သတင်း

အဖမ်းခံထားရသည့် CNDF တပ်ဖွဲ့ဝင်တစ်ဦး ကလေးမြို့တွင် သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တပ်ဖွဲ့ဝင်တစ်ဦး ဩဂုတ် ၆ ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။

CNDF တပ်ဖွဲ့ဝင် အသက် ၂၉ နှစ်အရွယ် ဆလိုင်းဗန်ဗျက်ဟိန် ထောင်ပြင်ပဆေးရုံသို့ ရောက်ပြီး နာရီပိုင်းသာ အသက်ရှင်ခဲ့ကြောင်း သိရသည်။

“မနက် ၁၀ နာရီပတ်ဝန်းကျင်လောက်မှာ ထောင်ကနေ ဆေးရုံကို ရောက်တယ်။ သူက နှလုံးဖောက်တဲ့ ပုံစံမျိုးနဲ့ တူတယ်။ ဆေးရုံရောက်ပြီး သိပ်မကြာဘူး။ ၁၅ မိနစ်မှာ အောက်ဆီဂျင်တွေ ပေးပေမဲ့ ဆုံးသွားတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရုပ်အလောင်းကို ဇာတိမြို့ ဖလမ်းသို့ ပြန်လည်သယ်ဆောင်ခွင့်မပြုသဖြင့် ကလေးမြို့တွင်သာ သင်္ဂြိုဟ်ခဲ့ရသည်ဟုလည်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆလိုင်းဗန်ဗျက်ဟိန်သည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ကလေးမြို့နယ်အတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ – က အပါအဝင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည်။

ဆလိုင်းဗန်ဗျက်ဟိန်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် CNDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုဗန်ဒိန်း (ခ) ဆလိုင်းရှန်လွန်းရှန်းထန်းလျန်မှာ ၂၀၂၂ ခုနှစ် မတ်လ ၁၇ ရက်နေ့က ကလေးမြို့ အကျဉ်းထောင်အတွင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

ဆလိုင်းဗန်ဗျက်ဟိန်သည် နှလုံးရောဂါရှိသော်လည်း ကျန်းမာရေး အလွန်ဆိုးရွားခြင်းမရှိခဲ့ကြောင်း၊ အကျဉ်းထောင်တွင်း ကျန်းမာရေး ချို့ယွင်းလာစဉ် လုံလောက်သည့် ကုသမှု မရကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“နှလုံး တစ်ခါတစ်ခါဖောက်တယ်။ ကျန်းမာရေးမကောင်းတာတော့ ကြားဖူးတယ်။ ထောင်ထဲမှာလည်း ပါရာနဲ့ ဘာမီတွန်လောက်ပဲ ပေးတာဆိုတော့လေ၊ သူ့အတွက် ကုသမှုအပိုင်းမှာ သေချာစောင့်ရှောက်မှု မရှိတဲ့အတွက် စောစောစီးစီးဖြစ်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ဖလမ်းမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ အစပြုသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ကာ ပါဝင်ခဲ့သူဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးတွင်လည်း အစောဆုံးပါဝင်ခဲ့သည်ဟုလည်း CNDF က ပြောသည်။

ကလေးမြို့ အကျဉ်းထောင်တွင် CNDF တပ်ဖွဲ့ဝင် ၁၄ ဦး ရှိကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဩဂုတ်လ ၈ ရက် ထုတ်ပြန်ချက်တွင် နိုင်ငံအတွင်းအကျဉ်းထောင်များတွင် နိုင်ကျဉ်းပေါင်း ၁၉၇၃၁ ဦးထက်မနည်း ရှိသည်ဟု ဖော်ပြထားသည်။

နိုင်ငံသမိုင်းတစ်လျှောက် နိုင်ငံရေးအကျဉ်းသား စံချိန်တင် ဖမ်းဆီးထားခြင်းဖြစ်သည်။

“သိမီသမျှ ခေတ်ကာလတစ်လျှောက်မှာ ဒီကနေ့ကာလ ကြုံတွေ့နေရတာဟာ အဆိုးဆုံးအခြေအနေလို့ ပြောရမှာပါ” ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောဆိုထားသည်။

“နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ထဲမှာ အကျဉ်းချခံနေရပေမဲ့လည်း ဘယ်အချိန် လာခေါ်ပြီး ဘယ်လိုညှဉ်းပန်းမှုတွေ ရင်ဆိုင်ရမလဲဆိုတာကို စိုးရိမ်တကြီးနဲ့ နေထိုင်ကြရတာပါ။ ဒါဟာ တရားဥပဒေဆိုတာ အဟောသိကံ ဆိုက်သွားပြီဆိုတဲ့ သက်သေပြချက်တစ်ခုပါပဲ” ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သည်လည်း အကျဉ်းထောင်များသို့ ဝင်ရောက်စစ်ဆေး ကူညီခွင့်မရပေ။

အလားတူ အကျဉ်းသားများကို လူတွေ့ထောင်ဝင်စာပို့ခွင့် စစ်ကောင်စီက ဆက်လက်ပိတ်ပင်ထားရာ အကျဉ်းသားများ၏ ကျန်းမာရေးနှင့် သတင်းအချက်အလက်များကို ပြင်ပရှိ မိသားစုဝင်တို့ သိရှိရန် ခက်ခဲနေဆဲဖြစ်သည်။ ထောင်မှ ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများက အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားနေပြီး၊  သင့်လျော်သည့်ဆေးလည်း မရှိဟု ဆိုကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button