၂၀၂၀ အထွေထွေရွေးကောက်ပွဲကြိုကာလအတွင်း ကော်မရှင်ကို တိုက်ခိုက်ရန် အချက်အလက် ရှာနေမည့်အစား ပြည်သူ့ထံမှမဲရရေးသာ လုပ်ဆောင်သင့်ကြောင်း နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက တိုက်တွန်းလိုက်သည်။
ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ဂရန်းအမရာ ဟိုတယ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSO) များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့ တွေ့ဆုံပွဲအဖွင့်မိန့်ခွန်းတွင် ကော်မရှင်ဥက္ကဋ္ဌက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“UEC ကို တိုက်ခိုက်နေမယ့်အစား ပြည်သူယုံကြည်အောင် လုပ်ပါ။ ရွေးကောက်ပွဲအနိုင်အရှုံးက UEC နဲ့ မဆိုင်ဘူး။ ရွေးကောက်ပွဲအနိုင်အရှုံးက ပြည်သူနဲ့ပဲ ဆိုင်တယ်။ ပြည်သူထည့်တဲ့မဲနဲ့ အနိုင်အရှုံးလုပ်တာ… UEC ထည့်တဲ့မဲနဲ့ မဟုတ်ဘူး” ဟု ဦးလှသိန်းကပြောသည်။
နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရန်ကျင့်ဝတ်များကို ဇွန်လကုန်ပိုင်းက ထုတ်ပြန်ရာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ အသုံးပြုမဲဆွယ်ခွင့်အပေါ် ပါတီအချို့က မကျေနပ်၍ ကန့်ကွက်ခြင်း၊ ကျင့်ဝတ်သဘောတူညီမှုလက်မှတ်မရေးထိုးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ထို့အတူ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များကို ဇူလိုင်လဆန်းမှစ၍ ပါတီနှင့်မဲဆန္ဒနယ်မြေစည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ပြုခဲ့သည့်အတွက် ကော်မရှင်၏ မျှတမှုအပေါ် နိုင်ငံရေးပါတီများက ဝေဖန်ခဲ့သည်။
ယင်းကဲ့သို့ ခွင့်ပြုခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖြစ်ပြီး အာဏာရပါတီဝင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များမှာ အခြားပါတီခေါင်းဆောင်များထက် ကာလများစွာနောက်ကျပြီးမှ ပါတီလုပ်ငန်းလုပ်ခွင့်ရှိခြင်းသာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် အစိုးရလက်ထက်တွင်လည်း ရွေးကောက်ပွဲနီးချိန်တွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ပါတီကိစ္စဆောင်ရွက်ခွင့်ကို အလားတူလုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ကော်မရှင်က ဖြေရှင်းခဲ့သည်။
ထို့အပြင် မည်သည့်နိုင်ငံရေးပါတီကိုမျှ မျက်နှာသာပေးမည်မဟုတ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ကျင်းပသည့် အရပ်ဘက်အဖွဲ့အစည်းများနှင့်တွေ့ဆုံပွဲတွင် ထပ်မံပြောဆိုခဲ့သည်။
“ကျွန်တော်တို့က ပြည်သူကို အာမခံပါတယ်။ ကျွန်တော်တို့ လုပ်တဲ့လုပ်ငန်းမှန်သမျှ လာမယ့်ရွေးကောက်ပွဲမှာ မည်သူ့နိုင်ငံရေးပါတီမှ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ အထက်တွင်မရှိစေရ။ ကျွန်တော်တို့ သန္နိဋ္ဌာန်ပဲ” ဟု ၎င်းက ပြောသည်။
သို့သော် ယနေ့အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၏ အဖွင့်မိန့်ခွန်းပြီးဆုံးသည်အထိ သတင်းမီဒီယာများ သတင်းယူခွင့်မရခဲ့ဘဲ ခန်းမအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ရသဖြင့် နောက်ဆက်တွဲကိစ္စများကို တိကျစွာ မသိခဲ့ရပေ။
ကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် အခမ်းအနားမိန့်ခွန်းပြောကြားစဉ် သူ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို ခိုင်ခိုင်မာမာထုတ်ဖော်ပြောဆိုခဲ့ပြီး ကော်မရှင်က မည်သို့လုပ်ဆောင်နေသည်ကို အမှန်တကယ်မသိဘဲ ပြင်ပမှ မကောင်းမပြောကြရန် မေတ္တာရပ်ခံခဲ့သည်ဟု အဆိုပါတွေ့ဆုံပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ညီမျှခြင်းမြန်မာအဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းကMyanmar Now ကို ပြောသည်။
“တာဝန်ယူတဲ့အပိုင်းမှာ သူသာ မဟုတ်တာလုပ်လို့ရှိရင် တရားစွဲ၊ လာပြီးတော့ သတ်လည်းရတယ် စသဖြင့် (ကော်မရှင်ဥက္ကဋ္ဌ၏ ပြောစကားမှာ) နည်းနည်းတော့ ကြမ်းတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ယခုရွေးကောက်ပွဲကော်မရှင်သည် အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုအားနည်းကြောင်း၊ ကိုဗစ်နိုင်တင်းကာလ အခြေအနေများကြောင့် အခက်အခဲဖြစ်ရသည်ကို နားလည်နိုင်သော်လည်း တွေ့ဆုံမှုပြုလုပ်သည်မှာ နောက်ကျနေသည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။
“အခုဆိုရင် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အချိန်ဇယားတွေလည်း ထွက်လာပြီ။ တချို့စည်းမျဉ်းစည်းကမ်းတွေလည်း အကုန်လုံးချထားပြီးပြီဆိုတော့ အဲဒါမတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ပြီးတော့ (အရပ်ဘက်အဖွဲ့အစည်းများ) ပါဝင်မှု ရှိလာရင်တော့ အားကောင်းမယ်” ဟု ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကမူ ဗိုလ်ချုပ်ပုံဖြင့် မဲဆွယ်ခွင့်၊ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြီးအကဲများ ပါတီလုပ်ငန်းလုပ်ဆောင်ခွင့်တို့ ရရှိနေခြင်းအပေါ် ကော်မရှင်က မည်သို့ဖြေရှင်းစေကာမူ မှန်ကန်မျှတခြင်းမရှိဟု ယူဆသဖြင့် ကော်မရှင်ဥက္ကဋ္ဌ၏ ယနေ့ပြောဆိုချက်များအပေါ် ဘဝင်မကျကြောင်း ပြောသည်။
“ဒီလိုတွေရှိပါလျက် ဒီလိုပြောတာကတော့ ရှေ့မျက်နှာ နောက်ထားပြီး သိက္ခာမဲ့စွာ ပြောတယ်လို့ပဲ ကျွန်တော်ကတော့ ယူဆတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ တွင် ကျင်းပမည်ဟု ကော်မရှင်က ကြေညာထားပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို ဩဂုတ် ၇ နောက်ဆုံးထားတင်သွင်းရန် နိုင်ငံရေးပါတီများကို အသိပေးထားသည်။