ရွေးကောက်ပွဲ

ဗကသများအဖွဲ့ချုပ်၏ မဲမပေးရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ NLD တာဝန်ရှိသူ တုံ့ပြန်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲကို အယုံအကြည်မရှိသောကြောင့် မဲမပေးရေးလှုပ်ရှားမှု ပြုလုပ်၍ ၂၀၂၀ ရွေးကောက်ပွဲကို သပိတ်မှောက်မည့် ဗကသအဖွဲ့ချုပ်၏ ရည်ရွယ်ချက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင်ခဲ့သည့် ၂၀၁၀ လှုပ်ရှားမှုသည် ရည်ရွယ်ချက်မတူဟု မန္တလေးတိုင်းပါတီဥက္ကဋ္ဌက ပြောသည်။

ဗမာတစ်ပြည်လုံးဆိုင်ရာ ဗကသများအဖွဲ့ချုပ်က ဩဂုတ် ၈ တွင် မန္တလေးရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့ချုပ်ရုံးခွဲ၌ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတိုင်းသည် စစ်အုပ်စု၏အကျိုးစီးပွားကို ကာကွယ်သည့် ရွေးကောက်ပွဲဖြစ်၍ အယုံအကြည်မရှိကြောင်း ပြောဆိုခဲ့သည်။

“၂၀၁၀ NLD ဦးဆောင်တဲ့ No Vote (မဲမပေးခြင်း) နဲ့ အနေအထား အများကြီးကွာတယ်။ အဲ့တုန်းက No Vote လုပ်တိုင်း လုပ်ရတာမျိုးမှ မဟုတ်တာ။ ရည်ရွယ်ချက်လည်းမတူဘူး ရှင်းရှင်းလေး။ ဟိုတုန်းက အနေအထားနဲ့ အခုအနေအထား တူမှမတူတာ …… ဒါ ဒီမိုကရေစီအစိုးရလေ။ လူထုတင်ထားတဲ့အစိုးရလေ။ အနေအထားအများကြီးကွာတယ်” ဟု NLD ပါတီ၏ မန္တလေးတိုင်းပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။

ဆန္ဒမဲမပေးခြင်းသည် ပြည်သူလူထု၏ အခွင့်အရေးဖြစ်သော်လည်း ပြည်သူလူထုလိုလားသည့် အစိုးရတစ်ရပ်တင်မြှောက်ရန် ဆန္ဒမဲပေးခြင်းက အရေးကြီးသည်ဟု ၎င်းက ပြောသည်။

“ကိုယ်အားထားရမယ့် ကိုယ်ခိုင်းချင်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာဖို့ ဆိုတာကတော့ ဆန္ဒပြုဖို့လိုတာပေါ့။ အဲဒီတော့ No Vote (မဲမပေးခြင်း) ဆိုတဲ့ အယူအဆ မဖြစ်သင့်ဘူးလို့ပဲ မြင်တာပေါ့။ သူတို့ကတော့ သူတို့လုပ်တာ သူတို့မှန်နေပေမယ့် တိုင်းပြည်အတွက်ကတော့ No Vote ဆိုတာက မှားတယ်” ဟု ဦးတင်ထွဋ်ဦးက ပြောသည်။

ဗကသအဖွဲ့ချုပ်အနေဖြင့် မဲမပေးရေးကမ်ပိန်း ( No Vote) ကို အင်တာနက်ပေါ်တွင် အဓိကထားကာ နေရာအနှံ့အပြားတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုသို့ မဲမပေးခြင်းကြောင့် အခြေခံဥပဒေအတွက် အကျပ်အတည်းပေါ်ကာ အခြေခံဥပဒေဖျက်သိမ်းရေး ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်က ပြောသည်။ 

“အခု ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်တာက ပထမအဆင့်ပေါ့နော်။ နောက် ဖွဲ့စည်းပုံဖျက်သိမ်းရေး အဆင့်တွေလည်း ကျွန်တော်တို့မျိုးဆက်မှာ မဖြစ်မြောက်ခဲ့ရင် နောင်မျိုးဆက်မှာ ဆောင်ရွက်သွားမယ်” ဟု ကိုထူးခန့်သော်က ပြောသည်။ 

ဆန္ဒမဲပေးခြင်းကို ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ၊ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများအသုံးပြုခြင်း သို့မဟုတ် အခြားနည်းဖြင့် အားထုတ်ကြိုးပမ်းခြင်းကို ကျူးလွန်ကြောင်း သို့မဟုတ် ကျူးလွန်ရန် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈ (ဃ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကို လက်ခံခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်တွင်းနည်းလမ်းတစ်ခုတည်းသာ ရှိသည်ဟု ယုံကြည်ခြင်းမျိုးမဟုတ်ဘဲ လွှတ်တော်တွင်း လွှတ်တော်ပြင်ပ အင်အားစုများ ဟန်ချက်ညီညီ သွားနိုင်မှသာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်နိုင်မည်ဟု ယုံကြည်ကြောင်း ဗကသကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ကိုစည်သူမောင်က မဲမပေးခြင်းလှုပ်ရှားမှုနှင့် ပတ်သက်ပြီး မှတ်ချက်ပြုသည်။

ကိုစည်သူမောင်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ကိုယ်စားပြုပြီး ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည်။

“ရွေးကောက်ပွဲဆိုတာက ကျွန်တော်တို့အတွက် ပန်းတိုင်မဟုတ်ဘူး။ ဖြတ်သန်းရတဲ့ မှတ်တိုင်တစ်ခုပဲဖြစ်တယ်။ ဒါ နိုင်ငံသားတစ်ယောက်က မဲပေးခြင်းအားဖြင့် ကိုယ်ဘယ်သူ့ကို ကြိုက်တယ်၊ ကိုယ်ဘယ်သူ့ကို မကြိုက်ဘူးဆိုတဲ့ အင်အားစုတစ်ခုကို ရွေးချယ်ခြင်းသာလျှင် ဖြစ်တယ်” ဟု ကိုစည်သူမောင်က ပြောသည်။

Show More

Related Articles

Back to top button