သတင်း

ခင်ဦးမြို့တွင် စစ်တပ်က ၃ နှစ် ကလေးကို ပစ်သတ်ပြီး မိခင်ကို ဖမ်းဆီး

စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်ရှိ နေအိမ်တစ်လုံးကို ယမန်နေ့ (ဩဂုတ် ၁၇) ညပိုင်းတွင် ပစ်ခတ်စီးနင်းခဲ့ရာ ၃ နှစ်သားတစ်ဦး သေဆုံးခဲ့ပြီး၊ အမြွှာအစ်ကို၊ ၎င်းတို့၏ မိခင်၊ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးတို့ ဖမ်းဆီးခံရသည်။

ည ၁၁ နာရီခန့်က မြကန်သာရပ်ကွက်ရှိ စီးနင်းခံရသည့်အိမ်တွင် သုတညီညီထက် ကျည်ထိမှန် သေဆုံးခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ကပ်လျက်နေအိမ်မှ အသက် ၅၀ ခန့်အရွယ်ရှိ ဦးပိန်ဆိုသူလည်း ကျည်ထိမှန်သေဆုံးကာ ၎င်း၏သား ၁၇ နှစ်အရွယ် ငဝိုင်းဆိုသူလည်း ခြေထောက်တွင် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများနှင့် မြို့ပြပြောက်ကျားအဖွဲ့နှစ်ဖွဲ့ထံမှ သိရသည်။

“အမွှာကလေးလေးထဲက အငယ်ကောင်လေးက စခတွေ ပစ်ကတည်းက နေရာမှာပင် ဦးခေါင်းထိသွားတာ၊ တစ်ဖက်အိမ်က ဘိုးတော်ကြီးကလည်း အဲဒီလိုပဲ” ဟု ခင်ဦးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခု၏ တာဝန်ခံတစ်ဦးက ပြောသည်။

ခင်ဦးမြို့ပေါ်မှ စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်လေ့ရှိသည့် Black Eagle အမည်ရှိ မြို့ပြပြောက်ကျားအဖွဲ့ဝင်များ အဆိုပါနေအိမ်တွင် နေထိုင်ခဲ့သည်ဟု သိရသည်။

“အိမ်ကို အရင်ဝိုင်းပြီးတော့ ဝင်ဖမ်းတာမလုပ်ဘဲ…အသေပစ်တာ၊ ဝိုင်းပြီး ပစ်တာ၊ တရစပ်ပစ်ပြီးတော့မှာ ဝင်စီးတာကို ခံလိုက်ရတာ” ဟု Black Eagle မြို့ပြပြောက်ကျားအဖွဲ့၏ တာဝန်ခံကလည်း ပြောသည်။

ထိုအိမ်တွင် ပြောက်ကျားအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရကြောင်း၊ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော ခေါင်းဆောင်တစ်ဦးနှင့် အဖွဲ့ဝင် ၄ ဦးတို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုတာဝန်ခံက ဆိုသည်။

ဖမ်းဆီးခံရသည့် ကလေးမိခင် မသီတာဦးကို လက်နက်များနှင့်အတူ ထုတ်ပြန်ထားစဉ်။

ထိုစီးနင်းမှုအတွင်း မောင်းပြန်သေနတ် ၃ လက် ဆုံးရှုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်က သုတညီညီထက်၊ အိမ်နီးချင်း ဦးပိန်တို့၏ ရုပ်အလောင်းများကို ယူဆောင်သွားပြီး၊ အမြွှာအစ်ကို သုတကိုကိုထက်နှင့် မိခင်ဖြစ်သူ ၃၇ နှစ်အရွယ် မသီတာဦး၊ မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးတို့ကို ဖမ်းဆီးသွားကြောင်း Black Eagle အဖွဲ့ တာဝန်ခံက အတည်ပြုသည်။

အဖမ်းခံရသည့် အမျိုးသမီးသည် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦး၏ ဆွေမျိုးတော်စပ်သူဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများကို အာဏာသိမ်းစကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ခင်ဦးမြို့ပေါ်ရှိ မင်းသိုက်ဆေးဆိုင်သို့ ခေါ်ဆောင်သွားသည်ဟု သိရကြောင်း ဒေသတွင်းအခြေစိုက် အခြားပြောက်ကျားတပ်ဖွဲ့၏ တာဝန်ခံက ပြောသည်။

“မေးတာမြန်းတာ မလုပ်ဘူး။ အိမ်အပြင်ကနေ ဝိုင်းပြီးတော့ အရင် အသေပစ်တာ။ ကြည့်ရတာ သူတို့မှာ သေချာတဲ့သတင်း ရှိပြီးသား” ဟု ၎င်းက ဆိုသည်။

ဩဂုတ် ၁၆ ရက်နေ့က ခင်ဦးမြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦး ရွှေဘိုမြို့သို့ သွားစဉ် ဖမ်းဆီးခံလိုက်ရပြီးနောက် သတင်းပေါက်ကြားကာ မြို့ပေါ်ရှိ Black Eagle အဖွဲ့၏ နေအိမ် စီးနင်းခံရခြင်း ဖြစ်သည်ဟု ဒေသတွင်းမြို့ပြပြောက်ကျားအဖွဲ့များက ယူဆကြသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင် ကလေးမိခင်မှာ အကြမ်းဖက်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း၊ နေအိမ်ကို စီးနင်းနိုင်ခြင်းမှာ ဒေသခံများ၏ သတင်းပေးမှုကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

မြကန်သာရပ်ကွက်ကို စီးနင်းရာ မျိုးကျော်ဆိုသူ တိမ်းရှောင်ထွက်ပြေးသွားပြီး သီတာဦးဆိုသူကို စနိုက်ပါအပါအဝင် သေနတ် ၄ လက်၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

အခြား သေဆုံး၊ ဖမ်းဆီးမှုများကို ဖော်ပြထားခြင်း မရှိပေ။

ခင်ဦးမြို့နယ်တွင် ကျေးရွာအများစုကို ဒေသကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးထားသည်။

စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက်များ၊ ခင်ဦး-ရေဦး ကားလမ်းဘေးရွာများဖြစ်သည့် မြို့၏ အရှေ့ဘက် ၃ မိုင်အကွာရှိ မကျည်းတုံရွာ၊ တစ်မိုင်အကျော်တွင် ရှိသည့် ဝန်ထမ်းလိုင်းခန်းအိမ်ရာ၊ မြို့မြောက်ဘက်ရှိ မဒေါင်းလှရွာ၊ မြို့အနောက်ဘက်တွင် ပြင်ထောင်ရွာ၊ မြင်ဒေါင်းရွာ၊ ရွာသစ်ကုန်းရွာတို့တွင် စခန်းချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button