သတင်း

စစ်ကောင်စီတပ် အင်းတော်တွင် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့မှ ပြန်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ကို အင်းတော်မြို့နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးသမားများက ယနေ့ (ဩဂုတ် ၁၄) တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နံနက် ၁ နာရီတွင် မြို့အရှေ့ဘက် ၁၀ မိုင်အကွာ ကျောက်ခွဲစက်စခန်းအနီး ရောက်လာသည့် တပ်ကို တိုက်ခိုက်ရာ ထရပ်ကားကြီးတစ်စီး ပျက်စီးသလို အကျအဆုံးလည်း များပြားနိုင်သည်ဟု အင်းတော် တော်လှန်ရေးအဖွဲ့ (Indaw Revolution-IR) တာဝန်ခံက ပြောသည်။

“အရင်ဆုံး မိုင်း ၃ လုံး ခွဲလိုက်တယ်၊ အဲဒီမိုင်း ၃ လုံးကလည်း ထိထိမိမိပဲ။ ပြီးတာနဲ့ လက်နက်ကြီးရော၊ လက်နက်ငယ်နဲ့ရော ဝိုင်းပစ်ကြတာ။ မနက်မိုးလင်းထိကို ဖြစ်ကြတယ်” ဟု သူက ပြောသည်။

ထိုယာဉ်တန်းက အင်းတော်မြို့တွင် တပ်ထိုင်နေသည့် စစ်အင်အင်အား ၂၀၀ ခန့်အတွက် ရိက္ခာနှင့် လစာ သွားထုတ်ခြင်း ဖြစ်သည်၊ စစ်တပ်က ပျက်စီးသွားသည့် ကားတစ်စီးကို ဆွဲယူကာ အင်းတော်ရဲစခန်းအတွင်းသို့ သယ်ယူသွားခဲ့သည်၊ ကျန်တစ်စီးက အင်းတော်မြို့ စစ်တပ်ကုန်းစခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟု အထက်ပါ တာဝန်ခံက ပြောသည်။

အင်းတော်မြို့တွင်းရှိ စစ်ကောင်စီစစ်တပ်ကုန်းဘက်မှ လက်နက်ကြီးပစ်ခတ်သံ အများအပြား ထွက်ပေါ်လာသည်၊ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ပစ်ကူပေးခြင်း ဖြစ်နိုင်သည်ဟု အင်းတော်ဒေသခံ အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့နံနက် ၁၁ နာရီခန့်တွင် စစ်တပ်ကုန်းစခန်းအတွင်း ရုပ်အလောင်းနှစ်ခု မြန်မာနိုင်ငံအလံအုပ်ထားသည်ကို မြို့ခံအချို့က တွေ့ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ရုပ်အလောင်းများ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်လာသည်၊ ထိုမှတစ်ဆင့် ရေတွင်းကုန်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့သည်ဟု ဒေသခံအချို့က ပြောကြောင်း သူက ဆိုသည်။

ထိုအရေအတွက် မှန်မမှန်ကိုမူ သီးခြား အတည်ပြုနိုင်ခြင်းမရှိပါ။

တိုက်ပွဲဖြစ်ပွားပြီးနောက် အင်းတော်မြို့အထွက်ရှိ စစ်ဆေးရေးဂိတ်နှင့် မြို့တွင်းရှိ စစ်တပ်ကုန်းအနီးရှိ စစ်ဆေးရေးဂိတ်တို့တွင် အစစ်အဆေး တင်းကျပ်ခဲ့ပြီး လက်ကိုင်ဖုန်းများကိုလည်း စစ်ဆေးခဲ့သည်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမှု နိုင်ငံအနှံ့ ဖြစ်ပွားလာရာ စစ်ကိုင်းတိုင်းသည် လက်နက်ကိုင်တော်လှန်ရေး အားအကောင်းဆုံးဒေသများထဲတွင် ထိပ်ပိုင်းမှ ပါဝင်နေသည်။

စစ်ကိုင်း-ကချင် နယ်စပ်မျဉ်းအနီးရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ရေးနှင့် စစ်ပညာကူညီမှု ရရှိထားပြီး စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် ခုခံနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button