ရွေးကောက်ပွဲ

ANP မှ နုတ်ထွက်ခွင့်တင်ထားသူများ တစ်သီးပုဂ္ဂလ ဝင်ပြိုင်ရန် အလားအလာများနေ 

ရခိုင်အမျိုးသားပါတီ (ANP) က နုတ်ထွက်ခွင့်မပြုသဖြင့် ရွေးကောက်ပွဲတွင် အခြားပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် အခက်အခဲရှိသောကြောင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ပြိုင်ရန် အလားအလာများနေသည်ဟု ဆိုသည်။ 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေသည် ANP မှနုတ်ထွက်ခွင့်မရသောကြောင့် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည် ဆိုသည်။

“ကိုယ်ရဲ့မိခင်ပါတီဖြစ်တဲ့ ALD ကဝင်ရောက်ယှဉ်ပြိုင်ဖို့ အခြေအနေမပေးတဲ့အတွက် တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်ရတာဖြစ်တယ်။ ANP က နုတ်ထွက်ခွင့်မပေးတဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်မိတယ်။ အကူးအပြောင်းကာလမှာ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းရဖို့၊ ဆောင်ရွက်ရဖို့ အရာတွေကို ပါတီတွင်းမှာ မညှိနှိုင်းနိုင်၊ မဆောင်ရွက်နိုင်တဲ့အခြေအနေပေါ့။ ဒါကို ရခိုင်ပြည်သူတွေအားလုံး စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်” ဟု ဒေါ်ထုမေက ပြောသည်။

လက်ရှိတွင် ANP ပါတီမှ နုတ်ထွက်ခွင့်တင်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ဒေါက်တာအေးမောင်၊ ဦးကျော်ကျော် (ကွယ်လွန်)၊ ဦးခင်မာင်လတ်၊ ဒေါ်ထုမေ၊ ဦးဝေစိန်အောင်၊ ဦးအောင်သောင်းရွှေ၊ ဦးကျော်ဇောဦး၊ ဦးကျော်လွင်နှင့် ဦးခင်မောင်ဌေးတို့ဖြစ်ကြသည်။ 

ရခိုင်ပြည်နယ်တွင် ANP၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၊ ရခိုင့်ဦးဆောင်ပါတီ(AFP) ဟူ၍ အဓိကနိုင်ငံရေးပါတီ သုံးခုရှိပြီး ALD နှင့် AFP ပါတီများမှာ ANP မှ နုတ်ထွက်သွားသူနှင့် ထုတ်ပယ်ခံထားရသူများ တည်ထောင်ထားသည့်ပါတီများဖြစ်သည်။ 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးသည်လည်း တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်ရန် အလားအလာရှိသည်ဟု ဆိုသည်။ 

“ဦးဘရှိန်မေးတဲ့မေးခွန်းကို ဟို(ရွေးကောက်ပွဲကော်မရှင်)က ဖြေထားတာကိုထောက်ရှုရင် အခုလောလောဆယ် တစ်သီးပုဂ္ဂလ ပြိုင်မယ့်အနေအထားကို ရောက်နေတယ်လို့ ယူဆလို့ရတယ်”ဟု ဦးကျော်ဇောဦးက ပြောသည်။

ပါတီဝင်တစ်ဦးသည် အခြားနိုင်ငံရေးပါတီကိုယ်စားပြုပြီး ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်လျှင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်ခြင်းဖြစ်မဖြစ် ANP ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဇူလိုင် ၁၃ က ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့သည်။ 

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၁ ပါပြဋ္ဌာန်းချက်အရ ပါတီတစ်ခု၌သာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည့်အတွက် ပါတီတစ်ခုမှ နုတ်ထွက်ခွင့်မရရှိသော ပုဂ္ဂိုလ်တစ်ဦးသည် အခြားနိုင်ငံရေးပါတီတစ်ခုကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက ဖြေခဲ့သည်။ 

“ဒါပေမယ့် ယင်းသို့ ပါတီမှ နုတ်ထွက်ခွင့်မရတဲ့အခြေအနေမှာ ၎င်း၏ ရွေးကောက်တင်မြှောက်ပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်သည်ဟု ဆိုနိုင်မည်မဟုတ်ပါ” ဟုလည်း ၎င်းက ဖြည့်စွက်ဖြေကြားခဲ့သည်။ 

နုတ်ထွက်ခွင့်တင်ထားသည့် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များကို လက်ရှိလွှတ်တော်သက်တမ်း မကုန်ဆုံးမီအထိ နုတ်ထွက်ခွင့်မပြုရန် ပြီးခဲ့သည့်နှစ် မေလကုန်ပိုင်းက ကျင်းပခဲ့သည့် ANP ပါတီ ညီလာခံ၌ ဆုံးဖြတ်ခဲ့သည်။ 

လက်ရှိတွင် ဒေါ်ထုမေသည် ANP က နုတ်ထွက်ခွင့်မပြုသော်လည်း ALD ပါတီသို့ ပြန်ဝင်ခဲ့ပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များသည်လည်း AFP တွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။ 

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) ကို ပေါင်းစည်းကာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက ရခိုင်အမျိုးသားပါတီ(ANP) အဖြစ် တည်ထောင်ထားခြင်းဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် ANP ပါတီက ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၃၅ နေရာအနက် ၂၂ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာနှင့် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ စုစုပေါင်း ၄၅ နေရာဖြင့် တစ်နိုင်ငံလုံးတွင် တတိယအများဆုံး အနိုင်ရခဲ့သည့် ပါတီဖြစ်သည်။ 

ရွေးကောက်ပွဲအလွန်ကာလတွင် ANP ပါတီတွင်း အကွဲအပြဲဖြစ်ပေါ်ခဲ့ပြီး ALD နှင့် AFP ပါတီများ ထူထောင်ခဲ့ကြခြင်းဖြစ်သည်။ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်က ANP မှ နုတ်ထွက်ကာ AFP ပါတီကို တည်ထောင်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားရေး အရှိန်ကျမသွားသည့် ကာလပတ်လုံး အနိုင်ရရှိမည်ဟု မျှော် လင့်ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို အဓိကထား ယှဉ်ပြိုင်သွားမည်ဟု ANP ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ယခုလဆန်းပိုင်းတွင် ပြောကြားထားသည်။

Related Articles

Back to top button