သတင်း

စစ်ကိုင်းတွင် လေတပ်တိုက်ခိုက်၊ ၈ လသားနှင့် အမျိုးသမီး ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း မြောက်ဘက်ခြမ်းသို့ စစ်ကြောင်းဝင်လာခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံများ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပစ်ခတ်ခံရသဖြင့် ၈ လသား ကလေးငယ်နှင့် အမျိုးသမီး ၂ ဦး သေဆုံးသွားသည်။

လေကြောင်းပစ်ခတ်မှုကြောင့် ၈ လသားအရွယ် ကလေးငယ်တစ်ဦး၊ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၆၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကာ နွားများလည်း ထိခိုက်ခဲ့သည်ဟု မြေပြင်တွင် နယ်မြေရှင်းလင်းရေးလုပ်နေသည့် တပ်ဖွဲ့ဝင်များကို ကိုးကား၍ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ၏ တပ်ရင်းမှူး ဗိုလ်ယက္ခက Myanmar Now ကို ပြောသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သားအင်အား ၅၀ ခန့်ပါ စစ်သင်္ဘောက စစ်ကိုင်းမြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာ မြစ်အနောက်ဘက်ကမ်းရှိ စဉ့်ကိုင်ရွာအနီး ကမ်းကပ်ခဲ့သည်။ ထိုစစ်သင်္ဘောပေါ်ပါ စစ်သားများ ကုန်းပေါ်တက် စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရာ လေကြောင်းမှ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ထွက်ပြေးတိမ်းရှောင်သည့် စဉ့်ကိုင်နှင့် တလိုင်းကျေးရွာဒေသခံများကို တလိုင်းရွာ ကန်ဦးကျောင်းအနီး ဂျက်ဖိုက်တာပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဗိုလ်ယက္ခက ပြောသည်။

“စစ်ကြောင်းဝင်တယ်ဆိုပြီးတော့ ညပိုင်းမှာ နွားလှည်းတွေနဲ့ စစ်ရှောင်တာပေါ့။ လှည်းတန်းကြီးဆိုတော့ အပေါ်က ကြည့်ရင် မီးတွေနဲ့ဆိုတော့ မြင်ရမှာပေါ့။ ကံဦးကျောင်းအဝင် အဲ့ဒီလှည်းတန်းကို ရော့ကတ်နဲ့ ပစ်ချသွားတာ” ဟု ၎င်းက ဆိုသည်။

သေဆုံးတို့၏ အမည်အသေးစိတ်ကိုမူ မသိရသေးကြောင်း၊ ထိုလေယာဉ်သည် မန္တလေးမြို့တောင်ဘက် တံတားဦးမြို့နယ်အတွင်းရှိ တံတားဦးလေယာဉ်ကွင်းမှ တက်လာခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ လေကြောင်းကပါ ပစ်ခတ်ခြင်းဖြစ်ပြီး ၃ ဦးသေဆုံးသည်ဟု သိထားသော်လည်း ထိခိုက်မှုအသေးစိတ်ကို အတည်ပြုနေဆဲဖြစ်ကြောင်း နောက်ထပ် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော စစ်ကိုင်းခရိုင်တပ်ရင်း (၃) တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးမြို့နှင့် အနီးကပ်ဆုံးရှိ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က တန်ပြန်ပြောက်ကျားနည်း သုံးလာသလို မန္တလေးဘက်မှ စစ်သင်္ဘောဖြင့် ဝင်ရောက်မှု စိပ်လာသည်ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိသည့် တလိုင်းရွာကို စစ်တပ်က ၄ ကြိမ်ထက်မနည်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို နေအိမ်မီးရှို့ဖျက်ဆီးခံရမှုများရှိကြောင်း သူက ဆက်ပြောသည်။

လေကြောင်းတိုက်ခိုက်မှုမဖြစ်မီ ဩဂုတ် ၁၀ မနက် ၁၁ နာရီဝန်းကျင်ကတည်းက စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်အစပ် စဉ့်ကိုင်၊ တလိုင်း၊ တပ်ရွာ၊ မိုးကြိုး စသော ရွာနီးချုပ်စပ်ကျေးရွာပေါ် တိုက်လေယာဉ်များ ပျံသန်းခဲ့သည်ဟု သိရကြောင်း စစ်ကိုင်းမြို့နယ်ဒေသခံတစ်ဦးက ဆိုသည်။

စစ်ရှောင်များ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။

တလိုင်းရွာအနီး ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ ထိတွေ့မှုဖြစ်ပွားနေသည်။ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် စစ်ဆင်ရေးတစ်ခုအတွက် သွားလာနေသည့် PDF စစ်ကိုင်းခရိုင် အမှတ် (၃) တပ်ရင်းမှ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စိတ်မှူး အပါအဝင် ၉ ဦး၊ အမှတ် (၁) တပ်ရင်းမှ ဒုတပ်ခွဲမှူးနှင့် ရဲဘော်တစ်ဦးတို့ အလစ်အငိုက်တိုက်ခိုက်ခံရကာ သေဆုံးခဲ့သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့နှင့် ဧရာဝတီမြစ်သာ ခြားသည့် စစ်ကိုင်းမြို့နယ်ကို စစ်ကောင်စီတပ်က နယ်မြေစိုးမိုးနိုင်ရေး အသည်းအသန် ကြိုးစားနေသည်။

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်သလို၊ ၎င်းတို့ကို ထောက်ခံသည့် အရပ်သားများကို လက်နက်တပ်ဆင်သော နည်းလမ်းအားပြုကာ တုံ့ပြန်နေသည်။

ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ပြင်းပြင်းထန်ထန် တုံ့ပြန်နေရာ ပြည်သူ့အိုးအိမ်ပေါင်း ၅၇,၅၀၃ လုံး မီးရှို့ဖျက်ဆီးခံရသည်ဟု စာရင်းများပြုစုထားသည့် Data for Myanmar အဖွဲ့က ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်သည်။

ဗြိတိန်အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာမှု (IISS) အဖွဲ့က ပြုစုထားသည့် စာရင်းများအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ ပါဝင်သော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၂၇၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button