ရခိုင်ပြည်နယ်အတွင်း မြို့နယ်တချို့တွင် ရေဘေးသင့်ရွာပေါင်း ၈၀ ကျော် ရှိနေရာ ယမန်နေ့ (သြဂုတ် ၆) က ဒေသခံ နှစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူတို့မှာ မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ ဒေါ်ဝင်းတင်ကြည် (၃၀ နှစ်) နှင့် သားဖြစ်သူ မောင်မျိုးဝင်းကိုတို့ ဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ရွာက သားအမိသုံးယောက် သာစည်ရွာကို ပိုက်ဆံပေးဖို့သွားတယ်။ အဲဒီရွာကနေ ပြင်ယောင်းကို ပြန်အလာလမ်းမှာ သားအမိနှစ်ယောက် သေဆုံးသွားတယ်။ သားကြီးကတော့ ရေကူးတတ်လို့ အသက်ရှင်လိုက်တယ်။ သူတို့ သာစည်ကို သွားတုန်းက ရေက ခါးလောက်ပဲ ရှိတယ်တဲ့။ ပြန်လာတုန်းမှာ ရေတအားများသွားလို့ ခုလိုဖြစ်သွားတာ” ဟု ၎င်းက ပြောသည်။
မင်းပြားမြို့နယ်တွင် သာစည်၊ ပြင်ယောင်း၊ ရွှေကျင် စသည့် ကျေးရွာများ ရေနစ်မြုပ်နေသောကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းကျေးရွာများတွင် ထွက်ပြေးခိုလှုံနေရသည်။
မြေနိမ့်ပိုင်း အခြားကျေးရွာများမှ ဒေသခံများမှာလည်း ရေကြီးလာလျှင် ထွက်ပြေးနိုင်ရန်အတွက် အထုပ်အပိုး ပြင်ဆင်ထားကြသည်ဟု ပြင်ယောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုက မိုးတအားရွာနေတယ်။ ရေကြီးတာ ငါးရက်ရှိနေပြီ။ ကျွန်မတို့ရွာမှာဆိုရင် ရေ လေးပေလောက် တက်နေတယ်။ လက်လုပ်လက်စား လုပ်စားတဲ့သူတွေကတော့ တော်တော် အခက်အခဲတွေ့နေကြတယ်။ ရှာစားဖို့လည်းမရ ခူးစားဖို့လည်းမရ။ ပြီးတော့ ကယ်ဆယ်ရေးအဖွဲ့တွေလည်း မရောက်ကြဘူး” ဟု ၎င်းက ဆိုသည်။
ကျောက်တော်မြို့နယ်အတွင်း ရေဘေးဒဏ်သင့်ရွာများတွင် ပါဝင်သည့် ညောင်ချောင်းကျေးရွာအနီး စစ်ဘေးရှောင်စခန်း ရှိနေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ညောင်ချောင်းစစ်ဘေးရှောင်စခန်းကတော့ အကုန်လုံး ရေလွှမ်းမိုးသွားပြီ။ စစ်ဘေးရှောင်တွေ ကုန်းမြင့်ပိုင်းမှာ ရှိတဲ့ ကျေးရွာတွေကို ထွက်ပြေးနေတာရှိသလို ကျွန်မတို့ရွာက အိမ်မြင့်တဲ့နေအိမ်တွေမှာ ခိုလှုံနေသူတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ရေဘေးကြောင့် နေအိမ်များ၊ လယ်ယာများ ပျက်စီးသွားသည်ဟု စစ်တွေအခြေစိုက် လူထုဘေးဒဏ် ခံနိုင်စွမ်းတိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO) ၏ ဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ပြောသည်။
“လေးမြို့မြစ်ရေကြီးမှုကြောင့် မြောက်ဦးနဲ့ မင်းပြားမြို့နယ်ရှိ ချောင်းရဲ့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းက ကျေးရွာတွေမှာ ရေ ငါးပေလောက် တက်နေတယ်လို့ သိရတယ်။ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရေလွှမ်းမိုးရွာစာရင်း အတိအကျမသိရသေးဘူး။ အနည်းဆုံးတော့ ၈၀ နဲ့ အထက်ရှိမယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ဒေသသည် မကြာသေးမီလများအတွင်း သဘာဝဘေးဒဏ်ကို အကြီးအကျယ် ခံခဲ့ရပြီး ဖြစ်သည်။
မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စသည့် ဒေသများ အထိနာခဲ့သည်။
မုန်တိုင်း အဓိကဝင်ရောက်ရာ ရခိုင်ပြည်နယ်တွင်လည်း မြို့တော်စစ်တွေအပါအဝင် မြို့နယ်များတွင် နေအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးကာ ဒေသခံအများအပြား သေဆုံးခဲ့သည်။
မုန်တိုင်းသင့်ပြည်သူများသည် ထောက်ပံ့ကူညီမှု လုံလောက်စွာ မရရှိသည့်ကြားမှ ရေဘေးဒဏ်ကိုပါ ထပ်မံ ကြုံတွေ့လာရခြင်းဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)