သတင်း

မြင်းခြံထောင်တွင် ဖုန်းသုံးမှုဖြင့် နိုင်ကျဉ်းများ တိုက်ပိတ်၊ အမှုဖွင့်ခံရ

နိုင်ငံအလယ်ပိုင်းရှိ မန္တလေးတိုင်း မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသား ၇၀ ခန့်သည် မိုဘိုင်းဖုန်း သုံးစွဲသည်ဟု စွပ်စွဲ နှိပ်စက်ခံရကြောင်း၊ ထိုအထဲမှ ၁၄ ဦး အလုံပိတ်အခန်းကျဉ်းထဲ ပို့ခံရပြီး ၃ ဦး အမှုဖွင့်ခံရကြောင်း သိရသည်။

မေ ၂၁ တွင် ထိုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

၁၄ ဦးသည် အလင်းရောင်နှင့် လေဝင်လေထွက်မရှိသော အလုံပိတ်အခန်းကျဉ်းထဲ ချုပ်နှောင်မခံရစဉ်က မြင်းခြံမြို့ အမှတ် (၁၅) ခြေမြန်တပ်ရင်းရှိ စစ်ကြောရေးစခန်းသို့ ပို့ဆောင် နှိပ်စက်ခံခဲ့ရသေးသည်။

အကျဉ်းသား ၃ ဦးကို ဖွင့်ထားသည့် အမှုများထဲတွင် ဆက်သွယ်ရေးပုဒ်မ ပါဝင်သည်ဟု သိရကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီနှင့် အမှုထပ်ဖွင့်ခံရသည့် နိုင်ကျဉ်းမိသားစုဝင်တစ်ဦးထံမှ သိရသည်။

နိုင်ငံရေးပုဒ်မများဖြင့် စစ်ကောင်စီ ဖမ်းဆီးချုပ်နှောင်ထားသော ကိုဇော်ဇော်အောင်၊ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဥက္ကာ၊ ကိုကျော်ဇင်ဦး၊ ကိုကျော်မင်းသန့်၊ ကိုကျော်တင့်ဦး၊ ကိုအောင်မျိုးသန့်၊ ကိုစိုးရာဇာထွန်း၊ ကိုဇော်လှိုင်း၊ ကိုရဲမင်းသွေးနှင့် ကိုကျော်စိုးတင့်၊ ကိုထက်ဦးမာန်တို့ ၁၄ ဦး မြင်းခြံထောင်တွင် တိုက်ပိတ်ခံထားရခြင်းဖြစ်သည်။

ထိုအထဲမှ အသက် ၃၀ အရွယ် ကိုထက်ဦးမာန်၊ အသက် ၄၀ ဝန်းကျင် ကိုရဲမင်းသွေးနှင့် အခြားတစ်ဦးကို စစ်ကောင်စီက ထပ်တိုးအမှုများဖြင့် တရားစွဲဆိုသည်။

ကိုရဲမင်းသွေးသည် ၂၀၂၁၊ အောက်တိုဘာလက မန္တလေးတိုင်း ကျောက်ဆည်မြို့အနီး သရက်ခြံတစ်ခြံ၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ လက်နက်မှု၊ အကြမ်းဖက်မှုတို့ဖြင့် ၂၀၂၂ ဇွန်လတွင် ထောင် ၁၀ နှစ် ချခံထားရသူဖြစ်သည်။

ကိုထက်ဦးမာန်သည် မြင်းခြံမြို့နယ်မှ ဖြစ်ပြီး ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော ဇီးရိုးပြောက်ကျားအဖွဲ့ခေါင်းဆောင် ကိုသက်ကြီးအဖွဲ့နှင့် ဆက်သွယ်သည်ဆိုကာ အကြမ်းဖက်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသူဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထို ၁၄ ဦး ထောင်ချခံထားရသည့်၊ ရင်ဆိုင်နေရသည့် အမှုများ၊ ထပ်မံကြုံတွေ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

အထက်ပါ သတင်းအချက်အလက်များကို မြင်းခြံထောင်ဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရခြင်းဖြစ်ကြောင်း ထပ်တိုးအမှုဖွင့်ခံထားရသည့် နိုင်ကျဉ်းတစ်ဦး၏ မိသားစုဝင် အမျိုးသားတစ်ဦးနှင့် မုံရွာသပိတ်ကော်မတီမှ ကိုရှင်းသန့်က ပြောသည်။

“ထောင်ဝင်စာရော၊ ဈေးဘား (မိသားစုက ကြိုတင်ငွေပေးချေရသည့် အကျဉ်းသား ဈေးဝယ်ခွင့်) ရော လက်ခံလို့မရဘူး။ သူတို့အားလုံးကို တိုက်ပိတ်ထားတယ်” ဟု အထက်ပါ နိုင်ကျဉ်းမိသားစုဝင်က ပြောသည်။

မြင်းခြံထောင် အကျဉ်းဦးစီးဝန်ထမ်းများက မိုဘိုင်းဖုန်းတစ်လုံး ကျပ်သုံးသိန်းခွဲနှုန်းဖြင့် လာဘ်ယူ၍ အကျဉ်းသားများကို မိုဘိုင်းဖုန်းသုံးစွဲရန် ဆွဲဆောင်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ အရေးယူခံရသည်ဟု မကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီက အကျဉ်းသားများနှင့် ဆက်သွယ်ခွင့်ကို နည်းမျိုးစုံဖြင့် ဖြတ်တောက်ထား၍ ထောင်ထဲတွင် ရှိနေသည့် မိသားစုဝင်၏ အခြေအနေကို ရရာနည်းဖြင့် သိနိုင်ရန် မြင်းခြံထောင်ဝန်ထမ်း တောင်းသည့် ငွေကို ရှာကြံပေးခဲ့ရခြင်းဖြစ်သည်ဟု ထိုနိုင်ကျဉ်းမိသားစုဝင်က ဆိုသည်။

“အထဲကို ဖုန်းက သူတို့ အကစ (အကျဉ်းဦးစီး) ဝန်ထမ်းတွေပဲ သွင်းတာဗျာ။ တစ်လုံးကို ၃ သိန်းခွဲနဲ့။ အကျဉ်းသားတွေကတော့ အိမ်နဲ့ ဆက်သွယ်လို့ရမယ်ဆိုပြီး ဝယ်ကြတာပဲ။ မိသားစုနဲ့က အဆက်အသွယ်ပြတ်ပြီး တွေ့မှ မတွေ့ကြရတာ။ အခုကျတော့ ဖုန်းပြောတဲ့လူတွေကို ဆက်သွယ်ရေးပုဒ်မနဲ့ ဖွင့်တယ်ဆိုတော့ မတရားဘူးပေါ့”။

မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီမှ ကိုရှင်းသန့်ကလည်း ၁၄ ဦးစလုံးကို စစ်ကောင်စီက တစ်လကျော်ကြာသည်အထိ တိုက်ပိတ်ထားကာ ထောင်ဝင်စာပါ ပိတ်ထားကြောင်း ပြောသည်။

“ထပ်တိုးအမှုဖွင့်တာကတော့ ကျွန်တော်တို့လည်း ကြားတယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း မြင်းခြံထောင်တည်နေရာပြမြေပုံ။

လွန်ခဲ့သော နှစ်နှစ်ကျော် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက နိုင်ငံအနှံ့ အကျဉ်းထောင်အားလုံးတွင် ချုပ်နှောင်ခံထားရသူများနှင့် မိသားစုဝင်တို့ ပုံမှန်တွေ့ဆုံခွင့် (ထောင်ဝင်စာတွေ့ခွင့်) ကို စစ်ကောင်စီက ပိတ်ပင်ထားသလို နိုင်ကျဉ်းများမှာ သက်ဆိုင်ရာ ထောင်များအတွင်း ဖွင့်လှစ်ထားသည့် တရားခွင်များ၌သာ တရားရင်ဆိုင်နေရသည်။

စစ်ကောင်စီက နိုင်ကျဉ်းများနှင့် မိသားစု၊ ရှေ့နေတို့နှင့် တွေ့ဆုံနိုင်မည့် အခွင့်အရေးမှန်သမျှကို ပိတ်ဆို့ထားသလို ထောင်တွင်းဖိနှိပ်မှုများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုလေ့မရှိဘဲ သတင်းအမှောင်ချထားသည်။ အထက်ပါ မြင်းခြံထောင်တွင်းအခြေအနေများနှင့် ပတ်သက်၍လည်း စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းကတည်းက စစ်ကောင်စီက ဖမ်းထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟိုအလုပ်အမှုဆောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် မန္တလေး၊ မြင်းခြံ၊ တောင်သာတို့မှ နိုင်ငံရေးအကျဉ်းသားအများစု မြင်းခြံထောင်၌ ရှိနေသည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် နိုင်ငံအနှံ့ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်များထဲတွင် မြင်းခြံထောင်သည်လည်း အပါအဝင်ဖြစ်သည်။ ယမန်နှစ် ၂၀၂၂ ဇူလိုင်လအတွင်းက မန္တလေး အိုးဘိုထောင်နှင့် မုံရွာထောင်တို့မှတစ်ဆင့် ရောက်လာသည့် နိုင်ကျဉ်းအချို့ မြင်းခြံထောင်သို့ ရောက်ချိန်တွင် ရိုက်နှက်နှိပ်စက်ခံရဖူးသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော် အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေချိန်တွင် အကျဉ်းထောင်ဖောက်ပြေးသော ဖြစ်စဉ်များလည်း မြင့်တက်နေသည်။

ယမန်နှစ်မှစ၍ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအတွင်းရှိ အကျဉ်းထောင်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူ၍ဖြစ်စေ၊ တိတ်တဆိတ် ထွက်ပြေး၍ဖြစ်စေ အောင်မြင်စွာ ထောင်ဖောက်ပြေးနိုင်ခဲ့သည့် အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ဖူးသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို စစ်ကောင်စီက ချုပ်နှောင်ထားသည့် ပဲခူးတိုင်း၊ တောင်ငူထောင်တွင် မေ ၁၈ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်လု၊ ပစ်ခတ်ပြီး တော်လှန်ရေးသမား ၉ ဦး အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့သည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button