သတင်း

လေးကေ့ကော်တွင် အဖမ်းခံရသည့် အမတ် ၂ ဦးကို ၂၆ နှစ်စီ ထောင်ချ

ယမန်နှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်၌ စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့သည့် ဧရာဝတီတိုင်း NLD လွှတ်တော်အမတ်နှစ်ဦးကို ယနေ့ (နိုဝင်ဘာ ၂၈) တွင် ထောင်ဒဏ် ၂၆ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအမတ်များဖြစ်သည့် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်၊ အိမ်မဲ-ဝါးခယ်မမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးဦးတို့ကို မြဝတီခရိုင်တရားရုံးက ယနေ့တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ 

အသက် ၃၁ နှစ်အရွယ် ဦးဝေလင်းအောင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြစ်သည့် ၅၂ (က) ဖြင့် ထောင် ၄ နှစ်၊ ၅၀ (က) ဖြင့် ၁၁ နှစ်၊ ၅၀ (ည) ဖြင့် ၁၁ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မဖြစ်သည့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ၁၁ နှစ် ချမှတ်ခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တစ်ခုချင်းချမယ်ဆိုရင် ၄၆ နှစ် ကျမယ့်ဟာကို တစ်ပေါင်းတည်းကို ၂၆ နှစ်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချလိုက်တာ” ဟု ထိုအမျိုးသမီးက ပြောသည်။ 

အသက် ၃၇ နှစ်အရွယ် ဒေါက်တာပြည့်ဖြိုးဦးကိုလည်း အလားတူပုဒ်မများဖြင့် တစ်ပေါင်းတည်း ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားသည်။

NLD အမတ်များဖြစ်သော ဒေါက်တာပြည့်ဖြိုးဦးနှင့် ဦးဝေလင်းအောင်။ 

ဦးဝေလင်းအောင်နှင့် ဒေါက်တာပြည့်ဖြိုးဦးတို့သည် ဒီဇင်ဘာ ၁၄ က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေရှိ လေးကေ့ကော်ဟုခေါ်သည့် ငြိမ်းချမ်းရေးမြို့သစ်ကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်း ရှာဖွေစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။ 

အသက် ၃၀ ကျော်အရွယ် အမတ်နှစ်ဦး အဖမ်းခံရပြီးချိန်မှစ၍ မြဝတီခရိုင်ရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားခြင်းဖြစ်ပြီး ယနေ့ အမိန့်ချပြီးနောက် မည်သည့်အကျဉ်းထောင်သို့ ပို့ဆောင်ခံရမည်ကို မသိရသေးကြောင်း အထက်ပါ အမျိုးသမီးက ဆိုသည်။ 

“သူနဲ့ပတ်သက်လို့ ထောင်နှစ်ရှည်ချမယ်ဆိုတာ မျှော်လင့်တော့ မျှော်လင့်ပြီးသား။ မတရားတာတော့ စပြီး ဖမ်းကတည်းက မတရားတာဆိုတော့ ကိုယ်လည်း နိုင်မှလွတ်မယ်လို့ ခံယူထားတာဖြစ်တဲ့အတွက် အရမ်းကြီးပြောစရာတော့မရှိပါဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

ဦးဝေလင်းအောင်သည် အဖမ်းခံရစဉ်က လက်နက်ပင် မဆိုထားနှင့် လက်ကိုင်ဖုန်းနှင့် ကွန်ပျူတာပင် မပါသွားကြောင်း ၎င်းထံမှ သိရသည်။ 

လေးကေ့ကော်မြို့သစ် ဝင်ရောက်စီးနင်းခံရစဉ်က လွှတ်တော်အမတ်နှစ်ဦးအပြင် လူ၂၀ ခန့် အဖမ်းခံခဲ့ရပြီး ၎င်းတို့အနက် ဧရာဝတီတိုင်းမှ အမျိုးသား ၁၂ ဦးကို ပြီးခဲ့သည့် ဇွန်လက ထောင်ဒဏ်ငါးနှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။ 

အကြမ်းဖက်ဥပဒေဖြင့် အမိန့်ချခံရသည့် အမျိုးသား ၁၂ ဦးမှာ လေးကေ့ကော်တွင် ခိုလှုံနေသည့် ပရဟိတသမားများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများဖြစ်ကြောင်း၊ လက်ရှိတွင် ဖားအံထောင်ရောက်နေကြောင်း သိရသည်။ 

လေးကေ့ကော်မြို့မှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ်အတွင်းက တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးအထိမ်းအမှတ်မြို့ဖြစ်ပြီး ဒေသလုံခြုံရေးနှင့် အုပ်ချုပ်ရေးကို KNU က တာဝန်ယူထားသည်။

ဒီဇင်ဘာ ၁၄၊ ၁၅ တွင် လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်က ဝင်ရောက်ကာ ၎င်းတို့အလိုရှိသူများကို ဖမ်းဆီးခဲ့သဖြင့် ဒီဇင်ဘာ ၁၆ ၌ KNU  ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၈ ဦး သေဆုံးပြီး ၈ ဦးကို KNLA  က ဖမ်းဆီးရမိခဲ့သည်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို ပိုမိုနှိပ်ကွပ်နိုင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင်က ရာဇသတ်ကြီးဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများကို ပြင်ဆင်ကြောင်း အမိန့်များ ထုတ်ပြန်ခဲ့သည်။ 

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့အထိ အဖမ်းခံရသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများထဲမှ ၁၆၄၃၂ ဦး၏ အချက်အလက်များကို ရရှိထားကြောင်း၊ ၁၂၉၇၃ ဦးထက်မနည်း ဆက်လက်ထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဆိုသည်။  

ထိုအသင်းက ထုတ်ပြန်သည့် ကိန်းဂဏန်း မှားနေသည်ဟု စစ်ကောင်စီက တုံ့ပြန်ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button