ရွေးကောက်ပွဲ

စစ်တွေက မွတ်စလင်ဒုက္ခသည်များ မဲပေးခွင့်ဆုံးရှုံးမည်ကို စိုးရိမ်

ရခိုင်ပြည်နယ်တွင် ၂၀၁၂ တွင်းက ဖြစ်ပွားခဲ့သည့် ဘာသာရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရသည့် မွတ်စလင်များမှာ မဲစာရင်းတွင်မပါဝင်ခြင်းနှင့် မဲစာရင်း ကြည့်ရှုမည့်နေရာ မသိရှိခြင်းများကြောင့် မဲပေးခွင့်ဆုံးရှုံးမည်ကို စိုးရိမ်လျက်ရှိကြသည်။

စစ်တွေမြို့ရှိ သက္ကယ်ပြင်၊ သဲချောင်း၊ ဒါးပိုင်၊ မောင်သိန်းတန် စသည့် ဒုက္ခသည်စခန်းများတွင် ထောင်နှင့်ချီသော မွတ်စလင်များခိုလှုံနေကြပြီး ၎င်းတို့အထဲမှအချို့မှာ နိုင်ငံသားစိစစ်ရေးကတ်ရှိသော်လည်း အဆိုပါစခန်းများတွင် မဲစာရင်းကပ်မထားသောကြောင့် မဲပေးခွင့်ဆုံးရှုံးမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ 

“ကျွန်တော့်မှာက အမျိုးသားမှတ်ပုံတင်ရှိတယ်။ မဲစာရင်းမှာ ပါလားမပါလား မသိသေးဘူး။ သွားလို့လည်း မကြည့်ရသေးဘူး။ ဘယ်မှာ ကပ်ထားတာလဲဆိုတာကိုလည်း မသိသေးဘူး။ ဒီမှာ သိပ်ရှုပ်ထွေးနေတယ်။ ဘယ်ရွာဟာ ဘယ်ဘက်မှာပါလဲ၊ ဘယ်နယ်မြေတွေမှာပါလဲ မသိဘူး” ဟု သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ ဦးကျော်လှအောင်က Myanmar Now ကို ပြောသည်။

ယင်းစခန်းများတွင် နေထိုင်သူများကို ရဲအစောင့်အရှောက်ပါမှသာ ပြင်ပသို့ ထွက်ခွင့်ပြုထားသောကြောင့် မဲစာရင်းအတွက် စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။ 

အဆိုပါ ဒုက္ခသည်စခန်းများတွင် မဲစာရင်းကပ်ခြင်းမရှိဘဲ ၎င်းတို့အတွက် ဘုမေ(ရခိုင်)ကျေးရွာတွင်သာ ကပ်ထားပြီး သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ လူ ၅၀ ဦးခန့်သာ မဲစာရင်းတွင်ပါဝင်ပြီး အခြားဒုက္ခသည်စခန်းမှ မပါဝင်ကြောင်း ဘုမေ(ရခိုင်)ကျေးရွာအုပ်စု ရွေးကောက်ပွဲရုံးခွဲဥက္ကဋ္ဌ ဦးသန်းမြက ပြောသည်။

“မဲစာရင်းသွားလို့ ကပ်ဖို့ဆိုတာက ကျွန်တော့်ကို မြို့နယ်ကလည်း မပြောဘူး။ စာရေးကလည်း ကျွန်တော်တို့ ရွာကိုလာပြီး ကျွန်တော့်ရွာမှာပဲ ကပ်မယ်ပြောတယ်။ သက္ကယ်ပြင်ကို လှမ်းပြီး ဖုန်းဆက်လိုက်မယ် ပြောတယ်။ သက္ကယ်ပြင်လွဲပြီး တခြားဒုက္ခသည် စခန်းတွေ မပါဘူး”ဟု ၎င်းက ဆိုသည်။

အဆိုပါဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူများမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း မဲပေးခဲ့ကြသူများ ရှိပြီး လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရန် မျှော်လင့်နေကြခြင်းဖြစ်သည်။ 

ဒုက္ခသည် တစ်သောင်းကျော်ခန့် ခိုလှုံနေသည့် သဲချောင်းစခန်းတာဝန်ခံလုပ်နေသည့် ကိုမောင်မောင်စိန်သည် နိုင်ငံသားလက်မှတ်ရရှိထားသူဖြစ်သော်လည်း မဲစာရင်းတွင် ပါမလာသောကြောင့် မဲပေးခွင့်ရရှိရန် ကြိုးစားနေ သည်ဟု ဆိုသည်။

“မဲပေးခွင့်မရဆိုရင် ဘာတတ်နိုင်မှာလဲဗျာ။ မဲပေးခွင့်ရဖို့အတွက်တော့ လျှောက်လွှာတောင်းထားတယ်။ တောင်းထားပေမယ့် သူပေးမှ ရမယ်။ မပေးရင် မရဘူးပေါ့။ မဲမပေးရရင် အခွင့်အရေးဆုံးရှုံးတယ်”ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ဘုမေ(ရခိုင်)ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲသို့ မဲစာရင်းတွင် မပါသူနှစ်ဦး လာရောက်လျှောက်ထားကြပြီး အထက်သို့ဆက်လက်တင်ပြထားသည်ဟု ဦးသန်းမြက ‌ပြောသည်။

“မောင်မောင်စိန်နဲ့ နောက်တစ်ယောက်တင်ပြလာတယ်။ လျှောက်လွှာတင်ဖို့ ကျွန်တော့်ဆီက ပုံစံတောင်းတော့ အထက်ကလည်း ညွှန်ကြားလို့မရှိလို့ စာရေးကိုတော့ အကြောင်းကြားထားပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ မဲပေးခွင့်ရှိသူ မွတ်စလင်ဒုက္ခသည်အရေအတွက် မည်မျှရှိကြောင်း ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်ကို မေးမြန်းရာတွင် မသိရှိကြောင်း ဆိုသည်။ 

လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိမဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွတ်စလင်များလည်း ရှိနေသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ၏ ထုတ်ပြန်ချက်များအရ သိရသည်။

“မဲမပေးရရင် နစ်နာမှုရှိတယ်။ ကိုယ်တင်ချင်တဲ့သူကို မဲမထည့်နိုင်ရင် နစ်နာတယ်ပေါ့။ နိုင်ငံသားတစ်ယောက်ရဲ့ မူလအခွင့်အရေးဆုံးရှုံးတယ်ပေါ့ ”ဟု သက္ကယ်ပြင်ကျေးရွာက နိုင်ငံသားစိစစ်ရေးကတ်ရှိသည့် မွတ်စလင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့ပဋိပက္ခကြောင့် အဆိုပါဒုက္ခသည်စခန်းများတွင် မွတ်စလင် တစ်သိန်းကျော် ခိုလှုံနေကြရဆဲဖြစ်ကာ မွတ်စလင်လူ့အဖွဲ့အစည်းသည် နိုင်ငံရေးအရ ကိုယ်စားပြုနိုင်ခွင့်မှ ပိတ်ပင်ခြင်းခံထားရပြီး မြန်မာ့နိုင်ငံရေးအဝန်းအဝိုင်းမှ ဖယ်ထုတ်ထားခံရသည်ဟုလည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီအရင်ခံစာတွင် ဖော်ပြခဲ့သည်။

၂၀၁၂ ဘာသာရေးပဋိပက္ခအပြီး နေအိမ်များ မီးလောင်၍ မွတ်စလင် လူတစ်သိန်းနီးပါးနေရပ်စွန့်ခွာရကာ  စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်စခန်း ၃၀ ခန့်တွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြရခြင်း ဖြစ်သည်။ 

၎င်းတို့သည် ၂၀၁၂မှ လက်ရှိအချိန်ထိ သွားလာမှုကန့်သတ်ခံနေရဆဲဖြစ်ပြီး အဆိုပါစခန်းများ ဖျက်သိမ်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဖျက်သိမ်းနိုင်ခြင်း မရှိသေးပေ။ 

Show More

Related Articles

Back to top button