သတင်း

ပစ်သတ်ခံရသည့် အုပ်ချုပ်ရေးမှူးနေရာ ဆက်ခံသူအမျိုးသမီး အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်းတွင် လွန်ခဲ့သည့် ၉ လခန့်က ပစ်သတ်ခံရသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆက်ခံသူ အမျိုးသမီးမှာ စက်တင်ဘာ ၁၁ ညနေပိုင်းတွင် ပစ်သတ်ခံလိုက်ရသည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

သာယာဝတီခရိုင် သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်၏ အသက် ၅၀ ခန့်အရွယ် အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်ကို ထိုမြို့အခြေစိုက် အမှတ် (၃၅) စစ်ကောင်စီ ခြေလျင်တပ်ရင်းအနီးရှိ တပ်ရှောင်လမ်းမပေါ်တွင် အနီးကပ် ပစ်ခတ်ခဲ့သည်ဟု ‘သာယာဝတီဂဠုန်တပ်ဖွဲ့’ ဟု အမည်ပေးထားသော မြို့ပြပြောက်ကျားအဖွဲ့က ထုတ်ပြန်သည်။

အုပ်ချုပ်ရေးမှူးဟောင်းကိုလည်း ၎င်းတို့ပင် လုပ်ကြံခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့က ကြေညာခဲ့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့က ပစ်သတ်ခံခဲ့ရသည့် ဦးထွန်းထွန်း၏နေရာတွင် စစ်ကောင်စီက ထိုအမျိုးသမီးကို ခန့်ထားခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးသမားတို့က အုပ်ချုပ်ရေးမှူးများကို တိုက်ခိုက်နေသည်ကို သိလျက်နှင့် ထိုအမျိုးသမီးက ထိုရာထူး လက်ခံဆောင်ရွက်သူဖြစ်ကြောင်း ကိုတံခွန်ဟု သူ့ကိုယ်သူ မိတ်ဆက်သော သာယာဝတီဂဠုန်တပ်ဖွဲ့၏ စစ်ရေးတာဝန်ခံက ပြောသည်။

“၂၀၂၀ ရွေးကောက်ပွဲပြီးကတည်းက ‘စစ်တပ်အာဏာပြန်သိမ်းမှာ ကြည့်လိုက်’ ဆိုပြီး သူက ကြိမ်းမောင်းထားတာ။ အရင်အုပ်ကြီး ထွန်းထွန်းကို ရှင်းလင်းပြီးတော့ သူက ‘ဂရုမစိုက်ဘူး၊ သတ္တိရှိတယ်’ ဆိုပြီး အုပ်ကြီးတက်လုပ်တာ” ဟု ကိုတံခွန်က ပြောသည်။

ဒေါ်သိမ့်သိမ့်လွင်သည် အမျိုး၊ ဘာသာ၊ သာသနာအဖွဲ့ဝင်ဖြစ်သည်၊ အမာခံစစ်တပ်ထောက်ခံသူတစ်ဦးလည်း ဖြစ်သည်ဟု မြို့ပြပြောက်ကျားအဖွဲ့က ဆိုသည်။ သို့သော်လည်း ထိုအချက်ကို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ယနေ့နေ့လယ်တွင် ဒေါ်သိမ့်သိမ့်လွင်၏ နာရေးအစီအစဉ်ကို အကျဉ်းချုံးပြုလုပ်သည်ဟု ဒေသခံတစ်ဦးက အတည်ပြုသည်။ 

ဒေါ်သိမ့်သိမ့်လွင် ပစ်သတ်ခံရကြောင်းကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ဒေါ်သိမ့်သိမ့်လွင်သည် ၎င်း၏ သမီးဖြစ်သူကို ဆိုင်ကယ်ဖြင့် ကြိုပြီး အပြန်လမ်းတွင် ဦးခေါင်းနှင့် ရင်ဘတ်ကို အနီးကပ် ၃ ချက် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်း၊ သမီးဖြစ်သူ ဆရာဝန်မှာ ထိခိုက်မှုမရှိကြောင်း စစ်တပ်၏ တယ်လီဂရမ်စာမျက်နှာများက ဖော်ပြထားကြသည်။

“သူ့သမီးကို မထိခိုက်အောင် အတတ်နိုင်ဆုံး အလုပ်လုပ်ခဲ့တာ” ဟု အထက်ပါ အဖွဲ့တာဝန်ခံ ကိုတံခွန်က ဆိုသည်။

၂၀၂၂ နှစ်စပိုင်းတွင် ဖွဲ့စည်းထားသော သာယာဝတီဂဠုန်တပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ မြို့ပြပြောက်ကျားအဖွဲ့ဖြစ်ပြီး တစ်နှစ်ကျော်အတွင်း စစ်တပ်သတင်းပေးဟု ယူဆရသူများ၊ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၀ ဦးကျော်ကို တိုက်ခိုက်ခဲ့ကာ ထိုအထဲတွင် ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမည်၊ လိပ်စာများနှင့်တကွ ထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် အရပ်ဘက်ဝန်ကြီးဌာနအောက်မှ ပြည်ထဲရေးဌာနအောက် ရောက်သွားပြီး စစ်ဗိုလ်ချုပ်များ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် အလုပ်လုပ်နေကြသည် (ဓာတ်ပုံ – စစ်ကောင်စီထွေအုပ်)

“ဂဠုန်တပ်ဖွဲ့က အုပ်ချုပ်ရေးထောက်တိုင်တွေကို အဓိက ဖြိုလှဲနေတာပါ။ မည်သည့်အုပ်ချုပ်ရေးမှူးကိုမဆို ရှင်းမှာပါ” ဟု အဖွဲ့၏ စစ်ရေးတာဝန်ခံ ကိုတံခွန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများအပါအဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အရပ်သားဝန်ကြီးဌာနအောက်တွင် ထားရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စစ်ဗိုလ်ချုပ်များ ဦးဆောင်သည့် ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ရွှေ့ပြောင်းခဲ့သည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန့်ကျင်သူများကို စစ်ကောင်စီက ဖိနှိပ်ရာတွင် အုပ်ချုပ်ရေးမှူးများ၊ ထိုသူများမှတစ်ဆင့် မွေးမြူထားသည့် သတင်းပေးများကို အဓိကထား သုံးစွဲနေသလို တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီ၏ ထိုအင်အားစုများကိုပါ ပစ်မှတ်ထား၍ တိုက်ခိုက်နေကြသည်။

စစ်ကောင်စီက ၎င်းတို့၏ အုပ်ချုပ်ရေးမှူးများ လုပ်ကြံသတ်ဖြတ်ခံရလျှင် ကျပ်ငါးသိန်း ထောက်ပံ့ကာ အထိမ်းအမှတ်နေ့များတွင် စွမ်းဆောင်ရည်ဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button