သတင်း

ပုလဲတိုက်ပွဲတွင် စစ်ကောင်စီတပ် အထိနာဟု ကာကွယ်ရေးအဖွဲ့ပြော

ယမန်နေ့က ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာသွားကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) က ယနေ့ (ဩဂုတ် ၈) တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ သွေးစွန်းနေသော ပစ္စည်းများ၊ လယ်ကွင်းပြင်ရှိ သွေးကွက်များ၊ စစ်လေယာဉ်ဗုံးကြဲသဖြင့် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာတွင် မြေသား ချိုင့်ဖြစ်သွားပုံတို့ကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများလည်း ပါဝင်သည်။

ရုပ်သံမှတ်တမ်းထဲတွင် လယ်ကွင်းပြင်၌ စစ်သားများ ဖြတ်လျှောက်နေစဉ် ပစ်ခတ်ခံရမှုကြောင့် တစ်ဦး လဲကျသွားပြီးနောက် ကျန်စစ်သားများ လယ်ကန်သင်းဘေးသို့ ပြေး၍ မှောက်ချနေရာယူသည်ကို တွေ့ရသည်။ ၎င်းတို့ဝပ်နေသည့်နေရာသို့ ကာကွယ်ရေးအဖွဲ့များ ပစ်ခတ်သဖြင့် မြေများ ဖွာထွက်လာသည်ကို တွေ့မြင်ရသည်။

စစ်ကောင်စီတပ်သုံး M9 ‌ဗုံးသီး ၁၀ လုံး၊ ၄၀ မမ ဗုံးသီးနှစ်လုံး၊ ၆၀ မမ ဗုံးသီးတစ်လုံး၊ ရိုင်ဖယ်ကျည်ဆန်တချို့ သိမ်းဆည်းရရှိခဲ့ပြီး ၎င်းတို့ကျန်ရစ်သည့် အချက်အလက်စာရင်းများအရ မုံရွာမြို့အခြေစိုက်အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနှင့် ရန်ကုန်တိုင်းအခြေစိုက် အမှတ် (၇၀၄) ခြေမြန်တပ်ရင်းလက်အောက်ခံ စစ်သားများဖြစ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောကြသည်။

ယခုလဆန်းကတည်းက ပုလဲနယ်အတွင်း အင်အား ၈၀ ဝန်းကျင်ပါသည့် စစ်ကြောင်းတစ်ခု ယမန်နေ့ နံနက်တွင် မြို့အနောက်ဘက် ၅ မိုင်ခန့်အကွာသို့ ရောက်လာရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ MRDA အဖွဲ့ အပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

မြို့မြောက်ဘက် ဇီးဖြူကုန်းကျေးရွာမှ ထွက်လာသည့် ထိုစစ်ကြောင်းကို PDF, MRDA အပါအဝင် ဒေသခံ ကာကွယ်ရေးအဖွဲ့များက အသင့်စောင့်ဆိုင်း၍ မီတာတစ်ရာအကွာအရောက် အနီးကပ်ပစ်ခတ်ခဲ့သည်ဟု MRDA အဖွဲ့ပြန်ကြားရေးတာဝန်ခံ ကိုနောင်ရိုးက ပြောသည်။

“ငါးယောက်အရင် ရှေ့တက်လာတာ…. ချက်ချင်း လဲကျသွားတာ၊ တပ်ဦးကိုလည်း တိုက်တယ်၊ ခါးကိုလည်း ဖြတ်တိုက်တယ်။ ဆံပင်တွေ ပြတ်ကျန်သွားတာတွေ။ ဦးနှောက်တွေ ပွင့်ကျခဲ့တာတွေ တွေ့ရှိတယ်။ အနည်းဆုံး (စစ်သား) ၁၅ ယောက်လောက် သေတယ်” ဟု သူက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုကို စစ်ကောင်စီက မထုတ်ပြန်သလို အထက်ပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုကို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

နှစ်နာရီနီးပါးကြာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် အကြိမ် ၅၀ ခန့် ပစ်ခတ်ခဲ့သလို လေကြောင်းမှလည်း ပစ်ခတ်ခဲ့ကြောင်း MRDA အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လေကြောင်းပစ်ခတ်မှုကြောင့် မြေပြင်တွင် ချိုင့်ခွက်များ ဖြစ်ပေါ်ခဲ့သည်။ (ဓာတ်ပုံ-MRDA)

သေဆုံးသွားသော စစ်သားများထံမှ လက်နက်များကောက်ယူရန် ကြိုးပမ်းခဲ့သော်လည်း စစ်လေယာဉ်၏ အန္တရာယ်ကြောင့် အနည်းငယ်သာ ကောက်ယူနိုင်ခဲ့ကြောင်း ဆိုသည်။

“လေယာဉ်ပစ်ကူနေတဲ့အချိန်မှာပဲ (စစ်သားတွေက) ဒဏ်ရာရတဲ့သူတွေနဲ့ အလောင်းတွေကို ပြန်ကောက်သွားတယ်။ လက်နက်ကောက်ဖို့ အခွင့်အရေးရခဲ့တယ်၊ မြင်နေရတယ်။ ကောက်ဖို့ ကြိုးစားပေမဲ့ လေယာဉ်က ပစ်နေတာရောဆိုတော့ စစ်ကြောင်းမှူးက ရဲဘော်တွေ အဖိတ်အစဉ်မရှိစေဖို့ နောက်ဆုတ်ခိုင်းခဲ့တာပေါ့” ဟု သူက ပြောသည်။

တိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ တစ်ဦး ဒဏ်ရာရသည်ဟု ပုလဲမြို့နယ်အခြေစိုက် ယင်းမာပင်ခရိုင် PDF တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လေယာဉ်ကြောင့်တော့ ထိတာမရှိဘူး၊ အချိန်မီ နောက်ဆုတ်နိုင်ခဲ့တယ်။ တိုက်ပွဲထဲမှာတော့ တစ်ယောက် ထိသွားတယ်။ စိုးရိမ်စရာတော့ မရှိဘူး” ဟု သူက ဆိုသည်။

ပိတ်ဆို့တိုက်ခိုက်ခံရသည့် အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းသည် လေယာဉ်ပစ်ကူဖြင့် ဖောက်ထွက်ပြီး အနီးဝန်းကျင်ရှိ ကျေးနီးကျေးရွာအတွင်း ဝင်ရောက်ကာ ယနေ့မွန်းလွဲအထိ တပ်စွဲထားသည်ဟု သိရသည်။

အဆိုပါစစ်ကြောင်းရန်ကြောင့် မြို့အနောက်ခြမ်းမှ အနည်းဆုံး ကျေးရွာ ၇ ရွာမှ ဒေသခံ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ပုလဲမြို့နယ်အတွင်း စီးနင်းနေသည့် ထိုစစ်ကြောင်းသည် အသက် ၆၀ ဝန်းကျင်ရှိ တနယ်ကျေးရွာ ပကဖတာဝန်ခံ တစ်ဦးကို လည်လှီးသတ်ခဲ့သည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို စစ်တပ်က ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းအတွင်း ကာကွယ်ရေးအဖွဲ့အများအပြား ပေါ်ပေါက်လာသည်။

လက်လုပ်မိုင်းကို အားပြုသည့် အဖွဲ့များ ရှိသလို ကချင်လွတ်မြောက်ရေးတပ်မတော်၊ အမျိုးသားညီညွတ်ရေးအစိုးရတို့ထံမှ စစ်ပညာ၊ လက်နက်ခဲယမ်း အကူအညီယူနိုင်သည့် အဖွဲ့များလည်း ရှိသည်။

တော်လှန်ရေးအဖွဲ့များ ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်း အပါအဝင် ချင်းနှင့် ကရင်နီဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်ရန် စစ်ကောင်စီခေါင်းဆောင်က သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင်လဆန်းတွင် အမိန့်ပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button