သတင်း

ကိုဗစ်နိုင်တင်းပညာပေး သရုပ်ဖော်ပန်းချီရေးဆွဲသူ လူငယ် ၃ ဦး အပြစ်မရှိဟု အမိန့်ချ

ကချင်ပြည်နယ် မြစ်ကြီးနားဘူတာတိုက်တန်းတွင် ကိုဗစ်နိုင်တင်း (Covid-19) ပညာပေးသရုပ်ဖော်ပန်းချီရေးဆွဲခဲ့သည့် လူငယ်သုံးဦးကို ပြည်နယ်သာသနာရေးက တရားစွဲဆိုထားမှု မြို့နယ်တရားရုံးက အပြစ်မရှိကြောင်း ယနေ့ စီရင်ချက်ချလိုက်သည်။

ကိုဗစ်နိုင်တင်းရောဂါ အသိပညာပေး သရုပ်ဖော်ပန်းချီရေးဆွဲခဲ့သူ ကိုဇေယျာနောင်၊ ကိုနော်ထွန်းအောင်၊ မစီစီလျာဂျာဆိုင်းတို့ သုံးဦးကို ပြည်နယ်သာသနာရေးဌာန ဒုညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က တရားလိုပြုကာ မြစ်ကြီးနားတရားရုံးတွင် ဘာသာသာသနာညှိုးနွမ်းစေမှု ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြင့် ဧပြီ ၃ တွင် တရားစွဲဆိုခဲ့သည်။ 

ယင်းပုဒ်မမှာ ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်ထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

ရုံးချိန်း ၁၀ ချိန်းကျော်ဖြင့် သုံးလကျော်ကြာ တရားရင်ဆိုင်ပြီးနောက် မြစ်ကြီးနားမြို့နယ်တရားသူကြီးက ပြစ်မှုထင်ရှားကြောင်း အ‌ထောက်အထား ခိုင်ခိုင်မာမာ မတွေ့ရဟု သုံးသပ်ပြီး ၎င်းတို့ကို ငွေဒဏ်ရော ထောင်ဒဏ်ပါ မချမှတ်ဘဲ လွှတ်ပေးလိုက်သည်ဟု စွပ်စွဲခံခဲ့ရသူ ကိုနော်ထွန်းအောင်က Myanmar Now ကို ပြောသည်။

“တရားရုံးဘက်က သူတို့ မှန်ကန်တဲ့ပိုင်းကို ဆုံးဖြတ်တာ ကျွန်တော်တို့ ကြိုဆိုတယ်။ ကောင်းပါတယ်လို့။ တရားရေးနဲ့ လူတွေကြားထဲမှာ ရင်းနှီးသွားတဲ့ ပုံစံပေါ့။ နောက်ပိုင်းမှာ အများပြည်သူမျှော်လင့်တဲ့ အမှန်တရားဘက်က ရပ်တည်သွားတဲ့ တရားရေးမဏ္ဍိုင်ဖြစ်သွားဖို့လည်း ကျွန်တော်တို့က အမြဲတမ်း မျှော်လင့်ပါတယ်” ဟု ကိုနော်ထွန်းအောင်က ပြောသည်။

ယင်းလူငယ်သုံးဦးသည် ကိုဗစ်နိုင်တင်းရောဂါကာကွယ်ရေး အသိပညာပေးအတွက် မြစ်ကြီးနား၊ ဘူတာတိုက်တန်းလမ်းကြားရှိ နံရံတွင် ဆရာဝန်၊ သူနာပြု နှင့် သေမင်းတမန်၊ ဗိုင်းရပ်ပုံများ ပါဝင်သည့် သရုပ်ဖော်ပန်းချီတစ်ခု ရေးဆွဲခဲ့သည်။ 

ယင်းသရုပ်ဖော်ပန်းချီတွင် သေမင်းတမန်သည် အနီရောင်ဝတ်ရုံ လွှမ်းခြုံကာ ဗိုင်းရပ်များပါဝင်သည့် အထုပ်တစ်ခုကိုပိုက်၍ ဖြန့်ဖြူးနေပုံမှာ ဗုဒ္ဓဘာသာရဟန်း၏ ဝတ်ရုံ (သင်္ကန်း) နှင့် ဆင်တူနေသည့်အတွက် ဗုဒ္ဓဘာသာကို ထိခိုက်နစ်နာစေသည်ဆိုကာ လူမှုကွန်ရက်တွင် ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သည်။ 

ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ကချင်ပြည်နယ်သာသနာရေးဦးစီးဌာနက သရုပ်ဖော်ပန်းချီရေးဆွဲသူ လူငယ်သုံးဦးကို အမှုဖွင့်တရားစွဲဆိုခဲ့သည်။ 

အငြင်းပွားဖွယ်ဖြစ်ခဲ့သည့် အဆိုပါ ပညာပေးပန်းချီကားကိုလည်း ဧပြီလ ၃ ရက်တွင်ပင် ဖျက်ခဲ့သည်။

ဧပြီ ၃၀ ပထမဆုံးရုံးချိန်းတွင် မြို့နယ်တရားရုံးက တရားစွဲဆိုခံရသူသုံးဦးကို ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလဖြစ်နေခြင်းနှင့် ကျန်းမာရေးအခြေအနေတို့ကြောင့် တစ်ဦးလျှင် ကျပ်သိန်း (၅၀) စီဖြင့် အာမခံပေးခဲ့သည်။ ထို့အပြင် တရားလိုရှေ့နေများနှင့် စွပ်စွဲခံရသူတို့၏ ရှေ့နေများ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ကျေလည်မှုမရခဲ့ပါ။ 

လူငယ်သုံးဦးအပေါ် တရားစွဲဆိုမှုအပေါ် ဥပဒေအထောက်အကူပြုကွန်ရက်နှင့် လူ့အခွင့်အရေးစောင့်ကြည့်သည့် နိုင်ငံတကာအဖွဲ့အစည်း (Human Rights Watch) ကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ 

စွပ်စွဲခံခဲ့ရသူတစ်ဦးဖြစ်သည့် ကိုဇေယျာနောင်ကလည်း ၎င်းကိုယ်တိုင်မှာ ဗုဒ္ဓဘာသာကိုးကွယ်သူ ဖြစ်သည့်အတွက် ဘာသာသာသနာညှိုးနွမ်းစေသည်ဆိုသော တရားစွဲဆိုခဲ့မှုနှင့် ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရသည်ဟု ပြောသည်။ 

“ကျွန်တော်ကိုယ်တိုင်က ဘာသာရေးကို ကိုးကွယ်ကိုင်းရှိုင်းသူဖြစ်တဲ့အတွက် ကိုယ်တိုင်က (တရားစွဲဆိုမှုကို) စိတ်မကောင်းဖြစ်ပေမဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာအရ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုတဲ့ မူနဲ့ပဲ သွားခဲ့တာပေါ့” ဟု ကိုဇေယျာနောင်က မှတ်ချက်ပြုသည်။

Show More

Related Articles

Back to top button