သတင်း

ရွှေဘိုတွင် တော်လှန်ရေးစခန်း စီးနင်းခံရ၊ လူ ၄ ဦး သတ်ဖြတ်ခံရ

တော်လှန်ရေးအားကောင်းသည့် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ဘက် တစ်မိုင်ခွဲဝန်းကျင်အကွာတွင် စစ်တပ်က လူ ၄ ဦးကို သတ်ဖြတ်သွားသည်။ ထိုထဲမှ ၁ ဦးမှာ ခေါင်းဖြတ်သတ်ခံရခြင်း ဖြစ်သည်။

ထိုဒေသသို့ ရောက်နေသည့် အင်အား ၇၀ ပါ စစ်ကြောင်း ပြန်ထွက်သွားပြီးနောက် ဩဂုတ် ၂၂ ရက်နေ့က ချီပါရွာထဲတွင် အလောင်းနှစ်လောင်း၊ ဩဂုတ် ၂၃ ရက်နေ့က ရွာနီးချုပ်စပ် မဲတောရွာမြောက်ဘက် လယ်ကွင်းထဲတွင် အလောင်းနှစ်လောင်း ရှာဖွေတွေ့ရှိကြခြင်း ဖြစ်သည်။

ချီပါရွာထဲတွင် သတ်ဖြတ်ခံရသူများမှာ ထိုရွာခံ အသက် ၂၅ နှစ်အရွယ် ကိုဟန်ဇော်မြင့်နှင့် ညီဝမ်းကွဲတစ်ဦးဖြစ်ကြောင်း၊ လွန်ခဲ့သည့် တစ်ပတ်ဝန်းကျင်က ရွှေဘိုမြို့သို့ သွားရောက်စဉ် ညနေ ၆ နာရီကျော် အိမ်ပြင်ထွက်ခွင့် တားမြစ်ထားသည့် စည်းကမ်းချိုးဖောက်မှု စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းထားသူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ချီပါရွာဝန်းကျင်တွင် ရှိသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယာယီစစ်စခန်းကို ဩဂုတ် ၂၀ ရက်နေ့က ဝင်ရောက်စီးနင်းစဉ် ကိုဟန်ဇော်မြင့်တို့ကို စစ်ကောင်စီက ခေါ်ဆောင်လာပြီး ရွာတွင်း၌ သတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် PDF တစ်ဦးက ပြောသည်။

“ဓားစာခံ ပါလာတာဆိုတော့ (မိုင်းတွေ) ဘယ်နား ဘာရှိတယ်ဆိုတာ သိသွားတော့၊ ရှေ့ကို ပွိုင့် (PDF ကင်းစခန်း) တွေလည်း ရှောင်လာတာ။ ရွာထိပ်ရောက်မှ သိတာ၊ ကျွန်တော်တို့တောင် မနည်း ရုန်းထွက်လာရတာ၊ နာရီဝက်လောက်ကို ရက်ရက်စက်စက် ပစ်တာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်နှင့် PDF တို့ နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးအဖွဲ့များဘက်က လူထိခိုက်မှုမရှိသော်လည်း ကားတစ်စီး၊ ဆိုင်ကယ်များ၊ စစ်ဝတ်စုံများ ဆုံးရှုံးခဲ့ကြောင်း ၎င်းထံမှ သိရသည်။

အခြားနှစ်ဦးမှာ နောက်တစ်ရက် (ဩဂုတ် ၂၁) တွင် ချီပါရွာတောင်ဘက် ၂ မိုင်အကွာ မဲတောရွာကို စစ်ကောင်စီက ထပ်မံစီးနင်းချိန်တွင် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း၊ ထိုနှစ်ဦးမှာ ဒေသခံမဟုတ်ဘဲ ရွှေဘိုမြို့မှ စစ်ကြောင်းနှင့်အတူ ပါလာသည့် ဓားစာခံများဖြစ်ကြ၍ မည်သူမည်ဝါ မသိရသေးကြောင်း NUG ၏ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြန်ကြားရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

“..အခြားနယ်က ပါတဲ့ ဓားစာခံတွေကို PDF ဆိုတဲ့ ပုံစံမျိုးနဲ့ သတ်ထားခဲ့တယ်လို့ပဲ ယူဆရတယ်” ဟု ထိုအမျိုးသားက ပြောသည်။

တစ်ဦး၏ အလောင်းကို မဲတောရွာတွင်း၌ ရှာဖွေတွေ့ရှိသည်၊ အခြားတစ်ဦး၏ ဦးခေါင်းကို ရွာရှိ နေအိမ်ခြံဝင်းတစ်ခုတွင် တွေ့ရပြီး ခန္ဓာကိုယ်ကို မြောက်ဘက် မီတာ ၂၀၀ ခန့် ဝေးသည့် လယ်ကွင်းထဲ၌ စစ်တပ်က စွန့်ပစ်သွားသည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

သေဆုံးသူ ၄ ဦးအနက် ၃ ဦးတွင် ကျည်ထိဒဏ်ရာ ရှိနေကြောင်း၊ မဲတောရွာထဲတွင် တွေ့ရသည့် သေဆုံးသူ ၁ ဦးသာ ရင်ဘတ်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဖော်ပြပါ သတင်းရင်းမြစ်နှစ်ဦးထံမှ သိရသည်။

သေဆုံးသူများ တော်လှန်ရေးသမား ဟုတ်မဟုတ်နှင့် ဒေသခံများ၏ အခြေအနေများကို သီးခြားအတည်မပြုနိုင်သေးသလို အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

လူ ၄ ဦးကို သတ်ဖြတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် မဲတောရွာအနောက်တောင်ဘက် ၃ မိုင်အကွာ ပလိုင်းရွာမှတစ်ဆင့် ရွှေဘိုမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း၊ ပလိုင်းရွာသည် စစ်တပ်ဒေါက်တိုင် အရပ်သားလက်နက်ကိုင်အဖွဲ့ ပျူစောထီးအခြေစိုက်ရွာဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ဇွန်လအတွင်းကလည်း ရွှေဘိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကင်းဗျားရွာတွင် စစ်တပ်က အရပ်သား ၈ ဦးကို ဖမ်းကာ ငါးဦးကို သတ်ဖြတ်ခဲ့သည်။ ထိုစဉ်က ရရှိခဲ့သည့် ဓာတ်ပုံများအရ သေဆုံးသူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်တောက်နေကာ ရက်ရက်စက်စက် သတ်ဖြတ်သွားသည်ကို တွေ့ရသည်။

ပြည်သူ မဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်နီးပါးရှိလာချိန်အထိ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများသည် နိုင်ငံအနှံ့ အခြားဒေသများနည်းတူ စစ်ကောင်စီကို ထက်ထက်သန်သန် ခုခံတော်လှန်နေဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button