
စစ်ကိုင်းတိုင်းအလယ်ပိုင်း ခင်ဦးမြို့ပေါ်တွင် လက်နက်ကိုင်တော်လှန်ရေးသမားတစ်ဦး ဖမ်းဆီးခံရပြီး နောက်တစ်နေ့ (ဩဂုတ် ၁၈) တွင် သူ၏ ရုပ်အလောင်းကို မူးချောင်းအတွင်း တွေ့ရှိခဲ့ကြောင်း Black Eagle ပြောက်ကျားအဖွဲ့မှ တာဝန်ခံက ပြောသည်။
သေဆုံးသူမှာ Black Eagle မြို့ပြပြောက်ကျားအဖွဲ့ဝင် အသက် ၁၈ နှစ်အရွယ် ကိုရဲမင်းထက် ဆိုသူ ဖြစ်သည်။
ဩဂုတ် ၁၇ ညက မြကန်သာရပ်ကွက်ရှိ မြို့ပြပြောက်ကျားအဖွဲ့ဝင်တချို့ နေထိုင်သည့် နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်စီးနင်းစဉ် ကိုရဲမင်းထက် ဖမ်းဆီးခံရသည်။
ထို့နောက် ၎င်းကို စစ်ကောင်စီတပ် အထိုင်ချထားသည့် မင်းသိုက်ဆေးဆိုင်သို့ ခေါ်ဆောင်သွားပြီး ညတွင်းချင်းမှာပင် ခင်ဦးမြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ရဲစခန်းအတွင်းမှ သေနတ်ပစ်ခတ်သံတစ်ချက် ထွက်ပေါ်လာကြောင်း အဖွဲ့တာဝန်ခံက ဆိုသည်။
“သူ ဖမ်းခံလိုက်ရပြီး ညတွင်းချင်းပဲ သူ အသတ်ခံခဲ့ရတယ်။ နောက်တစ်နေ့ မွန်းလွဲကျတော့ သူ့အလောင်းကို မြို့အရှေ့ဘက်က မူးထဲမှာ တွေ့တယ်” ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
စိုက်ပျိုးရေ ပေးဝေသည့် မူးချောင်းအတွင်း ကိုရဲမင်းထက်၏ ရုပ်အလောင်းကို တွေ့သည်ဟု ဒေသခံများထံမှ သိရသဖြင့် ဆယ်ယူသင်္ဂြိုဟ်နိုင်ခဲ့သည်ဟု ထိုအဖွဲ့တာဝန်ခံက ပြောသည်။
၁၇ ရက်နေ့ ည ၁၁ နာရီခန့်က မြို့ပြပြောက်ကျားအဖွဲ့ဝင် ၆ ဦး၊ ဆွေမျိုးတော်စပ်သူ အသက် ၃၇ နှစ်အရွယ် မသီတာဦး၊ ၎င်း၏ ၃ နှစ်အရွယ် အမြွှာကလေးနှစ်ဦးတို့ နေထိုင်သည့် နေအိမ်ကို စစ်ကောင်စီတပ်က ပစ်ခတ်စီးနင်းခဲ့သည်။
ပိတ်ဆို့ပစ်ခတ်မှုအတွင်း အမြွှာကလေးနှစ်ဦးထဲမှ မောင်သုတညီညီထက် ဦးခေါင်းထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့သည်။
ကပ်လျက်နေအိမ်လည်း ပစ်ခတ်ခံရသဖြင့် ထိုအိမ်မှ အသက် ၅၀ ခန့်အရွယ် ဦးပိန်ဆိုသူလည်း သေဆုံးခဲ့သည်။

ထို့နောက် အမွှာကလေးနှစ်ဦး၏ မိခင် မသီတာဦးနှင့် ပြောက်ကျားတပ်ဖွဲ့ဝင် ကိုရဲမင်းထက်တို့ ဖမ်းဆီးခံရကာ ရုပ်အလောင်းများကို စစ်တပ်က ယူဆောင်သွားပြီး မည်သို့စီစဉ်သည်ကို မသိရသေးပေ။
အသက်ရှင် ကျန်ရစ်ခဲ့သော အမြွှာကလေးငယ်ကို လာရောက်ခေါ်ဆောင်ရန် စစ်ကောင်စီတပ်က ဩဂုတ် ၁၉ တွင် အကြောင်းကြားခဲ့သောကြောင့် ဆွေမျိုးများက ခေါ်ယူထားကြောင်း မြို့ခံများထံမှ သိရသည်။
မိခင်ဖြစ်သူ မသီတာဦးကို ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် စစ်ကောင်စီက ကြေညာပြီး ဆက်လက်ဖမ်းဆီးထားကာ မြို့မရဲစခန်းအတွင်း ချုပ်နှောင်ထားသည်။
မသီတာကို ဖမ်းဆီးမှုအကြောင်း စစ်တပ်ဝါဒဖြန့်စာမျက်နှာများတွင် အများအပြား တွေ့ရသော်လည်း ကိုရဲမင်းထက် ဖမ်းဆီးခံရမှု၊ အလောင်း ချောင်းထဲ ရောက်နေမှုတို့နှင့် ပတ်သက်ပြီး ဖော်ပြကြခြင်း မရှိပေ။
နေအိမ်စီးနင်းမှုနှင့် ဆက်စပ်၍ စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးထားသည့် ခင်ဦးမြို့အနောက်တောင်ခြမ်းရပ်ကွက်များကို စီးနင်း မွှေနှောက်လျက်ရှိသည်ဟု သိရသည်။
စီးနင်းသည့် စစ်ကြောင်းတွင် ခင်ဦးမြို့နယ်မြောက်ခြမ်းရှိ မဒေါင်းလှကျေးရွာ စစ်ကောင်စီစခန်းမှ လက်နက်ကိုင်များ၊ ကန့်ဘလူမြို့နယ်ဘက်မှ လက်နက်ကိုင်များ ပါဝင်သည်ဟု ဆိုသည်။
ခင်ဦးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များမှာ နေအိမ် စီးနင်းခံရသည့် ညကတည်းက နေရာပြောင်းရွှေ့၊ မြို့တွင်းမှ ထွက်ခွာထားသည့်အတွက် အထိအခိုက်မရှိနိုင်ဟု ယူဆရကြောင်း Black Eagle အဖွဲ့ တာဝန်ခံက ဆိုသည်။
“ဒီကောင်တွေ အင်အားက အခု မြို့ပေါ်မှာ ၃၀၀ ကျော်လောက် ဖြစ်နေတယ်။ မြို့အနောက်တောင်ခြမ်းကို မွှေနေတာ၊ ကျွန်တော်တို့ သတင်းကြားတာတော့ မြို့ပေါ်မှာ UG တွေ မရှိစေရဆိုပြီး လုပ်နေတာ”
ယနေ့ (ဩဂုတ် ၂၁) မွန်းလွဲတွင်လည်း ခင်ဦးမြို့အဝင် ခင်ဦး-ရေဦး ကားလမ်းပေါ်ရှိ Khin-U Phoenix အမည်ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ပိတ်ဆို့ ပစ်ခတ်ခဲ့သည်။
ဇူလိုင်လအတွင်း ရေဦးမြို့၌ အထိုင်ချ တပ်စွဲထားသော စစ်တပ်က မူးမြစ်တစ်ဖက်ကမ်း ခင်ဦးမြို့နယ်ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ၂ ရက်အတွင်း မူလတန်းကျောင်းသားတစ်ဦး အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့သည်။
ယင်းလမှာပင် ခင်ဦးမြို့နယ်အနောက်ခြမ်း အင်းပတ်ကျေးရွာ စာသင်ကျောင်း၌ ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသလို တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
စစ်ကောင်စီတပ်ကလည်း တော်လှန်ရေးအင်အားစုများ အင်အားကောင်းရာ ခင်ဦးမြို့နယ်တွင် အနောက်ခြမ်းအပါအဝင် နေရာအနှံ့အပြားကို မီးရှို့ခဲ့ရာ ကျေးရွာပေါင်း ၇၄ ရွာမှ နေအိမ်ပေါင်း ၆၀၀၀ ဝန်းကျင် မီးလောင်ကျွမ်းကာ ဒေသခံ ၃၀၀၀၀ ကျော် အကူအညီများ လိုအပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)