မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို လက်ကိုင်ဖုန်း အသုံးပြုသည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် မေ ၂၁ က စတင်၍ ရက် ၁၀၀ စီမံချက်ချကာ နေ့စဉ် ရိုက်နှက်၊ နှိပ်စက် တိုက်ပိတ်စစ်ဆေးနေသည်ဟု မြင်းခြံအကျဉ်းထောင် သတင်းရင်းမြစ်များက Myanmar Now ကို ပြောသည်။
မေ (၂၁) ညနေပိုင်းတွင် မြင်းခြံထောင်ပိုင် ဦးတင်ချိုနှင့်အတူ စစ်တပ်အရာရှိတစ်ဦး၊ စစ်သားတချို့က အကျဉ်းထောင်သို့ ရောက်လာကြောင်း၊ ထို့နောက် ထောင်တွင် လက်ကိုင်ဖုန်းတွေ့ရှိသည်ဟု စွပ်စွဲကာ အကျဉ်းသားများကို ရိုက်နှက်မှုများ စတင်ခဲ့ကြောင်း သိရသည်။
ရိုက်နှက်မှုများတွင် အဓိက ဦးဆောင်ပါဝင်သူများမှာ အကျဉ်းဦးစီးဌာန သုံးပွင့်အဆင့်ရှိသည့် ဦးစီးမှုး ဝင်းလှိုင်စိုး၊ အကျဉ်းဦးစီးဌာန နှစ်ပွင့်အဆင့်ရှိသည့် မြတ်ကျော်သူတို့ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“ရိုက်တာမှ တော်တော်ကိုမှ ပြင်းပြင်းထန်ထန်ပေါ့ဗျာ၊ ခေါင်းစွပ်တယ်၊ လက်နောက်ပြန် လက်ထိတ်ခတ်တယ်။ ပြီးတော့ အကျဉ်းထောင်ဘူးဝထဲကို ဆွဲခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ဒူးထောက်ခိုင်းတယ်၊ နောက်ကနေပြီးတော့ ကျောကို ရိုက်တယ်။ ဘယ်ဘက်ပေါင်၊ ညာဘက်ပေါင်ကို တစ်ယောက်စီ တစ်ပြိုင်တည်း ရိုက်တယ်” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ထောင်သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ထောင်အာဏာပိုင်များက နိုင်ကျဉ်းများကို ကျဉ်စက်များ အသုံးပြုကာ နှိပ်စက်၊ ညှဉ်းပန်းမှုကြောင့် မြင်းခြံထောင် (၁) တိုက် တစ်ခုတည်းတွင် နိုင်/ကျဉ်း ၂၀ ထက်မနည်း ဒဏ်ရာရထားကြောင်းလည်း သိရှိရသည်။
“တချို့ဆိုရင် လမ်းတောင် မလျှောက်နိုင်ဘူး၊ ချွေးတွေနဲ့ လဲကျမလိုဖြစ်တော့ အဆောင်ဝမှာ ဝိုင်းပြီးတော့ ထမ်းပြီးတော့ ဆေးတွေ ဘာတွေ ကုပေးပေါ့။ ဓာတ်ဆားရည်တွေ ဘာတွေ တိုက်ပေါ့။
ကျဉ်စက်နဲ့ တို့ထားတာကြောင့်လို့ ပြောတာပဲ။ ခန္ဓာကိုယ်မှာက ဒဏ်ရာတွေက ၁၀ ရက် ၁၅ ရက်နဲ့ မပျောက်တဲ့ ဒဏ်ရာတွေပေါ့” ဟု အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
စစ်ကောင်စီကို ပုန်ကုန်မှု၊ တရားမဝင်အသင်းဖြင့် ဆက်သွယ်မှု အစရှိသည့် နိုင်ငံရေးပုဒ်မများဖြင့် မြင်းခြံထောင်တွင် အကျဉ်းချခံထားရသူ အမျိုးသားနှင့် အမျိုးသမီးပေါင်း ၈၀၀ ကျော်ရှိသည်။ အများစုမှာ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များမှ ဒေသခံလူငယ်များဖြစ်သည်။
ထို့ပြင် အကြမ်းမဖက်ဖီဆန်မှု (CDM) တွင် ပါဝင်သည့် ဆရာဝန်တချို့နှင့် မန္တလေးတိုင်းမှ ရဲအရာရှိတစ်ဦးတို့အပြင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့လည်း အကျဉ်းကျနေသည်။ ဒေါက်တာမြင့်နိုင်မှာ မြင်းခြံအကျဉ်းထောင် တိုက် (၂) ကြိုးတိုက်တွင် ရှိနေပြီး နှလုံးစက်တပ်ထားသည့် ဝေဒနာကြောင့် ကျန်းမာရေးအခြေအနေ စိုးရိမ်ရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို အွန်လိုင်းတွင် ဆက်သွယ်သည်ဟုဆိုကာ တရားမဝင်အသင်းဥပဒေကို ဖောက်ဖျက်မှုဖြင့် မြင်းခြံမြို့ခံများဖြစ်သည့် ဒေါက်တာရဲဇင်အောင်၊ ဒေါက်တာရဲဝင့်သူ၊ ဒေါက်တာဇော်မျိုးဟိန်းတို့အပြင် မန္တလေးအခြေစိုက် ဧရာဝတီမဂ္ဂဇင်း ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်လည်း မြင်းခြံထောင်တွင် ရှိနေသည်။
ထို့ပြင် အကြမ်းဖက်ပုဒ်မများဖြင့် သေဒဏ်ကျနေသော ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ လူငယ် ၁၇ ဦးတို့လည်း ထိုထောင်တွင် ရှိနေသည်၊ ချင်းပြည်နယ်မင်းတပ်မှ လူငယ်တချို့နှင့် မန္တလေးတိုင်း မြို့သာမြို့နယ် ကုလရွာမှ ဘုန်းတော်ကြီးတစ်ပါးလည်း နိုင်ငံရေးပုဒ်မများဖြင့် မြင်းခြံထောင်တွင် အကျဉ်းကျနေသည်။
NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွင် ပါဝင်မှုစွပ်စွဲချက်ဖြင့် နှစ်ရှည်ထောင်ကျနေသူများဖြစ်သည့် တောင်သာမြို့နယ်မှ အသက် ၂၈ အရွယ်ရှိကြသူ ကိုသက်မောင်မောင်၊ ကိုကျော်ကြီးနှင့် နိုင်ငံတော်ပုန်ကန်မှုပုဒ်မဖြင့် ထောင် ၂၃ နှစ် ကျနေသူ ပြင်ဦးလွင်မြို့မှ အသက် ၅၁ နှစ်အရွယ် ကိုကျော်မျိုးတင့်တို့ ၃ ဦးသည် မေ ၂၁ ရက်မှစ၍ နေ့စဉ် နှိပ်စက် ညှဉ်းပန်းမှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရှိရသည်။
သြဂုတ် ၁ ရက်နေ့က လွတ်ငြိမ်းချမ်းသာမှုဖြင့် မြင်းခြံထောင်မှ နိုင်ကျဉ်း ၁၀၀ ကျော် လွတ်မြောက်လာခဲ့ပြီး အများစုမှာ ထောင်ဒဏ် နှစ်အနည်းငယ် ကျခံနေရသူများဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၃၉၆၅ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၂၄၃၇၁ ဦးဖမ်းဆီးခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဩဂုတ် ၂၁ တွင် ထုတ်ပြန်ထားသည်။ ထိုကိန်းဂဏန်းမှာ ခက်ခဲသော အခြေအနေတွင် AAPP က လက်လှမ်းမီသမျှ မှတ်တမ်းတင်နိုင်သော ပမာဏသာ ဖြစ်သည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)