စစ်ကိုင်းတိုင်းအထက်ပိုင်း ဝန်းသိုမြို့နယ်တွင် ဩဂုတ် ၁၈ ရက်နေ့က ဝန်းသိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ မိုင်းထုတ်လုပ်ရေးနှင့် ဆက်သွယ်ရေးစခန်းငယ်တစ်ခု တိုက်ခိုက်ခံရသဖြင့် တော်လှန်ရေးအဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားသည်။
ထိုနေ့ နံနက် ၅ နာရီခွဲခန့်တွင် အင်အား ၈၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုက မြို့တောင်ဘက် ၄ မိုင်ခန့်အကွာရှိ စခန်းကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသည့် စခန်းတာဝန်ခံအမျိုးသားက ပြောသည်။
“အရှင်ဖမ်းချင်တဲ့ ပုံစံမျိုးနဲ့ ဝင်စီးတယ်၊ နည်းနည်းနီးလာတဲ့အချိန်မှာ ကျွန်တော်တို့ဘက်က လက်နက်ငယ်နဲ့ ပြန်ပစ်တယ်၊ နှစ်ယောက်ကတော့ ပေးဆပ်လိုက်ရတယ်၊ တိုက်ပွဲဖြစ်စဉ်မှာ ပစ်ခံလိုက်ရတယ်၊ တစ်ယောက်ကတော့ အရှင်မိပြီးတော့မှ ပစ်သတ်ခံရတာ” ဟု အဆိုပါ တာဝန်ခံအမျိုးသားက ပြောသည်။
ကိုဓားသွားနှင့် ကိုဒိုလေးမှာ စခန်းကို စွန့်ခွာစဉ် စစ်တပ်နှင့် တည့်တည့်တိုးကာ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ စခန်းအတွင်း ပိတ်မိနေစဉ် သေဆုံးသည့် အသက် (၂၀) ဝန်းကျင်အရွယ် ကိုကျော်ကြီး၏ အလောင်း မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။
စီးနင်းမှုတွင် လွတ်မြောက်သွားသူများမှာ စခန်းတာဝန်ခံနှင့် ရဲဘော် ၃ ဦးတို့ ဖြစ်ပြီး ရဲဘော်တစ်ဦး လက်မောင်းတွင် ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။
၎င်းတို့ ၄ ဦး စခန်းမှ စွန့်ခွာမည့်အချိန်တွင် စခန်း၌ ထောင်ထားသည့် မိုင်းကို ဖောက်ခွဲနိုင်ခဲ့သဖြင့် စစ်ကောင်စီတပ်က တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု စခန်းတာဝန်ခံက ပြောသည်။
“(မိုင်းထောင်ပြီးသားက) အမြဲတမ်းအဆင်သင့်ရှိတာဗျ၊ အဲဒီလိုထောင်တဲ့ဟာက အမြဲတမ်း အဆင်သင့်ရှိတာ၊ သူတို့ဝင်လာတာရှိရင် ပစ္စည်းတွေ သူတို့ဆီလည်း မပါအောင်၊ သူတို့လည်း ထိခိုက်အောင် လုပ်ထားတာ၊ ကျွန်တော်အိပ်တဲ့ တဲအောက်မှာပဲ ထားတာဗျ” ဟု အဆိုပါ စခန်းတာဝန်ခံက ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် တဲအတွင်းမှ စက်သွယ်ရေး အထိုင်စက်တစ်လုံးနှင့် မိုင်းထုတ်လုပ်ရေးပစ္စည်းများ ပျက်စီးခဲ့ပြီး ကျန်သည့် တဲသုံးလုံးကို စစ်ကောင်စီတပ်က မီးရှို့သွားခဲ့သည်ဟု ဆိုသည်။
ထိုစစ်ကောင်စီတပ်ကို ထိုနေ့ နံနက် ၈ နာရီခန့်က ဝန်းသိုမြို့အပြန်လမ်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးပေ။
မွန်းလွဲပိုင်းတွင် စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းခဲ့ရာ ပကဖ ရဲဘော်သုံးဦး၏ အလောင်း၊ စစ်ကောင်စီတပ် စွန့်ပစ်ထားခဲ့သည့် သွေးစွန်းပတ်တီးစများ၊ ဆေးထိုးအပ်များလည်း တွေ့ခဲ့ရသည်ဟု ဆိုသည်။
စစ်တပ်က စခန်းနေရာ၊ လူအင်အား၊ လက်နက်အင်အားကိုလည်း သိရှိထားသည်၊ သတင်းပေးတချို့၏ လမ်းပြအကူအညီ ရခဲ့သည်ဟု ဝန်းသို (ပကဖ) အဖွဲ့က ယူဆသည်။
ဝန်းသိုအခြေစိုက် ခြေမြန်တပ်ရင်း အမှတ် (၁၁၁)၊ (၁၂၀) တို့က ဝန်းသိုနှင့် ကောလင်းမြို့နယ်များတွင် စစ်ကြောင်းထိုးလေ့ရှိသည်။
ဩဂုတ် ၂၀ ရက် နံနက်ကလည်း ဝန်းသို၏ အရှေ့ဘက် မိုင် ၆၀ ခန့်အကွာ ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထီးချိုင့်မြို့အနောက်ဘက်ရှိ ကွင်းကြီးရွာနှင့် ဇီးကုန်းအနီးတွင် ထီးချိုင့်-PDF၊ ပကဖ ပူးပေါင်းအဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်တပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးလာကြဲခဲ့ကြောင်း ထီးချိုင့်-PDF အဖွဲ့နှင့် နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ် အထိနာခဲ့သည့်အတွက် လေကြောင်းအကူအညီယူရခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ယနေ့ (ဩဂုတ် ၂၁ ရက်) တွင် တိုက်ပွဲဖြစ်ပွားခြင်း ရှိမရှိ မသိရသေးသော်လည်း စစ်တပ်က ကုန်းကြောင်းအပြင် ရေကြောင်းမှပါ စစ်ကြောင်းထိုးနေသည်ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေးများ ပျံ့နှံ့ခဲ့ရာ စစ်ကိုင်း-ကချင်နယ်စပ်အနီးရှိ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ကသာ စသည့် မြို့များတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)