သတင်း

သပိတ်ကျင်း ဒေသခံ ၆ ဦး အသတ်ခံရပြီး PDF ဟု ဝါဒဖြန့်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ကျောက်အိုက်ရွာမှ အမျိုးသား ၆ ဦးကို သတ်ဖြတ်ကာ ရုပ်အလောင်းများကို ပြောက်ကျားဝတ်စုံ ဝတ်ဆင်ပေးပြီး ဓာတ်ပုံရိုက်ကာ သတင်းမှား ဖြန့်နေသည်ဟု ဒေသတွင်း တော်လှန်ရေးသမားများက ပြောသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေသည့် စစ်သင်္ဘောများကို မြေပြင်တွင် လိုက်လံ လုံခြုံရေးယူပေးနေသည့်တပ်က တကောင်းတိုက်နယ် ကျောက်အိုက်ကျေးရွာကို ဩဂုတ် ၄ ရက်နေ့တွင် စီးနင်းခဲ့သည်။

ထိုရွာမှ အမျိုးသား ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ကျေးရွာအတွင်း တွေ့ရှိသည့် တကောင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ဝတ်စုံများ ဝတ်ဆင်ပေးကာ PDF များအဖြစ် ပုံဖော်နေခြင်းဖြစ်ကြောင်း တိုက်နယ်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သာလွန်အင်အားနဲ့ ထိုးတဲ့အချိန် ကျွန်တော်တို့ ဆုတ်ပေးလိုက်ရပါတယ်။ အဲ့ဒီမှာ ကျန်ခဲ့တဲ့ ယူနီဖောင်းတွေကို ဝတ်ပေးထားတာ၊ ကျွန်တော့်တို့ တပ်ဖွဲ့ကို စစ်ဆေးပြီးပြီ။ လူအပျောက်အရှမရှိ၊ လူစုံတယ်၊ နယ်ထဲမှာ လှုပ်ရှားနေတဲ့ တခြားအဖွဲ့လည်း မရှိနေပါဘူး” ဟု သူက ဆိုသည်။

စစ်ကောင်စီလော်ဘီချန်နယ်များက စတင် ဖြန့်ဝေထားသည့် ဓာတ်ပုံတွင် ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားသည့် အမျိုးသားအလောင်း ၆ လောင်းကို တန်းစီထားသည်ကို တွေ့ရသည်။ ရုပ်အလောင်းများဘေးတွင် လက်နက်များ မတွေ့ရပေ။

“ကြည့်ရတဲ့ပုံစံက အချိန်မီ ထွက်ပြေးနိုင်ခြင်းမရှိတဲ့ ရွာသားတွေကို အရင် ဖမ်းဆီးပြီးတော့မှ သတ်ဖြတ်ထားတာ၊ လည်ပင်းကို ဖြတ်ထားတာ တွေ့ရတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များကလည်း တကောင်းနယ်အတွင်း စစ်ရေးလှုပ်ရှားခြင်း မရှိကြောင်း Myanmar Now ကို ပြောသည်။

အသတ်ခံရသူ ၆ ဦး၏ အမည်များကို မသိရသေးပေ။

တကောင်းနယ်ဝန်းကျင်တွင် စစ်တပ် ထွက်ခွာမသွားသေးသည့်အတွက် တိမ်းရှောင်နေကြရသည့် ဒေသခံများလည်း ရွာများအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် လေယာဉ်နှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးသွားသည့် ရွာသားတစ်ဦး၏ ရုပ်အလောင်းကို လုယူသွားပြီး ပြောက်ကျားယူနီဖောင်းဝတ်ဆင်ပေးကာ ဝါဒဖြန့်ခဲ့သေးသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် မန္တလေးမြို့ ဧရာဝတီမြစ်ဆိပ်ကမ်းမှ စတင်ကာ စစ်ကောင်စီတပ်၏ ကုန်တင်သင်္ဘော ၆ စီး၊ လုံခြုံရေးလိုက်ပါလာသည့် စစ်သင်္ဘော ၃ စီးပါ သင်္ဘောအုပ်စု ကချင်ပြည်နယ်သို့ ဦးတည် ခုတ်မောင်းသွားသည်။

မြစ်ကြောင်းတစ်လျှောက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်များအတွင်း မြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းများရှိ တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် သင်္ဘောနှစ်စီး ထိခိုက်ကာ တကောင်းနယ် မြစ်ဆိပ်တွင် ဆိုက်ကပ် ပြုပြင်ခဲ့ရသေးသည်။

ယင်းသင်္ဘောအုပ်ကို စစ်သင်္ဘောများက လိုက်ပါကာကွယ်ခဲ့သည့်အပြင် မြေပြင်စစ်တပ်ကလည်း မြစ်ကမ်းမြို့များတစ်လျှောက် လိုက်ပါကာကွယ်ခဲ့သည်။

ဇူလိုင် ၂၉ တွင် တကောင်းတိုက်နယ် ပကဖအဖွဲ့နှင့်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်၊ မြို့ဝန်းကျင်တွင်ရှိသည့် တွင်းငယ် အမှတ် ၁၃ လေ့ကျင့်ရေးတပ်၊ ၇ မိုင်ရွာအခြေစိုက်တပ်၊ တကောင်းနီကယ်စက်ရုံတွင်းမှ တပ်များမှ လက်နက်ကိုင်အင်အား ၆၀၀ ဝန်းကျင်ခန့်က တကောင်းနယ်အတွင်း စုပြုံဝင်ရောက်ကာ စစ်ကြောင်းထိုးနေသည်။

ဇူလိုင် ၁၇ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်က PDF ကို အားမပေးဟု ဖော်ပြထားသော လက်ကမ်းစာစောင်များကို မန္တလေး၊ သပိတ်ကျင်းမြို့တို့တွင် စစ်ကောင်စီတပ်နှင့် ရဲသားတို့က ဖြန့်ခဲ့သေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button