ရွေးကောက်ပွဲ

ရခိုင်ပြည်နယ် တိုက်ပွဲဖြစ်ပွားရာမြို့နယ်အချို့တွင် NLD ကိုယ်စားလှယ်လောင်းမရှိ

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည့် မြို့နယ်အချို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမရှိဘဲ လစ်လပ်နေရာဖြစ်နေသည်။ 

၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်၌ NLD ကိုယ်စားပြုဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ယမန်နေ့ (ဇူလိုင် ၂၃) က ထုတ်ပြန်ခဲ့ရာတွင် အမျိုးသားလွှတ်တော် ၅ နေရာ နှင့်  ပြည်သူ့လွှတ်တော် ၂ နေရာ ချန်လှပ်ထားသည်ကို တွေ့ရှိရသည်။ 

တိုင်းရင်းသားဒေသများရှိ မဲဆန္ဒနယ်များအတွက် ဒေသခံတိုင်းရင်းသားများကိုသာ ရွေးချယ်ထားပြီး ရခိုင်နှင့် ရှမ်းပြည်နယ်ရှိ အချို့ဒေသများတွင် အမျိုးသားလွှတ်တော် ၆ နေရာနှင့် ပြည်သူ့လွှတ်တော် ၁၁ နေရာတွင် ပါဝင်ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း NLD ပါတီဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။ 

“အရင်တုန်းကလည်း ကိုယ်စားလှယ်လောင်း မရှိခဲ့ပါဘူး (ထိုချန်လှပ်နေရာများအတွက်) အခုလည်း ကျွန်တော်တို့ တအားအခက်အခဲရှိပါတယ်” ဟု နေပြည်တော်ရှိ ပါတီဌာနချုပ် (ယာယီ) တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။ 

NLD ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းအရ ရခိုင်ပြည်နယ်တွင် အမျိုးသားလွှတ်တော်နေရာအတွက် မဲဆန္ဒနယ် အမှတ် ၅၊ ၆၊ ၈၊ ၉၊ ၁၀ တို့ကို ချန်လှပ်ထားသည်ကို တွေ့ရသည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၅ သည် ပုဏ္ဏားကျွန်းမြို့နယ်၊ အမှတ် ၆ သည် ရသေ့တောင်မြို့နယ်၊ အမှတ် ၈ သည် ကျောက်တော်မြို့နယ်၊ အမှတ် ၉ သည် မင်းပြားနှင့် မြေပုံမြို့နယ်ဖြစ်ကာ အမှတ် ၁၀ သည် မြောက်ဦးမြို့နယ် ဖြစ်သည်။

အဆိုပါမြို့နယ်များသည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေသည့် မြို့နယ်များဖြစ်သည်။ အလားတူပင် မင်းပြားနှင့် မြောက်ဦးမြို့နယ်များအတွက် ပြည်သူ့လွှတ်တော်နေရာများ ချန်လှပ်ထားသည်ကို တွေ့ရသည်။

“ရခိုင်တင်မဟုတ်ဘူးဗျ။ တခြားနေရာတွေမှာလည်း ရှိတယ်ဗျ။ ဒီကြားထဲမှာများ မဲဆန္ဒနယ်အတွက် အရွေးခံမယ့်သူ ဘာညာကို ထပ်ပြီးဖြည့်လို့ရရင် ဖြည့်မယ်ဆိုတဲ့သဘောမျိုးနဲ့ လုပ်ထားတယ်လို့မြင်ပါတယ်။ ကျွန်တော်ထင်တာတော့ အဆင်အသင့်မဖြစ်သေးလို့ ဖြစ်လိမ့်မယ်ဗျာ။ (တိုက်ပွဲတွေဖြစ်နေတာလည်း) ပါနိုင်တယ်ဗျာ” ဟု NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။ 

ထို့ပြင် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် မင်းပြား၊ မြောက်ဦးနှင့် ရသေ့တောင်တို့တွင် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် နှစ်နေရာအနက် တစ်နေရာတည်းတွင်သာ ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းရွေးထားပြီး ကျောက်တော်မြို့နယ်တွင် မဲဆန္ဒနယ်နှစ်နေရာစလုံးအတွက် ကိုယ်စားလှယ်လောင်း မရှိသည်ကို တွေ့ရသည်။

မြောက်ဦးနှင့် မင်းပြားအတွက် တစ်နေရာစီ တင်လိုက်သည်မှလွဲပြီး တခြားမဲဆန္ဒနယ်အားလုံးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းကို ပါတီဗဟိုသို့တင်ပြလိုက်ပြီး မဲဆန္ဒနယ်များချန်လှပ်ထားခြင်းနှင့်ပတ်သက်ပြီး မသိရှိဟု စစ်တွေမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးစံရွှေကျော်က Myanmar Now က ပြောသည်။

အာဏာရပါတီက ကိုယ်စားလှယ်လောင်းစာရင်းထုတ်ပြန်ရာတွင် တိုက်ပွဲဖြစ်ပွားနေသည့်  မြို့နယ်အချို့တွင် နေရာချန်လှပ်ထားသဖြင့် အဆိုပါနေရာများတွင် ရွေးကောက်ပွဲမကျင်းပမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။

“နံပါတ်တစ် ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းမရှိတာလည်း ဖြစ်နိုင်တယ်။ နံပါတ်နှစ်ကနေပြီးတော့ သူတို့ ဒီနေရာမှာ မပြိုင်ဆိုတာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ချက်ကနေပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာမို့လို့ သူတို့အနေနဲ့ စိုးရိမ်ဟာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

လတ်တလောတွင် ယင်းမြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပမည်၊ မကျင်းပမည်ကို ပြော၍ မရသေးဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောသည်။

NLD ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းအရ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊ ချင်းတိုင်းသားရေးရာဝန်ကြီး ဦးပုန်ဘွေ၊ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်( စည်ပင်ဝန်ကြီးဟောင်း)၊ ဦးနိုင်ကြွေအေး၊ ဦးဖိုးနွဲ့၊ ဒေါ်နီနီမေမြင့်တို့လည်း ထပ်မံယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Show More

Related Articles

Back to top button