သတင်း

မန္တလေးတွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုမှာ ပုဂ္ဂိုလ်ရေးပြဿနာသာဖြစ်ဟု ဆို

မန္တလေးမြို့လယ်ကောင်တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် ပစ်ခတ်ခဲ့သူဟု ယူဆရသူအပါအဝင် လေးဦးကို ဖမ်းဆီးရမိထားပြီး ပုဂ္ဂိုလ်ရေးပြဿနာသာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ပြောသည်။

ဇွန် ၂၇ ည ရှစ်နာရီခွဲခန့်က မန္တလေးကျုံးမြို့ရိုး အနောက်တောင်ထောင့် လမ်း ၈၀ နှင့် ၂၆ လမ်းထောင့်မီးပွိုင့်တွင် မီးနီစဉ် ဆိုင်ကယ်ရပ်ထားသည့် အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိတွင် ပစ်ခတ်သူဟု သံသယရှိသူ  ဝေယံကျော်အား စစ်ကိုင်းမြို့၊ ဒီပဲယင်းကွဲကျေးရွာတွင် ယနေ့မွန်းလွဲ နှစ်နာရီခန့်က ဖမ်းဆီးရမိထားပြီး ၎င်းအပါအဝင် ဆက်နွှယ်နေသူ လေးဦးကို ဖမ်းဆီးထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ သေနတ်ကတော့ ဆောင်ထားလို့တော့ မရဘူး။ ဘယ်လို ရထားတယ်ဆိုတာတော့ သူ့ကို ပြန်စစ်မေးရဦးမှာပေါ့နော်၊ သူ ဆောင်ထားလို့တော့မရဘူး၊ ဆောင်ပိုင်ခွင့်လည်း မရှိဘူးလေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော့ မပတ်သက်ပါဘူး၊ ပြည်သူတွေ စိုးရိမ်တဲ့ဟာတွေ မဟုတ်ပါဘူး၊ မစိုးရိမ်ကြပါနဲ့၊ လူငယ်ချင်း ရည်းစားလုတဲ့ ပြဿနာပါ၊ သေနတ်ကတော့ ဘယ်က ရတယ်ဆိုတာကိုတော့ ကျွန်တော်တို့ ဆက်ပြီး ဖော်ထုတ်ပေးပါမယ်ဗျ” ဟု မန္တလေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ပြောသည်။

သေနတ်ပစ်ခံရသူသည် အမျိုးသားဖြစ်ပြီး ၎င်း၏ ဝဲဘက် နံဘေးတွင် ဖောက်ထွက်ဒဏ်ရာတစ်ခုရရှိခဲ့သည့်အတွက် ညတွင်းချင်းပင် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ကာ လက်ရှိတွင် စိုးရိမ်စရာမရှိကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

သေနတ်ပစ်ခတ်မှုနှင့်ပတ်သက်ပြီး အောင်မြေသာစံမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၃၂၆ တို့အရ အမှုဖွင့်ထားကြောင်း သိရသည်။ 

ပစ်ခတ်မှု ဖြစ်ပွားခဲ့သောနေရာသည် လမ်းထောင့်မီးပွိုင့်ဖြစ်သည့်အတွက် မျက်မြင်တွေ့ရှိသူ နည်းပါးပြီး သက်ဆိုင်ရာ မြို့နယ်အမတ်များလည်း ဖြစ်စဉ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ 

မန္တလေးမြို့တွင် ၂၀၁၈ ဩဂုတ်လပိုင်းက သေနတ်ပစ်ခတ်မှု မြို့လယ်တွင် ဖြစ်ခဲ့ဖူးပြီး မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၅ လမ်းမပေါ်တွင် ဆိုင်ကယ်စီးနင်းနေသည့် လင်မယားနှစ်ဦးတို့ကို ပစ္စတိုဖြင့် ပစ်ခတ်ကာ လုယက်ခဲ့မှု ဖြစ်သည်။ 

အမျိုးသမီးမှာ နေရာတွင်သေဆုံးသွားခဲ့၍ အမျိုးသားမှာ ဒဏ်ရာရရှိခဲ့ကာ သေနတ်ပစ်ခတ်သူ ဦးခွန်ကောလားကို ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့သည်။

Show More

Related Articles

Back to top button