
နေပြည်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဌာနချုပ် (ရုံးခွဲ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ (ဇူလိုင် ၅) တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့သည်။
ရွေးကောက်ပွဲပြီးသည့်အချိန်ထိ ပါတီဌာနချုပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး ပါတီဌာနချုပ်ဖွင့်ပွဲနှင့်အတူ ပထမဆုံးအကြိမ်အဖြစ် ပါတီဥက္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သည်ဟုလည်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
“ဒါကယာယီပဲ။ ကျွန်တော်တို့ရွေးကောက်ပွဲအချိန်ထိ ဒီဟာကို အငှားစာချုပ်နဲ့ငှားထားတာ။ ငှားပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကို အသိပေးအကြောင်းကြားစာ တင်ထားတယ်။ ၁ ရက် (ဇူလိုင် ၁) နေ့ ကတည်းက” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ရွေးကောက်ပွဲအောင်နိုင်ရေးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်မည်ဖြစ်ပြီး ပါတီအောင်နိုင်ရေးအဖွဲ့တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အားလုံးပါဝင်ကာ တတ်သိပညာ ရှင်များနှင့် မီဒီယာများနှင့် ပတ်သက်သည့် ပုဂ္ဂိုလ်များ၊ လူငယ်၊ အမျိုးသမီးနှင့် တောင်သူလယ်သမား အဖွဲ့ဝင်များ ပါဝင်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။
ပါတီအောင်နိုင်ရေးရုံးကိုမူ မည်သည့်နေရာတွင် ဖွင့်မည်ဆိုတာ မဆုံးဖြတ်ရသေးဘဲ ယနေ့စတင် ဖွင့်လှစ်သည့် အဆိုပါတီဌာနချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ပုံမှန်အစည်းအဝေးများနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်ရွေးချယ်ရေးလုပ်ငန်းစဉ်များကို အဓိကထားဆောင်ရွက်သွားမည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
တိုင်းပြည်တွက် နောက်မျိုးဆက်များပေါ်ထွန်းရန် ရွေးချယ်ခြင်းဖြစ်သည့်အတွက် သတိထားဖို့နှင့် စစ်မှန်တဲ့ ကိုယ်စားလှယ်တွေဖြစ်ဖို့ တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့အစည်းအဝေးတွင် မှာကြားခဲ့သည်ဟု ဆိုသည်။
“ကိုယ်စားလှယ်လောင်းရွေးတယ်ဆိုတာ ပေါ့ပေါ့တန်တန် သဘောထားလို့ မရဘူး။ ကိုယ်စားလှယ်လောင်းတွေရွေးတဲ့နေရာမှာ မမှားစေဖို့ အဓိကအားဖြင့် NLD ပါတီအပေါ် သစ္စာရှိရမယ်၊ ပါတီက ချမှတ်ထားတဲ့မူတွေအတိုင်း လေးစားလိုက်နာတဲ့သူ ဖြစ်ရမည်” ဟု ပါတီဒုတိယဥက္ကဋ္ဌလည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
အဆိုပါတီဌာနချုပ်ဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ကိုယ်ပိုင်ကားဖြင့် တက်ရောက်ခဲ့ပြီး ပါတီဝင်များဖြင့်သာ အကျဉ်းချုံးကျင်းပခဲ့သည်။ ပါတီရုံးချုပ်ဖွင့်ပွဲ အခမ်းအနားကို လုံခြုံရေးအနည်းငယ်သာ လိုက်ပါခဲ့သည်ကိုလည်း တွေ့ရသည်။
“ပါတီရုံးခန်းဖွင့်ပွဲကို အကျဉ်းချုံးလုပ်တယ်။ ဖိတ်တောင်မဖိတ်ဘူး။ ဘယ်သူ့မှမဖိတ်ဘူး။ ဘာအခွင့်အရေးမှ မယူဘူး” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ (ဓာတ်ပုံများ-စိုင်းဇော်/Myanmar Now)