ရန်ကုန်မှ နေပြည်တော်သို့ သွားလာရာတွင် ခရီးတစ်ထောက် နားခိုရာ နေရာဖြစ်သည့် ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်မှ ၁၀ နှစ်အောက် ကလေးငယ် ၄ ဦး သေဆုံးကာ အခြားကလေး ၁ ဦးနှင့် လူကြီး ၁ ဦး ဒဏ်ရာရသည်ဟု စုံစမ်းသိရှိရသည်။
ဖြူးမြို့နယ်တောင်ပိုင်း၊ အင်ပင်သာရွာ အနောက်ပိုင်းရှိ ဇရပ်အနီး ယမန်နေ့ (ဇူလိုင် ၂၅) ညနေ ၄ နာရီဝန်းကျင်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ အနီးအနားတွင် ဆော့ကစားနေသည့် ယောက်ျားလေး ၄ ဦး၊ မိန်းကလေး ၁ ဦး၊ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး မိုင်းစထိမှန်ခဲ့သည်။
ဇရပ်အနီး နေအိမ်တစ်လုံးတွင် ရှိနေသည့် အမျိုးသားမှာ မစိုးရိမ်ရဒဏ်ရာသာရသော်လည်း မိုင်းပေါက်ကွဲရာ နေရာတွင် ရှိနေသည့် ကလေးငယ် ၅ ဦးအနက် ၄ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ကျန်ယောကျ်ားလေး ၁ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဖြူးမြို့ဆေးရုံကြီးမှ နေပြည်တော်သို့ ပြောင်းရွှေ့ ကုသနေရသည်။
ပွဲချင်းပြီး သေဆုံးခဲ့သူနှစ်ဦးမှာ မောင်အေးချမ်းမောင်နှင့် အခြားယောကျ်ားလေးတစ်ဦးဖြစ်ပြီး မဝဿန်မိုးနှင့် ယောကျ်ားလေးနောက်တစ်ဦးမှာ ဖြူးပြည်သူ့ဆေးရုံကြီးရောက်ပြီးမှ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ဆေးရုံပို့ဆောင်ရေးကိစ္စများတွင် အကူအညီပေးခဲ့သည့် အင်ပင်သာရွာ လူမှုရေးအသင်းအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။
“ကလေးတွေက ဆော့နေကျနေရာ သွားဆော့ကြရင်း ထပေါက်ကွဲသွားတာပဲ။ လောလောဆယ်တော့ နှစ်ယောက်ကတော့ စင်းစင်း (ပွဲချင်းပြီး) သေသွားတာပဲ။ ဆေးခန်းကို (ကလေး) သုံးယောက် မောင်းသွားတာ၊ နှစ်ယောက်ကတော့ ညတွင်းချင်းပဲ ဆုံးသွားလို့ (ရွာကို) ပြန်သယ်လာရတယ်”။
အင်ပင်သာရွာခံ အမျိုးသားနောက်တစ်ဦးကလည်း မိုင်းပေါက်ကွဲသံကို ၎င်းရှိနေသည့် ကျေးရွာပြင်ပ လယ်ကွင်းထဲကပင် ကျယ်လောင်စွာ ကြားခဲ့ရကြောင်း ပြောသည်။
“ပေါက်ကွဲသံကတော့ တော်တော်ကျယ်တယ်။ ကျွန်တော်တို့ (ရွာအပြင်) လယ်ထဲကနေကို အသံကြားတယ်။ အလောင်းတွေ မကြည့်ရဲလို့ သွားတောင်မကြည့်မိတော့ဘူး”။
ကလေးငယ်များ၏ အလောင်းများကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသူ ရွာခံအမျိုးသား နောက်ထပ်တစ်ဦးက သေဆုံးသူတို့၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများ တွေ့ခဲ့ရကြောင်း ပြောသည်။
“တစ်ယောက်ကတော့ ရုပ်အလောင်း ဆိုးဆိုးဝါးဝါးပျက်စီးသွားတယ်။ ကျန်တာတွေကတော့ ခြေထောက်တွေ ဘာတွေ ပြတ်သွားတွေ ရှိတယ်။ ကျနော်တို့လည်း ဘယ်ကလုပ်မှန်း မသိဘူးပေါ့။ စိတ်တော့ တော်တော်မကောင်းဘူးဗျာ၊ ကလေးတွေ ဒီလိုတွေဖြစ်သွားတော့”။
သေဆုံး၊ ဒဏ်ရာရသူများအနက် မောင်အေးချမ်းမောင်နှင့် မဝဿန်မိုးတို့ကိုသာ သိရပြီး အခြား ၄ ဦး၏ အချက်အလက်နှင့် ဒဏ်ရာအခြေအနေအသေးစိတ်ကို အထက်ပါ သတင်းရင်းမြစ်များက ထုတ်ဖော် ပြောဆိုနိုင်ခြင်းမရှိပေ။
မိုင်းကြောင့် ထိခိုက်မိသူ၊ အသက်ဆုံးရှုံးရသူတို့၏ မိသားစုဝင်များနှင့် ဆက်သွယ်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ထိုဖြစ်စဉ်အပြီး တစ်ရက်ကြာ (ဇူလိုင် ၂၆) သည်အထိ အင်ပင်သာရွာသို့ စစ်ကောင်စီတပ်ဖွဲ့ လာရောက်စစ်ဆေးခြင်းမရှိဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုမှာ မည်သူ့လက်ချက်ဖြစ်သည်ကိုလည်း ရှင်းလင်းစွာ မသိရသေးပေ။
ပဲခူးရိုးမနှင့် နီးသည့် ဖြူးမြို့နယ်အတွင်း ဖြတ်သန်းသွားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် လမ်းဟောင်းတစ်လျှောက်တွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များချ၊ လှည့်ကင်း၊ ကင်းပုန်းများဖြင့် လုံခြုံရေးကို အရှိန်မြှင့်လုပ်ဆောင်နေသည်။
မိုင်းပေါက်ကွဲခဲ့သည့် ဖြူးမြို့နယ် အင်ပင်သာရွာ အရှေ့တောင်ဘက် ၁၀ မိုင်ကျော်အကွာရှိ ကျောက်ကြီး၊ မြောက်ဘက်တွင် မြို့နယ်ချင်း ကပ်လျက်ရှိသည့် ညောင်လေးပင်မြို့နယ်တို့အတွင်းတွင် စစ်ကောင်စီကို ခုခံနေသည့် တော်လှန်ရေးအင်အားစုများ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။
အလောင်းများကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသူ ရွာခံအမျိုးသား၏ အဆိုအရ မိုင်းပေါက်ကွဲမှု မတိုင်မီ ၁၀ ရက်ဝန်းကျင်အတွင်း အင်ပင်သာရွာသို့ စစ်ကောင်စီ စစ်ကြောင်းတစ်ခု ရောက်လာကြောင်း၊ ၎င်းတို့ရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားလေ့မရှိကြောင်း ပြောသည်။
မိုင်းပေါက်ကွဲမှုမဖြစ်မီ စစ်ကောင်စီတပ် အင်ပင်သာရွာသို့ ရောက်လာသည်ဆိုသော အချက်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။
နေပြည်တော်နှင့် ကပ်လျက် ပဲခူးတိုင်းအတွင်း ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက စစ်ရေးအရ လွှမ်းမိုးနိုင်ရန် ယခုနှစ်ဆန်းပိုင်းမှစ၍ အပြင်းအထန်ကြိုးပမ်းနေကြသည်။
ထိုအခြေအနေတွင် အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့ ရုံးစိုက်ရာ နေပြည်တော်သို့ ဝင်ထွက်နိုင်သည့် ရန်ကုန်မန္တလေးအမြန်လမ်း၊ လမ်းဟောင်းနှင့် ထိုလမ်းနှစ်ခုကို ချိတ်ဆက်နိုင်သည့် ကျေးရွာချင်းဆက်လမ်းပိုင်းများတွင် လုံခြုံရေး အရှိန်မြှင့် လုပ်ဆောင်နေသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)