သတင်း

မန္တလေးလူငယ်သင်တန်းကျောင်းကို လူ့အခွင့်အရေးကော်မရှင် သွားရောက်စစ်ဆေး

မန္တလေးလူငယ်သင်တန်းကျောင်းမှ ထွက်ပြေးပြီး ပြန်လည်ထိန်းသိမ်းခံရသူ လူငယ်ငါးဦးအနက် နှစ်ဦးသေဆုံးခဲ့ပြီးနောက်ပိုင်း သင်တန်းကျောင်းသို့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

လူငယ်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများက ဖော်ပြမှုကို တွေ့ရှိသဖြင့်  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင်နှစ်ဦးသည် မန္တလေးကော်မရှင်ရုံးခွဲတာဝန်ရှိသူအချို့နှင့်အတူ ဩဂုတ် ၇ တွင် လူငယ်သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးခဲ့သည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က Myanmar Now ကို ပြောသည်။

“သူတို့က သွားတာက တကယ်ဘာဖြစ်သွားလဲ အခြေအနေမှန်ကို သိအောင်လုပ်မှာပေါ့။ တိုင်ထားတာတွေ စစ်ဆေးမယ် ဒီအတွက်ပဲ သက်သက်သွားတာဆိုတော့” ဟု ဦးလှမြင့်က ပြောသည်။

မုံရွာမြို့တွင် ၂၀၁၉ ခုနှစ်က လုယက်မှုဖြင့် ဖမ်းဆီးခံရသော လူငယ်ခုနစ်ဦးကို ယခုနှစ် ဇူလိုင်လတွင် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့ရာ အသက်မပြည့်သေးသည့်အတွက် မန္တလေးလူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။

လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ငါးရက်အကြာ ဇူလိုင် ၃၁ တွင် လူငယ်ငါးဦးသည် သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ကျောင်းတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးပြီးနောက် ရိုက်နှက်ဒဏ်ရာများဖြင့် လူငယ်တစ်ဦး ယင်းနေ့တွင်ပင် သေဆုံးခဲ့ပြီး နောက်တစ်ရက်တွင် ဒုတိယတစ်ဦး သေဆုံးခဲ့ပြန်သည်။

အဆိုပါလူငယ်နှစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များကလည်း လူ့အခွင့်အရေးကော်မရှင်သို့ ယနေ့မနက်တွင် တိုင်တန်းထားပြီး မှုခင်းခွဲစိတ်စစ်ဆေးမှု အဖြေရလျှင် သင်တန်းကျောင်းကို အမှုဖွင့်သွားမည်ဟု သေဆုံးသူ မောင်ခိုင်ဇော်ထွန်း၏အစ်ကို ကိုကျော်စွာလင်းက Myanmar Now ကို ပြောသည်။

“လူ့အခွင့်အရေးကော်မရှင်ကို ဒီနေ့မနက် ဖုန်းဆက်တိုင်ပါတယ်။ သူတို့ကဒီအကြောင်းတွေကို မီဒီယာကတစ်ဆင့် အချက်အလက်တွေရပြီးပြီ။ ဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်” ဟု ကိုကျော်စွာလင်းက ဆိုသည်။

“ကျွန်တော့ညီ ခုလို မဖြစ်သင့်ဘဲ သေဆုံးရတာ မကျေနပ်ဘူး။ ဆေးစာရရင် အမှုလည်းဖွင့်မယ်။ နောက်ပြီး အဆင့်ဆင့်တိုင်ကြားစာတွေလည်း ပို့မယ်” ဟု ဆက်ပြောသည်။

ယင်းသေဆုံးမှုများအတွက် သင်တန်းကျောင်းတွင် ဌာနတွင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍လည်း စစ်ဆေးနေကြောင်း သင်တန်းကျောင်းအုပ် ဦးနေအောင်ကျော်က ပြောသည်။

ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် လူငယ်သင်တန်းကျောင်း၏ မိခင်ဝန်ကြီးဌာနဖြစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်မျိုးတို့ ပါဝင်သည်ဟု သိရသည်။

“ကျွန်တော်အပါအဝင် ဝန်ထမ်းတွေရော ကလေးတွေရော အကုန်စစ်ဆေးခံနေရပါတယ်။ ရဲပိုင်းဆိုင်ရာကလည်း မှုခင်းပိုင်းဆိုင်ရာတွေ ဆောင်ရွက်နေပါတယ်” ဟု ဦးနေအောင်ကျော်က Myanmar Now ကို ပြောသည်။

သင်တန်းကျောင်းမှ ထွက်ပြေးသည့် လူငယ်ငါးဦးအနက် လေးဦးဆေးရုံတင်ခဲ့ရပြီး ယင်းလေးဦးအနက် နှစ်ဦးမှာ သေဆုံးခဲ့ကြောင်း၊ ဆေးရုံတင်ခဲ့ရသူ ကျန်နှစ်ဦးနှင့် ကျောင်းရှိတစ်ဦးမှာ ကျန်းမာရေးကောင်းမွန်​ကြောင်း ကျောင်းအုပ်ဦးနေအောင်ကျော်က ဆိုသည်။

လူငယ်နှစ်ဦး သေဆုံးရခြင်းအကြောင်းရင်းကို မှုခင်းခွဲစိပ်မှုအဖြေရမှသာ သိရမည်ဖြစ်ပြီး ကျောင်းအတွင်း ကျောင်းသားအချင်းချင်းထိုးကြိတ်မှုများ ရှိခဲ့သည်ကို ဝန်ခံကြောင်း ၎င်းက ဆိုသည်။ 

“ဖမ်းဆီးမိပြီဆိုရင် ကျောင်းသားတွေအနေနဲ့လည်း ထိုးကြိတ်တာတွေ ရှိမှာပါ။ ကျွန်တော်မငြင်းပါဘူး။ ဘာလို့ဆိုတော့ ဒါဟာ သင်တန်းကျောင်းဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်ပြေးရင် စည်းကမ်းတစ်မျိုးထုတ်ရပါတယ်။ ဒီကောင်တွေကြောင့် ငါတို့အခွင့်အရေးဆုံးရှုံးမယ်ဆိုပြီး ထိုးကြိတ်မယ်ထင်ပါတယ်။ ထွက်ပြေးခြင်းရဲ့ ဆိုးကျိုးတွေပါ” ဟု ဦးနေအောင်ကျော်က ဆက်ပြောသည်။ 

အဆိုပါလူငယ်သင်တန်းကျောင်းသည် မန္တလေးမြို့  ၇၃ လမ်းနှင့် ၁၂ လမ်းထောင့်တွင် တည်ရှိပြီး ကျောင်းတွင် လက်ခံသင်ကြားပေးနေသည့် ကျောင်းသားဦးရေ ၄၉၆ ဦးရှိပြီး ဝန်ထမ်းအင်အား ၂၅ ဦးသာ ရှိသည်။ လူငယ်များ ထွက်ပြေးသည့်နေ့မှာ ရုံးပိတ်ရက်ဖြစ်ပြီး ဝန်ထမ်းအင်အားနည်းပါးချိန် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“တစ်ယောက်က ကျုံးထဲကို ခုန်ချတယ်။ အဲဒီကောင်လေးကိုစိတ်ပူပြီး ခေါ်နေချိန်မှာ သေတဲ့ကောင်လေးက တိရစ္ဆာန်ဥယျာဉ်ရှေ့  ဆိုင်တွေဘက်ပြေးတယ်။ ရေမြောင်းထဲမှာပုန်းတယ်။ မွန်းပြီး မနေနိုင်မှထွက်လာတာ” ဟု ဦးနေအောင်ကျော်က ပြောသည်။

လက်ရှိတွင် လူငယ်နှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ လူငယ်သင်တန်းကျောင်းတာဝန်ရှိသူများက ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားသည်။

Show More

Related Articles

Back to top button