေဆုံးသွားသည်ဟု မိသားစုဝင်များ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

တပ်မတော်၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ဇူလိုင်မှ သြဂုတ် ၇ အထိ AA နှင့်ပတ်သက်သူ (သို့မဟုတ်) အမာခံ (သို့မဟုတ်) တပ်ဖွဲ့ဝင်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ ၂၄ ဦးအထိရှိပြီး စစ်ဆေးခံရသူများအနက် သေဆုံးခဲ့သူနှစ်ဦးမှာ AA နှင့် ပတ်သက်သူများဟု ဆိုသည်။ 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း တပ်မတော်၊ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရပြီး တရားစွဲခံထားရသူပေါင်း ၈၀၀ ကျော်အထိရှိနေသည်ဟု စစ်တွေမြို့အခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ဇွန်လနောက်ဆုံးပတ်တွင် Myanmar Now ကို ပြောဆိုထားသည်။

Show More

Related Articles

Back to top button