သတင်း

စစ်တပ်ဝင်သည့် ရွှေကူတွင် အမျိုးသား ၃ ဦး၏ အလောင်းများ ရှာတွေ့

စစ်ကောင်စီ၏ ကြည်းရေလေတပ် ဝင်တိုက်နေကြသည့် ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ဒေသခံတချို့ ပျောက်ဆုံးနေပြီး ယမန်နေ့ (ဩဂုတ် ၂၁) တွင် အမျိုးသားအလောင်း ၃ လောင်း ရှာတွေ့ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဒေသတွင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဩဂုတ် ၁၆ ရက်နေ့က ရွှေကူမြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသကာကွယ်ရေးတပ်များ စစ်ကောင်စီစစ်ကြောင်းတစ်ခုနှင့် တိုက်ပွဲဖြစ်ပြီးနောက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နယ်မြေရှင်းလင်းရှာဖွေရေးပြုလုပ်စဉ် မြို့အရှေ့ဘက် ၁၀ မိုင်ကျော် အကွာတွင် ရှိသည့် ဝဲမရွာတွင် ရုပ်အလောင်းများကို ရှာတွေ့ခဲ့သည်ဟု ရွေကူ-PDF မှ တာဝန်ရှိသူက ပြောသည်။

သေဆုံးသူတို့၏ အသေးစိတ်အချက်အလက်များကို စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

“စစ်ကြောင်းတွေ လွန်သွားပြီးမှပဲ နယ်မြေရှင်းလင်းရေးလုပ်ရတာဆိုတော့ အသက်တွေ၊ နာမည်တွေကို မသိရသေးဘူး၊ ရွာက အိမ်ခြေနည်းတယ်၊ ဒေသခံတွေလည်း ပြန်မရောက်သေးဘူးဆိုတော့ အတည်မပြုနိုင်သေးဘူး” ဟု အထက်ပါ တာဝန်ခံအမျိုးသားက ပြောသည်။

ယခုလ လဆန်းပိုင်းမှ စတင်ကာ မြို့နယ်အတွင်း ဝင်ရောက်လာသည့် လက်နက်ခဲယမ်းနှင့် ရိက္ခာတင်သင်္ဘော ၉ စီး လုံခြုံရေးအတွက် စစ်ကြောင်းထိုးနေသည့် အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်က ဝဲမရွာတွင် ရက်အတော်ကြာ တပ်စွဲစဉ် အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည်၊ အလောင်းများကို ဆက်လက်ရှာဖွေနေသည်ဟု ရွှေကူ-PDF က ပြောသည်။

သင်္ဘောပေါ်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် မြစ်ကြောင်းတစ်လျှောက် ပစ်ခတ်တိုက်ခိုက်ခဲ့သလို လေတပ်ကပါ တိုက်ခိုက်ဗုံးကြဲခဲ့သည့်အတွက် ဝဲမရွာအပြင် မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။

ဩဂုတ် ၁၆ တွင်လည်း အရပ်သားသေဆုံးမှု ရှိခဲ့သည်။

ထိုနေ့က စစ်ကောင်စီတပ်က ဇင်းဘုံရွာတွင် တပ်စွဲပြီး ရွာကို မီးရှို့ဖျက်ဆီးလိုက်သည်၊ အမျိုးသမီးတစ်ဦးနှင့် (၉) နှစ်အရွယ် ကလေးတစ်ဦးလည်း လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့သည်ဟု ရွှေကူဒေသခံ အသက် (၅၀) ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ကလေးငယ်တစ်ယောက်နဲ့ အသက် (၅၀) ကျော်အရွယ် တစ်ယောက်ပေါ့၊ သူတို့က ပုန်းကြတာပေါ့ဗျာ၊ ပုန်းရင်းနဲ့ ရွာနောက်ဘက် တောင်နားမှာ နေရင်း သင်္ဘောက ပစ်တဲ့ လက်နက်ကြီးစက တောင်ကို မှန်တော့ အစတွေ မှန်သွားတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

အဆိုပါ သင်္ဘော ၉ စီးမှာ ဗန်းမော်မြို့တွင် ရောက်ရှိနေပြီး စစ်တပ်က ဗန်းမော်မြို့ကို လုံခြုံရေးတင်းကျပ်ထားသည်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးအပါအဝင် လမ်းမကြီးအချို့ကိုလည်း သွားလာခွင့် ပိတ်ထားသည်။

ရွှေကူမြို့နယ်သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဆုံရာ နယ်စပ်မျဉ်းအနီးတွင် တည်ရှိသည်။

ရွှေကူ-PDF၊ ရွှေကူမြို့၏ မြို့နယ်ခွဲ မြို့လှ-PDF တို့မှာ KIA နှင့် လက်တွဲပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button