သတင်း

ကသာတွင် တိုက်ပွဲ ၂ ရက်ဆက်ဖြစ်၊ ဒေသခံတို့ ဆက်လက်တိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲ ၂ ရက်ဆက် ဖြစ်ပွားခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

သြဂုတ် ၂၉ ရက်နေ့က ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးမြို့နှင့် နီးကပ်စွာ တည်ရှိသည့် အင်းဒရန့်ရွာတွင် တပ်စွဲထားသော အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ကို ကသာပြည်သူ့ကာကွယ်ရေးတပ် (KPDF) တပ်ရင်း (၁၂) က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါ စစ်ကြောင်း ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ငါးအိုးမြို့သို့ စစ်ကြောင်းထိုးရန် အင်းဒရန့်ရွာမှ ထွက်ခွာခဲ့လာစဉ် KPDF တပ်ရင်း (၁၂) ကပင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် အထိနာသွားသော်လည်း ထိခိုက်၊ သေဆုံးမှု အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ကသာမြို့နယ်ပအဖအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တိုက်တဲ့အချိန်လည်း သိပ်မကြာဘူး၊ ဒါပေမဲ့ သူတို့က တိုက်ခိုက်ခံရမယ်ဆိုတာကို မသိတော့ နည်နည်းအငိုက်မိသွားတဲ့ သဘော ပြောရမှာပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသည့် ကသာမြို့နယ်ပြမြေပုံ။

အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းမှာ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ ဆုံရပ်ဖြစ်သော ကသာမြို့နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ အင်းဒရန့်၊ ဘန့်ဘွေးကုန်း၊ ကျောက်ထုံးကြီး စသည့် ကျေးရွာများမှ ဒေသခံတချို့ကို သတ်ဖြတ်ခဲ့သလို အဆိုပါ ရွာများရှိ အိမ်ပေါင်း ၅၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ခဲယမ်း၊ ရိက္ခာတင် သင်္ဘော ၉ စီး ဗန်းမော်သို့ ဆန်တက်စဉ်က လုံခြုံရေးယူခဲ့သည့် စစ်ကြောင်းများထဲမှ တစ်ခုဖြစ်သလို ရွှေကူမြို့နယ်အရှေ့ဘက် ဝဲမရွာတွင် တပ်စွဲထားစဉ် ဒေသခံ ၁၀ ဦးခန့်ကို သတ်ဖြတ်ခဲ့သည့် စစ်ကြောင်းလည်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်း တပ်ပြန်ဆုတ်သွားသည့်အတွက် အစားဝင်မည့် စစ်ကြောင်းတစ်ခု ကသာမြို့ ချောင်းဝကျေးရွာမှ ထွက်ခွာလာပြီး အင်းဒရန့်ရွာအနီး လမ်းဆင်းနားတွင် တပ်စွဲထားသည်ဟု သိရသည်။

ထပ်မံရောက်ရှိလာသည့် အဆိုပါ စစ်ကြောင်းကိုလည်း ဩဂုတ် ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သည်၊ နှစ်ဖက်ထိခိုက်၊ ကျဆုံးမှုအခြေအနေကို မသိရသေးပေ။

ကသာမြို့အရှေ့ဘက်ကမ်းတွင် စစ်ကောင်စီစစ်ကြောင်းများ အဆက်မပြတ်ရှိနေသောကြောင့် ကျေးရွာများရှိ ဒေသခံတို့မှာ ကသာမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း အသက် (၄၀) ကျော်အရွယ် ကသာမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီ (မီးရှို့ခံရတဲ့) ရွာတွေကတော့ လောလောဆယ် ပြန်လို့ရဦးမှာ မဟုတ်သေးဘူး၊ စစ်ကြောင်းက တစ်ကြောင်းပြီးတစ်ကြောင်း ထိုးနေတာ၊ အလှည့်နဲ့ကို ထိုးနေတာ နားကိုမနားသေးဘူး” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

မီးရှို့မှုများကြောင့် နိုင်ငံတကာက ကန့်ကွက်နေသော်လည်း စစ်ကောင်စီကမူ ၎င်းတို့က ပြည်သူတို့ကို အကာအကွယ်ပေးနေကြောင်း၊ အကြမ်းဖက်သမားတို့ကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP – Myanmar) ၏ ဇူလိုင်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း မီးရှို့ခံရသည့် ဘာသာရေးအဆောက်အအုံများနှင့် အိမ်ခြေပေါင်း ၈၁,၀၀၀ ရှိသည်ဟု ဆိုသည်။

ထို့ပြင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နိုင်ငံအနှံ့ တိုက်ပွဲအကြိမ်ရေ ၈၀၀ ဖြစ်ပွားခဲ့သည်၊ ထိုအထဲတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အကြိမ်ရေ ၂၈၈ ကြိမ် ဖြစ်ခဲ့သည်ဟု ဗြိတိန်အခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာမှု (IISS) အဖွဲ့က ပြုစုထားသည့် စာရင်းတွင် ဖော်ပြသည်။

၂၀၂၁ နှစ်ဆန်းပိုင်း စစ်တပ်အာဏာသိမ်းစဉ် ဆန့်ကျင်ကန့်ကွက်သူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှာ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။

ကသာမြို့ဝန်းကျင်တွင် အခြေစိုက်သော တော်လှန်ရေးအဖွဲ့များသည် ကချင်လွတ်မြောက်ရေးတပ်မတော်၏ နည်းပညာ၊ လက်နက်အကူအညီ ရရှိထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button