သတင်း

ချုံခိုတိုက်ခိုက်ခံရပြီး စစ်ကိုင်း PDF ၁၁ ဦး သေဆုံး

စစ်ကောင်စီက အစွမ်းပြနိုင်သည့် ကွန်မန်ဒိုတပ်ဖွဲ့တစ်ဖွဲ့ သုံးပြီး တိုက်ခိုက်နေသော စစ်ကိုင်းတိုင်းတွင် ယမန်နေ့ (ဇွန် ၂၈) က အလစ်အငိုက်တိုက်ခိုက်မှုကြီးတစ်ခု ထပ်မံပေါ်ပေါက်လာရာ စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ခရိုင်တပ်ရင်းနှစ်ခုမှ ၁၁ ဦး သေဆုံးခဲ့သည်။

နံနက် ၇ နာရီခန့်တွင် စစ်ကိုင်းမြို့နယ် အရှေ့မြောက်ဘက်အစွန်ရှိ တလိုင်းကျေးရွာအနီး စစ်ဆင်ရေးတစ်ခုအတွက် သွားလာနေသည့် PDF စစ်ကိုင်းခရိုင် အမှတ် (၃) တပ်ရင်းမှ ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စိတ်မှူး အပါအဝင် ၉ ဦး၊ အမှတ် (၁) တပ်ရင်းမှ ဒုတပ်ခွဲမှူးနှင့် ရဲဘော်တစ်ဦးတို့ သေဆုံးခဲ့သည်။

“တပ်ရင်းနှစ်ခုက ရဲဘော်တွေ အလုပ်တစ်ခု သွားရင်းနဲ့ ရှေ့ကင်းနဲ့ အဆက်အသွယ်ပြတ်သွားပြီးတော့ ရန်သူက လက်ဦးမှုရသွားတာကို နောက်ကအဖွဲ့က မသိလိုက်ဘဲ၊ (ဆက်) ထွက်ပြီးသား ဖြစ်သွားတာ။ ရန်သူက စပစ်တာပဲ” ဟု စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း၏ တပ်ရင်းမှူး ဗိုလ်ယက္ခက ပြောသည်။

စစ်ကိုင်းမြို့နှင့် ရွှေဘို-ကျောက်မြောင်း-စဉ့်ကူးလမ်းကို ဆက်သွယ်ပေးထားသည့် ဗျူဟာလမ်းပေါ်တွင် သေဆုံးသွားသည့် ရဲဘော်များ၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်က မီးရှို့သွားပြီး လက်နက်ခဲယမ်းများ သိမ်းသွားကြောင်း သိရသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် စစ်ကိုင်းခရိုင်တပ်ရင်း၊ PDF တံဆိပ်များ တပ်ဆင်ထားသူတို့၏ ရုပ်အလောင်းများ၊ ဗုံးသီးများ၊ သေနတ် ၁၂ လက်၊ ကျည်ဆန်အများအပြား၊ ဆက်သွယ်ရေးစက်များ၏ မှတ်တမ်းဓာတ်ပုံများ ဖော်ပြထားသည်။

စစ်ကောင်စီတပ်က မန္တလေးမြို့နှင့် နီးကပ်သည့် စစ်ကိုင်းမြို့နယ်ကို ယခုနှစ်ဆန်းမှ စတင်၍ စစ်ကြောင်းထိုးနေရာ ယခုရက်ပိုင်းအတွင်း PDF တပ်ရင်းများ စီးနင်းတိုက်ခိုက်ခံနေရပြီး အကျအဆုံး များပြားနေသည်။

သေဆုံးနေသော စစ်ကိုင်းခရိုင်တပ်ရင်းမှ PDF တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများ။

ဇွန် ၂၅ နံနက်က စစ်ကိုင်းမြို့နယ် ကင်းတော်ကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ စခန်းတစ်ခုကို စစ်ကောင်စီတပ်က အလစ်အငိုက် စီးနင်းခဲ့ရာ ပကဖ အဖွဲ့ဝင် ၁၅ ဦးနှင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့သည်။

နောက်ရက်များတွင် ရုပ်အလောင်းနှစ်ခု တွေ့ရသဖြင့် သေဆုံးသည့် ပကဖအဖွဲ့ဝင် အရေအတွက်မှာ ၁၇ ဦး ဖြစ်ကြောင်း သိရသည်။

ရက်ပိုင်းအတွင်း ဆက်တိုက်စီးနင်းတိုက်ခိုက်ခံရသည့် ကင်းတော်နှင့် တလိုင်းကျေးရွာတို့သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းကျေးရွာများဖြစ်ပြီး၊ မန္တလေးတိုင်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့အချို့ စခန်းချ နေထိုင်သလို၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ‌ တော်လှန်ရေးတပ်ဖွဲ့များလည်း အားကောင်းကြသည့် ဒေသများဖြစ်သည်။

ဗျူဟာပြောင်းသည့် စစ်ကောင်စီတပ်

ကင်းတော်ကျေးရွာစခန်း၊ တလိုင်းကျေးရွာတို့ကို တိုက်ခိုက် စီးနင်းခဲ့သည့် “လင်းယုန်” အမည်ရှိ ကွန်မန်ဒိုတပ်ဖွဲ့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မန္တလေးနန်းတွင်း၌ ငွေကြေးဆုချီးမြှင့်ပြီး ညစာစားပွဲ ကျင်းပပေးရာ ထိုအခမ်းအနားဓာတ်ပုံများကိုလည်း စစ်လော်ဘီများက အွန်လိုင်းတွင် ချက်ချင်း ဖြန့်ဝေခဲ့ကြသည်။

ဧရာဝတီမြစ်ကို အစုန်အဆန်ကူးပြီး မြစ်ကမ်းဘေးဒေသ အခြေစိုက်သည့် တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကြောင်းထိုး စီးနင်းတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်တွင် အင်အား ၃၀ ခန့်ရှိသည့် ကွန်မန်ဒိုတပ်ဖွဲ့တစ်ခု ပါလာသည်ဟု ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များကလည်း ဆိုကြသည်။

ထိုတပ်ဖွဲ့က အလစ်အငိုက်တိုက်ခိုက်သဖြင့် ဇွန် ၇ တွင် မုံရွာမြို့နှင့် ၉ မိုင်ခန့်အကွာရှိ PDF မုံရွာခရိုင် အမှတ် (၂၇) တပ်ရင်း၏ စခန်းငယ်တစ်ခုမှ PDF ၄ ဦး၊ အရပ်သား ၂ ဦး သေဆုံးခဲ့သည်။

ဇွန် ၂၀ တွင်လည်း မြစ်အရှေ့ဘက်ကမ်း မြင်းခြံမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ မြင်းခြံခရိုင် အမှတ် (၁)၊ (၈) တပ်ရင်းတို့၏ PDF တပ်ဖွဲ့ဝင်များ အလစ်အငိုက် တိုက်ခိုက်ခံရပြီး PDF ရဲဘော် ၅ ဦး သေဆုံးသည်။

တိုက်ခိုက်ခံရသော တလိုင်းရွာနှင့် အနီးအနားဝန်းကျင်များပြမြေပုံ။

စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် လှည့်လည်စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ပြုလုပ်နေသလို သတင်းထောက်လှမ်းစုံစမ်းပြီးနောက် အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုများလည်း လုပ်ဆောင်လာနေသည်ဟု စစ်ကိုင်းအခြေစိုက်တော်လှန်ရေးအဖွဲ့များက သုံးသပ်နေကြသည်။

PDF စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်းမှူးက စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုပုံစံ အပြောင်းအလဲဖြစ်နေသည်ဟု ပြောသည်။

“ရန်သူရဲ့ စစ်ရေးဗျူဟာက ပြောင်းတာတော့ ဟုတ်တယ်။ အခုဆိုရင် ကွန်မန်ဒိုအဖွဲ့သုံးပြီး လုပ်နေတယ်။ အထူးစစ်နည်းဗျူဟာတွေ သုံးနေတဲ့သဘောရှိတယ်” ဟု ဗိုလ်ယက္ခက ဆိုသည်။

“အမှန်အတိုင်းပြောရရင်တော့ တော်လှန်ရေးတပ်ဖွဲ့တွေကိုယ်တိုင်က ပေါ့ဆတာတွေ ပါတယ်။ ရန်သူက လူအငိုက်နဲ့၊ အချိန်အငိုက်ကို သုံးလာတာ တွေ့ရတယ်။ ရန်သူက တော်လှန်ရေးအဖွဲ့တွေနဲ့ အနီးဆုံးနေရာတွေကို အပျောက်ဝင်ပြီး တိုးထားတယ်။ ညဦးပိုင်းမှာ နားတယ်၊ မနက်စောစော ထပြီး အလုပ်လုပ်တယ်။ ကျွန်တော်တို့တပ်ဖွဲ့တွေကကျတော့ ညဦးပိုင်းမှာ မနားဘူး။ မနက်စောစောကျတော့ အိပ်ချိန် ဖြစ်သွားတယ်”

ကင်းတော်ကျေးရွာနှင့် တလိုင်းကျေးရွာ ဖြစ်စဉ်နှစ်ခုလုံးသည် ယင်းသို့ အလစ်အငိုက်ဖမ်း တိုက်ခိုက်ခံရမှုကြောင့် အထိနာရသည်ဟုလည်း သူက ဆက်ပြောသည်။

“ရန်သူ့ထက် ဆယ်ဆ ကြိုးစားရမယ်၊ ဆယ်ဆ ပိုပြီး သတိဝီရိယ ရှိရမယ်၊ ဆယ်ဆ ပိုပြီး လေ့ကျင့်ရေး လုပ်ရမယ်၊ ရန်သူကြောက်တဲ့ဟာကို ရှာပြီး လှုပ်ရှားကြရမယ်။ ပြည်သူက ကျွန်တော်တို့အပေါ်ကို ရန်သူ့ထက် အဆပေါင်းတစ်ရာလောက် ထောက်ခံထားတဲ့အချိန် ကျွန်တော်တို့ကလည်း အဆများစွာ ကြိုးစားထားကြရမယ်” ဟု ဗိုလ်ယက္ခက ပြောသည်။

သက်တမ်းနုသေးသည့် PDF အဖွဲ့များတွင် လက်နက်ခဲယမ်း ရရှိနိုင်မှု၊ စစ်နည်းဗျူဟာ အားနည်းမှု ရှိနေသေးသည်ဟု သူက ဆိုသည်။

NUG က မောင်းပြန်သေနတ် တပ်ဆင်ပေးရန် ကြိုးပမ်းနေချိန်တွင် မြေပြန့်ဒေသ တော်လှန်ရေးအားကောင်းရာ စစ်ကိုင်း၊ မကွေးဒေသ PDF တပ်ဖွဲ့ဝင်အများစုမှာ ကျည်ဆန်တစ်တောင့်ချင်း ထည့်ပြီး ပစ်ရသော လက်လုပ်သေနတ်ကို အဓိက အားပြုနေကြရသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ PDF စခန်းများအနက် အင်အားအနည်းဆုံးဖြစ်သော စခန်းများကို ရွေးချယ် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က သူ၏ ဇွန် ၂၈ အွန်လိုင်း Youtube ရုပ်သံထုတ်လွှင့်မှုတစ်ခုတွင် ပြောသည်။

“(စစ်ကောင်စီတပ်က) တန်ပြန်ပြောက်ကျားနည်းနဲ့ ကျွန်တော်တို့ရဲ့ လုံခြုံရေးအရ အားနည်းသော၊ စစ်ပညာ စနစ်တကျ လေ့ကျင့်ထားခြင်း မရှိသော၊ လက်လုပ်တူမီးလေးတွေနဲ့ ဒေသတွင်းမှာပဲ ကာကွယ်ရေးအတွက်ကို မိမိဘာသာမိမိ ပြုစု ပျိုးထောင် လေ့ကျင့်ဆဲဖြစ်သော စခန်းငယ်လေးတချို့ကို ရအောင် တိုက်ခိုက် သိမ်းပိုက်ပြီးတော့ သူ့တပ်ကိုယ်သူ မိုတီပြန်မြှင့်ဖို့ (အားတက်စေဖို့)၊ နောက်ဆုံးထွက်သက်ကို ပြန်ပြီးအသက်သွင်းဖို့ ကြိုးစားနေတဲ့ အခြေအနေပဲ ရှိပါသေးတယ်” ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button