စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးရှိ ဝက်မှေးကျေးရွာဟောင်းကို စစ်ကောင်စီတပ်က အင်အားသုံး၍ သံဆူးကြိုးခတ်လိုက်ပြီးနောက် ထိုနေရာတွင် နှစ်ကာလရှည် နေထိုင်ခဲ့သော ဒေသခံများ ယနေ့ (ဩဂုတ် ၁၈) မှ စတင်ပြီး ပြောင်းရွှေ့ပေးနေရပြီ ဖြစ်သည်။
စစ်တပ်နှင့် တရုတ်တို့ အကျိုးတူလုပ်ကိုင်နေသည့် ကြေးနီစီမံကိန်းအနီး တည်ရှိသော ဝက်မှေးရွာဟောင်းကို ယခုလ ၃ မှ ၆ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်က စည်းရိုးခတ်ခဲ့သည်။
အိမ်ခြေ ၁၀၀ ကျော်ရှိခဲ့သော ဝက်မှေးရွာ၌ ယခင်အရပ်သားအစိုးရလက်ထက်ကတည်းက မြေယာလျော်ကြေး မယူဘဲ ဆက်လက်နေထိုင်နေကြသော အိမ်ထောင်စု ၃၅ စုခန့်မှာ ဖိအားပေးခံရပြီးနောက် ထိုနေရာမှ တစ်မိုင်ခန့်အကွာ ဆားလင်းကြီး – ညောင်ပင်ကြီးလမ်းအရှေ့ဘက် ဝက်မှေးရွာသစ်သို့ ၁၀ ရက်အတွင်း အပြီးပြောင်းရွှေ့ပေးရသည်ဟု ဆိုသည်။
စစ်ကောင်စီလက်နက်ကိုင်တို့၏ ရန်ကြောင့် နေအိမ်များဖျက်၍ ပြောင်းရွှေ့နိုင်ရေး စီစဉ်နေရသည်ဟု ဝက်မှေးရွာဒေသခံများထံမှ သိရသည်။
အိမ်ဖျက်ပြီး ရွှေ့ရေးအတွက် လက်သမားငှားရ ခက်ခဲနေသည်ဟု ဝက်မှေးရွာဟောင်းနေ ဒေသခံတစ်ဦးက ဆိုသည်။
“ဒီနေ့တော့ ဘယ်နှဦးရယ်တော့ မဟုတ်ဘူး။ တချို့လက်သမားတွေက မလိုက်ရဲတာလည်း ရှိတယ်။ ငှားရသလောက်လေးက ဒီနေ့ စရွှေ့ရမှာ။ ဒီဘက်ကလည်း သူတို့က လုံခြုံရေးတွေကလည်း ကျပ်နေတာ။ နေရာကလည်း သူတို့ပေးထားတဲ့ ရွာသစ်ပဲ” ဟု ထိုဒေသခံက ဆိုသည်။
၂၀၁၃ ခုနှစ်က ပေးခဲ့သော နှုန်းထားအတိုင်း မြေယာလျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ် ၁၈ သိန်း ပေးမည်ဟု ကုမ္ပဏီဘက်က ကမ်းလှမ်းထားသည်ဟု သိရသော်လည်း ပြောင်းရွှေ့ပေးရသူတို့ကမူ ရေရာမှုမရှိသေးဟု ပြောကြသည်။
“မြေယာလျော်ကြေး တစ်ဧက ၁၈ သိန်း ပြောပြီး ပိုက်ဆံဘာညာ ချပေးတာ ဘာမှမရှိသေးဘူး။ ၁၈ သိန်းအပြတ်လို့ပဲ ပြောထားတယ်။ နောင်တစ်ချိန် ခေတ်ကောင်းမှ ပေးမှာလိုလို၊ ဘဏ်စာအုပ် လုပ်ပေးမှာလိုလိုပဲ ရှိသေးတာ။ လက်တွေ့ကတော့ အဲ့ဒါတွေ ဘာတွေမှ မရသေးဘူး” ဟု အထက်ပါ ရွာခံက ဆက်ပြောသည်။
အိမ်ပြင်စရိတ်၊ ပြောင်းရွှေ့စရိတ်ဟု ဆိုကာ အိမ်ထောင်စု တစ်စုလျှင် ကျပ်သိန်းဂဏန်းအနည်းငယ် ပေးခဲ့ကြောင်း သိရသည်။
“ပိုက်ဆံက အိမ်ပြင်စရိတ်ဆိုပြီး ၇ သိန်းဆို ၇ သိန်း၊ ၄ သိန်းဆို ၄ သိန်း အဲဒီလို သတ်မှတ်ပြီး ချပေးတာ။ မြေဧကအတွက်တွေ မပေးသေးတာ။ အိမ်ပြင်စရိတ်နဲ့ ရွှေ့စရိတ် ….ဒါပဲ” ဟု ဝက်မှေးရွာခံက ပြောသည်။
ခြံစည်းရိုးခတ်ချိန် ရွာဟောင်းအတွင်း ပိတ်မိကျန်နေခဲ့သော ဒေသခံ ၄၂ ဦးလည်း ရွှေ့ပေးရမည် ဖြစ်သည်ဟု သိရသည်။
“၁၀ ရက်အတွင်း အပြီးရွှေ့ရမယ်တဲ့။ အကုန်ပြီးစီးမှ ရွှေ့ရမဲ့သဘော။ အိမ်တွေကိုတော့ ထုတ်ပေါ့။ အပြင်ဘက်ကလူတွေ အပြင်ဘက်ကိုပဲ သယ်။… ရွာထဲက လူတွေက အကုန်ပြီးစီးတဲ့ နေ့ကျမှ ထွက် (ရမယ်)” ဟု အထက်ပါ ဝက်မှေးဒေသခံက ပြောပြသည်။
ဩဂုတ်လဆန်းတွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စစ်အင်အား ရာနှင့်ချီ လုံခြုံရေးယူပြီး ကုမ္ပဏီက ခြံစည်းရိုး ရုတ်တရက် ခတ်လိုက်ရာ ဝက်မှေးရွာဟောင်းတွင် နေထိုင်နေသည့် အိမ်ထောင်စု ၃၅ စုအနက် ဒေသခံတချို့ ထွက်နိုင်ခဲ့သော်လည်း သက်ကြီးရွယ်အိုများအပါအဝင် ၄၂ ဦးမှာ ရွာအတွင်း ပိတ်မိကျန်ရစ်သည်။
ထိုသို့ ခြံစည်းရိုးခတ်လိုက်ပြီးနောက် ရွှေ့ပေးရန် ကုမ္ပဏီက ဖိအားပေးရာ ပိတ်မိနေသူများ၏ လုံခြုံရေးအခြေအနေကြောင့် ပြောင်းရွှေ့ရန် ဒေသခံများက ဆုံးဖြတ်ခဲ့ကြသည်။
အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု ပင်မဒေသဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်း တော်လှန်မှုအားကောင်းရာမြို့နယ်များကို ယခုနှစ်ဆန်းပိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ လက်ပံတောင်းကြေးနီစီမံကိန်း တည်ရှိရာ ဆားလင်းကြီးမြို့နယ်လည်း ပါဝင်သည်။
ဒေသခံများအတွက် အကျိုးမရှိသည့် ကြေးနီစီမံကိန်းကို ရပ်တန့်ထားရန် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ၂၀၂၂ နှစ်လယ်ပိုင်းက တောင်းဆိုခဲ့သည်။ ကုမ္ပဏီကလည်း ၂၀၂၁ ဖေဖော်ဝါရီမှ စပြီး ယာယီရပ်ဆိုင်းထားကြောင်း တုံ့ပြန်ခဲ့သည်။
သို့သော်လည်း မြေပြင်တွင် စီမံကိန်းပြန်လည်စတင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း လက်ပံတောင်းဒေသခံများက သုံးသပ်သည်။
ကုမ္ပဏီ စီမံကိန်းဧရိယာအတွင်း စစ်ကောင်စီတပ်ဖွဲ့များကို စခန်းချခွင့်ပြုပြီး စားနပ်ရိက္ခာ ထောက်ပံ့ကျွေးမွေးခြင်း၊ စီမံကိန်းအနီးရှိ ရွာများကို စစ်ကြောင်းထိုးရာ၌ ကုမ္ပဏီပိုင်ကားများဖြင့် လိုက်ပို့ပေးခြင်းတို့ ရှိနေသည်ဟု အာဏာသိမ်းမှုဆန့်ကျင်သည့် ဒေသခံတို့က ဆိုသည်။
ထို့ပြင် ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်တပ်က အနီးဝန်းကျင် ကျေးရွာများကို ညအချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသည်ဟု ၎င်းတို့က ပြောသည်။
ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီတို့က စစ်ကောင်စီတပ်ဖွဲ့ကို ပံ့ပိုးထားသဖြင့် ညောင်ပင်ကြီး-ယင်းမာပင်-ပုလဲ ကားလမ်းပေါ်တွင် ဆက်ကြေးကောက်ခံခြင်း၊ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပေါ် ခရီးသွားပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အနီးအနားကျေးရွာများကို မီးရှို့ခြင်းတို့ လုပ်ဆောင်နေကြောင်း သပိတ်အင်အားစုများက ထောက်ပြသည်။
ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများကို ရပ်တန့်ခြင်း မရှိပါက အရေးယူသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)