သတင်း

ရေတာရှည်မှ ရွာများ လက်နက်ကြီးဒဏ် နေ့စဉ်ခံရ

နေပြည်တော်နှင့် မိုင် ၅၀ ကျော်ခန့်သာ ဝေးသည့် ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ခြမ်းဘက်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် နေ့စဉ် ပစ်ခတ်နေသည်ဟု ဒေသခံများနှင့် ပြည်သူကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

ဇူလိုင်လကုန်ပိုင်းမှ လက်ရှိအချိန်အထိ ရေတာရှည်မြို့ပေါ်နှင့် ဆွာမြို့ပေါ်၌ အထိုင်ချထားသည့် စခန်းများက လက်နက်ကြီးများဖြင့် ပုံမှန် ပစ်ခတ်နေကြောင်း ပဲခူးတိုင်း PDF ပြန်ကြားရေးတာဝန်ခံ ကိုဝေယံက ဆိုသည်။

“မြေပြင်မှာလည်း သူတို့ဘက်က စစ်ကြောင်းတွေ တက်လာတာ ရှိတယ်။ လက်နက်ကြီး ပစ်ကူသုံးတာတွေ ရှိတယ်။ ဝေဟင်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၆ တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရေတာရှည်မြို့နယ် နကျပ်ရွာမှ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လက်နက်က ဘယ်ကျမယ် မသိဘူးလေ၊ ကြောက်တာပေါ့၊ အလုပ်တောင် နေ့ဘက်ဆို သိပ်မသွားရဲ မလာရဲကြဘူး၊ နေ့ခင်းဘက်တောင် အပြင်သိပ်မထွက်ရဲကြဘူး၊ လူပေါ်ကျမှာ စိုးတယ်” ဟု ထိုဒေသခံက ပြောသည်။

စစ်ကောင်စီက ရေတာရှည်မြို့ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို မြေပြင်စစ်ကြောင်းထိုးနေသလို မြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကျပ်ထားသည်ဟု သိရသည်။

ရေတာရှည်၊ ဆွာ၊ သာဝတ္တိမြို့ပေါ်ရှိ တပ်များက ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ပစ်သလို စစ်ရဟတ်ယာဉ်များလည်း လာရောက် ပစ်ခတ်နေကြောင်း စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာက PDF အဖွဲ့တွေရော၊ KNU အဖွဲ့တွေရော အကုန်ရှိနေတာပဲ၊ စစ်တပ်က ဒီဘက်မှာ နယ်မြေကျဉ်းသွားပြီပေါ့။ အဖွဲ့တွေက တောင်ပေါ်ကနေ ရွာဘက်ကို ကပ်လာကုန်ပြီ၊ စစ်တပ်က တဖြည်းဖြည်းဆုတ်ပြီး မြစ်ဆိပ်တွေ ပိတ်ချပြီး အစစ်အဆေးကြမ်းတော့တာပဲ” ဟု ၎င်းက ပြောသည်။

ရေတာရှည်နှင့် ဆွာမြို့တို့မှ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းသို့ ကူးရသည့် မြစ်ဆိပ်တွင် စစ်တပ်က တပ်ချထားပြီး အရပ်သားတို့ကို တားဆီးကာ မှတ်ပုံတင်နှင့် ဖုန်းများ စစ်ဆေးလေ့ရှိသည်ဟုလည်း ဆိုသည်။

“မနက်မလင်းသေးဘူး၊ အရက်နံ့နဲ့။ အသက်တွေက ၂၀၊ ၃၀ ကျော်လေးတွေ၊ သူတို့ကို ဆရာလို့ခေါ်မှ သဘောကျတာ၊ ဖုန်းကို စစ်တယ်။ ပိုက်ဆံ တစ်သောင်းလောက် ပေးရင်တော့ သွားခိုင်းတယ်“ ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပဲခူးရိုးမနှင့် နိုင်ငံအရှေ့ပိုင်း တောင်တန်းကြားတွင် တည်ရှိသည့် စစ်တောင်းမြစ်ဝှမ်းဒေသသည် စစ်ရေးအရ အချက်အချာကျသောကြောင့် ယင်းဒေသကို ခြေကုပ်ယူနိုင်ရန် တော်လှန်ရေးအင်အားစုများဘက်က ကြိုးပမ်းနေခြင်းဖြစ်သည်။

စစ်တောင်းမြစ်ဝှမ်းတွင် ခြေကုပ်ယူနိုင်ပါက ရန်ကုန်-နေပြည်တော် ဆက်သွယ်ထားသည့် ကားလမ်းမများကိုလည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်၊ ထို့ပြင် နိုင်ငံအရှေ့တောင်ပိုင်းဒေသများဖြစ်သည့် ကရင်၊ မွန်နှင့် တနင်္သာရီတို့ကိုလည်း အဆက်အသွယ်ဖြတ်တောက်ထားနိုင်မည့် အနေအထားဖြစ်သည်။

အဆိုပါ တောင်ငူ-ရေတာရှည်-ဆွာ စသည့် မြို့နယ်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၂) လှုပ်ရှားနယ်မြေဖြစ်သလို၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပူးပေါင်းလှုပ်ရှားရာ ဒေသလည်း ဖြစ်သည်။

စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ စည်ပိုင်း၊ ရွာသစ်၊ နကျပ်၊ ရှမ်းစု စသည့် ကျေးရွာများဘက်ကို လက်နက်ကြီးကျည်အများဆုံး ကျရောက်နေသဖြင့် ယင်းရွာမှ ဒေသခံများလည်း စစ်ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးနေရသည်။

နေပြည်တော်နှင့် နယ်နိမိတ်ချင်း ထိစပ်ပြီး မိုင် ၅၀ ကျော်ခန့်သာ ကွာဝေးသည့် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းတွင် ဂွေးသဲ၊ တပ်ဆိုး၊ ဒေါင့်အင်းကုန်း၊ ပိတောက်ကုန်း၊ နကျပ်၊ ရွာသစ်၊ ရေတာရှည်လေး၊ အိုးမြေတူး၊ စည်ပိုင်း၊ ခင်တန်းကြီးတို့ရွာရှိသည်။

၁၉၄၈ လွတ်လပ်ရေးပြီးချိန်မှစ၍ သမိုင်းအစဉ်အဆက် တော်လှန်ပုန်မှုများ၏ ဘူမိနက်သန်ဖြစ်သည့် ပဲခူးရိုးမတည်ရှိရာ ပဲခူးတိုင်းတွင် အခြား‌ဒေသများနည်းတူ အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်နေသည်။

ကရင်အမျိုးသားအစည်းရုံး (KNU) နှင့် နယ်နိမိတ်ချင်း နီးစပ်သော ပဲခူးတိုင်းအရှေ့ခြမ်းသာမက အနောက်ခြမ်းဒေသများတွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button