သတင်း

ရွှေဘိုတွင် စစ်တပ်ဖမ်းသွားသော ရွာသား ၅ ဦး အသတ်ခံရ

(သတင်းတွင် သေဆုံးသူတို့၏ ဒဏ်ရာများနှင့် ပတ်သက်သည့် အသေးစိတ် အကြောင်းအရာတချို့ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့် အမျိုးသားများအနက် ၅ ဦး၏ ရုပ်အလောင်းများကို နောက်တစ်နေ့ (ဇွန် ၁၇) ၌ ဒေသခံများက ရှာဖွေတွေ့ရှိခဲ့သည်။

ကျေးရွာနှင့် အနောက်ဘက် မူးဘောင်ပေါ်တွင် မိုင်းပေါက်ကွဲရာမှ ရရှိသည့် ဒဏ်ရာအများအပြားဖြင့် သေဆုံးနေသူများမှာ သားအဖများဖြစ်သည့် ဦးကြည်ညို (၆၀ နှစ်)၊ ကိုအီးတီ (၂၅ နှစ်) နှင့် ကိုမျိုးသန်းထွန်း (၃၀) နှစ်တို့ အပါအဝင် ဒေသခံနှစ်ဦးဖြစ်သည့် ကိုရဲမင်းစိုး (၂၆ နှစ်)နှင့် ကိုနိုင်လင်း (၃၀ နှစ်) တို့ ဖြစ်သည်။

“ရေထဲမှာက ၂ လောင်း၊ ရုပ်အလောင်းအများစုက အူတွေ ပွင့်နေတယ်၊ ခြေပြတ်လက်ပြတ်တွေ ဖြစ်နေပြီ၊ ကုန်းပေါ်က ၃ လောင်းကလည်း အတူတူပဲ၊ တစ်စစီ ပြတ်ထွက်နေတာ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ကျေးရွာတာဝန်ခံ ကိုမောင်ကြီးက သူတွေ့မြင်ခဲ့ရပုံကို ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၆ က စစ်သားအင်အား ၄၀ ခန့်က ရွှေဘိုမြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာစဉ် မြို့အနောက်ဘက် တစ်မိုင်ကျော်အကွာ ကင်းဗျားကျေးရွာတွင် ရွာသား ၈ ဦး ဖမ်းဆီးခံလိုက်ရသည်။​

စစ်သားများက ကျေးရွာတွင် ညအိပ် တပ်စွဲကာ နောက်တစ်နေ့ နံနက်တွင် ရွှေဘိုဘက်သို့ ထွက်ခွာစဉ် ရွာကို မီးရှို့ခဲ့သဖြင့် နေအိမ် ၁၇ လုံး မီးလောင်သွားကာ ယင်းနေ့ ညနေမှာပင် ကင်းဗျားရွာသို့ ပြန်ရောက်လာကာ တပ်စွဲထားသည်။

ဖမ်းဆီးခံရသူများထဲမှ တစ်ဦးသည် ညပိုင်းတွင် အရဲစွန့် ထွက်ပြေးလာခဲ့ပြီး အခြားနှစ်ဦးကိုလည်း ဇွန် ၁၇ နံနက်တွင် စစ်သားများ ပြန်လွှတ်ပေးခဲ့သည်ဟု လွတ်မြောက်လာသူများထံမှ သိရသည်။

ဓားစာခံ ၅ ဦးအနက် တချို့မှာ လက်နောက်ပြန် ကြိုးတုပ်ခံထားရသည့် အနေအထားနှင့် သေဆုံးနေသည်ကို Myanmar Now က ကြည့်ရှုခဲ့သည့် ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။ 

၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်တောက်နေကာ ကိုယ်တွင်းကလီစာများပါ ထွက်ကျနေသည်၊ တချို့ရုပ်အလောင်းများမှာ ခြောက်ထောက်နှင့် လက်များ ပြတ်တောက်နေပြီး ခန္ဓာကိုယ်အနှံ့ မိုင်းထိဒဏ်ရာများ မြင်တွေ့ရသည်။

အဆိုပါ ၅ ဦးကို စစ်တပ်က အရှင်လတ်လတ် ဗုံးခွဲသတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု အထက်ပါ ကျေးရွာပကဖတာဝန်ခံက ပြောသည်။

“ငါးယောက်စလုံးရဲ့ ခန္ဓာကိုယ်အလယ်ကောင်ကို မိုင်းတွေထားပြီးတော့ သူတို့ကိုယ်တိုင် ရှော့တိုက် ခွဲလိုက်တယ် ပြောတယ်ဗျ” ဟု သူက ဆိုသည်။

သတ်ဖြတ်ခံရသူ ၅ ဦးအနက် အခြားကျေးရွာမှ ရောက်နေသော ကိုနိုင်လင်းဆိုသူတစ်ဦးသာ ပကဖအဖွဲ့ဝင်ဟောင်းဖြစ်ကာ ကျန်သူများမှာ ကင်းဗျားရွာသားများသာ ဖြစ်ကြောင်း၊ စစ်သားများပြန်ထွက်ပြီ အထင်ဖြင့် ရွာထဲ ပြန်ဝင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အထက်ပါ ပကဖအဖွဲ့ဝင်က ဆိုသည်။

စစ်ကောင်စီတပ်များ ထိုရွာမှ ပြန်အထွက် ကျေးရွာပကဖ ဆင်ထားသည့် မိုင်းပေါက်ကွဲကာ စစ်သားတချို့ သေဆုံးခဲ့၍ မိုင်းကွဲသည့်နေရာအနီး ၂ ဦးကို ပြန်လွှတ်ကာ ၅ ဦးကို မိုင်းများနှင့် ဗုံးဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပြန်လွတ်လာသူမှာ သတ်ဖြတ်မှုကို မျက်မြင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

“သူ့ရှေ့မှာတင် အဲဒီလူတွေကို မိုင်းခွဲသတ်တာဗျ၊ သူတို့ဗိုလ် သေသလို မင်းတို့လည်း သေရမယ်ဆိုပြီး လက်ပြန်ကြိုးတုပ် မိုင်းခွဲသတ်တာဗျ။ အဲဒီနားမှာ ရှော့တိုက်ထားတဲ့ ဘတ္တရီအိုးတစ်လုံး တွေ့တယ်။ ကျွန်တော်တို့မိုင်းတော့ မဟုတ်ဘူးဗျ၊ ပထမတစ်ကြိမ်ကွဲမှာ ကွဲပြီးသွားပြီ” ဟု သူက ဆိုသည်။

ထိုအလောင်းများကို ယင်းနေ့မှာပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

စစ်တပ်က ဗုံးခွဲသတ်သည်ဟူသောအချက်နှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို ပြန်လွတ်မြောက်လာသည့် မျက်မြင်သက်သေများကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်မျက်နှာများတွင် တိုက်ပွဲဖြစ်ပြီး PDF ၅ ဦး သေဆုံးကြောင်း ဖော်ပြနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button