သတင်း

လေးကေ့ကော်တွင် အဖမ်းခံရသည့် မြောင်းမြအမတ် ထောင် ၁၂ နှစ် ထပ်ချခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်၌ ဖမ်းဆီးခံရပြီး ထောင်နှစ်ရှည်ချခံထားရသည့် မြောင်းမြအမတ် ဦးဝေလင်းအောင်ကို စစ်ကောင်စီက ပုဒ်မ နှစ်ခုဖြင့် ထောင် ၁၂ နှစ် ထပ်ချလိုက်ကြောင်း သိရသည်။

မြောင်းမြထောင်တွင်းတရားရုံးက ဧပြီ ၇ တွင် ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ၂ နှစ်၊ ဇူလိုင် ၁၂ တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြစ်သည့် ပုဒ်မ ၅၀ (ည) ဖြင့် ၁၀ နှစ် ချခဲ့ခြင်းဖြစ်သည်။

“ကျန်ခဲ့တဲ့ နှစ်လလောက်ကတော့ ကျန်းမာရေးမကောင်းလို့ ထောင်တွင်း ဆေးရုံတက်ရတာမျိုး ကြားတယ်။ လတ်တလောကတော့ ကျန်းမာရေးကောင်းတယ်” ဟု မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ယနေ့ ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အသက် ၃၂ နှစ်အရွယ် ဦးဝေလင်းအောင်သည် ၂၀၂၁ ဒီဇင်ဘာ ၁၄ တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေရှိ လေးကေ့ကော်ဟု ခေါ်သည့် ငြိမ်းချမ်းရေးမြို့သစ်ကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း ရှာဖွေစဉ် ဖမ်းဆီးခံရသည်။

အိမ်မဲနှင့် ဝါးခယ်မမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးဦးလည်း ၎င်းနှင့်အတူ အဖမ်းခံရသည်။ နှစ်ဦးလုံးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဖြစ်သည်။

၂၀၂၂ နိုဝင်ဘာ ၂၈ တွင် မြဝတီခရိုင်တရားရုံးက ဦးဝေလင်းအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြစ်သည့်  ၅၂ (က) ဖြင့် ၄ နှစ်၊ ၅၀ (က) ဖြင့် ၁၁ နှစ်၊ ၅၀ (ည) ဖြင့် ၁၁ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မဖြစ်သည့် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ၁၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။

အသက် ၃၈ နှစ်အရွယ် ဒေါက်တာပြည့်ဖြိုးဦးကိုလည်း အလားတူပုဒ်မများဖြင့် တစ်ပေါင်းတည်း ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ပြီးဖြစ်သည်။

ဘားအံထောင်တွင် ထိန်းသိမ်းခံထားရသော ထိုအမတ် နှစ်ဦးလုံးကို မြောင်းမြမြို့တွင် စွဲဆိုထားသော အခြားအမှုများအတွက် စစ်ဆေးရန် ယခုနှစ် မတ် ၂၁ ရက်နေ့က မြောင်းမြထောင်သို့ ပြောင်းရွှေ့ထားကာ ဒေါက်တာပြည့်ဖြိုးဦးမှာ ရွေးကောက်ပွဲကော်မရှင်က စွဲဆိုထားသောအမှု မပြီးပြတ်သေးကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံရေးသမားအများအပြားကို ရာဇဝတ်မှု ကျူးလွန်ထားကြသူများသဖွယ် ပြုမူလျက်ရှိနေချိန်တွင် ဧရာဝတီတိုင်းမှ လွှတ်တော်ကိုယ်စားလှယ်တချို့သည် စစ်ကောင်စီထံ ခံဝန်လက်မှတ် ထိုးခဲ့ကြကြောင်း၊ ထိုအထဲတွင် NLD ပါတီမှ မြောင်းမြမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ဦးလည်း ပါဝင်ကြောင်း သိရသည်။

မြောင်းမြမြို့တွင် ယခင်က ကိုယ်ပိုင်အထက်တန်းကျောင်းဆရာဖြစ်သော NLD အမတ် ဦးဝေလင်းအောင်ကို စစ်ကောင်စီက ပိုပြီး နှိပ်ကွပ်သည်ဟု ယူဆကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

“အဖိနှိပ်ခံရတာကတော့ သူတစ်ဦးတစ်ယောက်တည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ မြို့မှာတော့ အမတ်က အဟောင်းရော၊ အသစ်ရော ရှိတာတောင်မှ သူ့လောက်ပဲ လူထုဘက်မှာ ရှိတာပေါ့။ သူ့ကို စစ်ကောင်စီက ပိုပြီး အငြိုးထားတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။

လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းစဉ် ၂၀ ခန့် အဖမ်းခံခဲ့ရသူများထဲတွင် ဧရာဝတီတိုင်းမှ ပရဟိတသမားများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်ကြပြီး ထိုအထဲမှ ၁၂ ဦးမှာ အကြမ်းဖက်ပုဒ်မများဖြင့် ထောင် ၅ နှစ်စီ ချခံထားရသည်။

ထိုစဉ်က အပစ်ရပ် (NCA) ထိုးထားသော KNU နှင့် စစ်ကောင်စီတို့ စစ်ရေးတင်းမာနေကာ ဒေသအတွင်း ခိုလှုံနေသူများကို ဝင်ရောက်ဖမ်းဆီးပြီးနောက် KNU လက်အောက်ခံတပ်များနှင့် စစ်တပ်တို့ KNU တပ်မဟာအများစုတွင် ယနေ့အထိ တိုက်ပွဲများ ဖြစ်နေသည်။

စစ်ကောင်စီက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကိုလည်း ထောင်နှစ်ရှည် ချမှတ်နေပြီး ယခုရက်ပိုင်းအတွင်း အင်းစိန်ထောင်၌ ထောင်ဒဏ်နှစ်ရှည် ကျခံနေရသော ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်းသား ၅ ဦးကို ထောင် ၁၀ နှစ်စီ ထပ်ချခဲ့သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button