သတင်း

လက်ခတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်အထိနာဟု KNU ပြော

ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ လက်ခတ်တောင် စခန်းကုန်းအနီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူများထဲတွင် အရာရှိ ၂ ဦး ပါဝင်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်ဆေးက ပြောသည်။

မြဝတီမြို့တောင်ဘက် ၅ မိုင်ဝန်းကျင်အကွာ စစ်ရေးအရ ဗျူဟာမြောက် အရေးပါသည့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ကရင်အမျိုးသားအစည်းရုံး (KNU) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၁ တွင် သိမ်းပိုက်ပြီးနောက်တွင် ထိုစခန်းကို ပြန်ရရန် စစ်ကောင်စီက ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်နေသည်။

“လက်ခတ်တောင်ကို (စစ်ကောင်စီ) ပြန်လည် သိမ်းပိုက်ဖို့ ကြိုးစားတဲ့ အခု ရက်အနည်းငယ်ထဲမှာပဲ ဗိုလ်မှုး ၁ ဦးနဲ့ ဗိုလ်ကြီး ၁ ဦး အပါအဝင် အားလုံးပေါင်း ၁၅ ဦး သူတို့ဘက်က ကျဆုံးတယ်။ ၂၁ ဦးက ဒဏ်ရာရရှိတယ်” ဟု ပဒိုစောကလယ်ဆေးက ဆိုသည်။

စစ်ကောင်စီက စခန်းပြန်ရရန် ၁၀ ကြိမ်ထက်မနည်း ထိုးစစ်ဆင် ကြိုးပမ်းခဲ့သော်လည်း အကျအဆုံးများစွာဖြင့် နောက်ပြန်ဆုတ်နေရကြောင်း၊ စစ်ကောင်စီထံမှ လက်နက်အများအပြားရရှိကြောင်း ထိုတိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည့် ကော်ဘရာစစ်ကြောင်းက ဩဂုတ် ၁၄ တွင် သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ဩဂုတ် ၁၅ နံနက် ၃ နာရီဝန်းကျင်မှစ၍ စစ်ကောင်စီမြေပြင်တပ်က လက်နက်ကြီး၊ တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ အကူအညီဖြင့် ထိုးစစ်ဆင်လာခြင်းကို ကောင်းစွာခုခံနိုင်ခဲ့သည်ဟု ကော်ဘရာစစ်ကြောင်းက ဩဂုတ် ၁၇ တွင် သတင်းထပ်မံထုတ်ပြန်သည်။

ထိုတိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သလို၊ Jet Fighter ဖြင့် ၃ ကြိမ်၊ Mi 35 ရဟတ်ယာဉ်ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တပ်မ-၄၄ လက်အောက်ခံတပ်ဖွဲ့များက မြေပြင်စစ်ကြောင်း ထိုးခဲ့သည်ဟု ကော်ဘရာက ဆိုထားသည်။

အဆိုပါ ထိုးစစ်တွင် စစ်ကောင်စီတပ်ထံမှ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ MA Sniper ၁ လက်၊ MA 4 ၂ လက်၊ MA 3 ၃ လက်၊ MA 2  ၄ လက်၊ MA 1 ၁ လက်၊ M16 ၁ လက်နှင့် ခဲယမ်းများစွာ ရရှိကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာက သတင်းထုတ်ပြန်ထားသည်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ၂၀၂၁ စစ်အာဏာသိမ်းပြီးမှ ပေါ်ထွန်းလာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့၏ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ပိုကောင်းလာသည်ဟု ပဒိုစောကလယ်ဆေးက ပြောသည်။

“PDF လူငယ်လေးတွေရဲ့ တိုက်ရည်ခိုက်ရည်က တိုးတက်လာသလို စနစ်လည်း ပိုကျလာတာတော့ ကျွန်တော်တို့ ငြင်းစရာ မရှိပါဘူး”

လက်ခတ်တောင်စခန်းကုန်း တိုက်ပွဲတွင် KNLA တပ်မဟာ ၆ နှင့် PDF ဘက်မှ ကော်ဘရာစစ်ကြောင်း (၁)၊ ကျားသစ်နက် စစ်ကြောင်း၊ Federal Wings, ရောင်နီတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်နေသည်။

ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ထိန်းချုပ်နယ်မြေများ ထူထောင်ထားသည့် KNU/KNLA၏ ဗဟိုဦးစီးမှုး ဗိုလ်မှုးချုပ် စောတာမလောသောက မြန်မာနိုင်ငံတောင်ပိုင်းတွင် စစ်ကောင်စီတပ် လှုပ်ရှားမှုများ၊ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို ထိန်းချုပ်ထားနိုင်ပြီဟု ဩဂုတ် ၁၀ ရက်နေ့က အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

၂၀၂၁ တွင် စစ်အာဏာသိမ်းမှုပေါ်ပေါက်လာသဖြင့် စစ်တပ် ပါဝင်လက်မှတ်ထိုးထားသည့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ပျက်ပြယ်ပြီဟု KNU က ထုတ်ပြောထားသည်။ KNU လှုပ်ရှားနယ်မြေများအတွင်းရှိ စစ်ကောင်စီ ထောက်ပံ့ပို့ဆောင်ရေး လမ်း၊ တံတားတချို့၊ စစ်တပ်စခန်း၊ ရုံးဌာနများကို ပူးပေါင်းအဖွဲ့က မကြာခဏ တိုက်ခိုက်နေကြသည်။

လက်ခတ်တောင်တိုက်ပွဲများအတွင်း ထိခိုက်၊ သေဆုံးမှု၊ လက်နက်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်က ထိုစခန်းဝန်းကျင် ပူးပေါင်းတပ် ရှိနိုင်မည့် နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button