သတင်း

ထန်တလန် CDF စခန်းတစ်ခုကို စစ်ကောင်စီတပ် သိမ်းပိုက်

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်သို့ ဦးတည်တက်လာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုက မြို့အနီး တောင်ကုန်းပေါ်ရှိ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) စခန်းငယ်တစ်ခုကို ယမန်နေ့ (ဇူလိုင် ၂၀) တွင် စီးနင်း သိမ်းယူခဲ့ကြောင်း သိရသည်။

အင်အား ၁၅၀ ခန့်ဖြင့် မေလကုန်ခန့်တွင် ဟားခါးမြို့မှ ထွက်လာပြီး သီးမစ်လွင်ပြင်တစ်လျှောက် စစ်ကြောင်းထိုး၍ ထန်တလန်မြို့သို့ ချဉ်းကပ်လာစဉ် ချင်းကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်က စခန်းသိမ်းနိုင်ရန် နံနက်မိုးမလင်းမီကပင် တိုက်စစ်ဆင်ခဲ့သည်ဟု CDF (ဟားခါး) ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“သူတို့ကလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ ကျွန်တော်တို့ကလည်း ဒရုန်းနဲ့ တိုက်ခိုက်မှုတော့ ရှိတယ်။ ၄ နာရီ၊ ၅ နာရီလောက်ကစပြီး အော်တိုတောင်ကုန်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အဲ့ဒီတောင်ကုန်းကို သိမ်းနိုင်လိုက်ပြီ” ဟု သူက ပြောသည်။

ထန်တလန်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ CDF (ထန်တလန်) အဖွဲ့ဝင်များ ယာယီစခန်းချထားသောနေရာကို ရရှိနိုင်ရေးအတွက် စစ်ကောင်စီက မြေပြင်စစ်ကြောင်းသာမက လေကြောင်းမှပါ တိုက်ခိုက်ခဲ့သည်၊ CDF အဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

CDF ယာယီစခန်းနေရာသည် စစ်ကောင်စီတပ် တပ်စွဲထားသည့် မြို့အထွက် စခန်းကုန်းနှင့် တစ်မိုင်ကျော်သာ ဝေးကာ ထန်တလန်မြို့တွင် ယင်းနေရာတစ်ခု၌သာ စစ်ကောင်စီက နေရာယူထားသည်။

မြို့အနီး ၂ မိုင်အကွာသို့ ရောက်နေသော စစ်ကြောင်းမှာ ယခုသီတင်းပတ်အတွင်း ထန်တလန်မြို့အတွင်း ဝင်ရောက်လာနိုင်ခြေရှိသောကြောင့် ထပ်မံ တိုက်ပွဲဖော်ရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း ချင်းကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“ထန်တလန်ရောက်ဖို့ တော်တော်နီးနေပြီ။ အော်တိုတောင်ကုန်းနဲ့ ထန်တလန် စစ်ကောင်စီစခန်းကြားမှာတော့ တိုက်ပွဲလုပ်ဖို့က တော်တော်လေး ခက်နေပြီပေါ့၊ နယ်မြေအနေအထားအရ” ဟု CDF (ဟားခါး) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်တပ်က တိုက်ပွဲသတင်းကို ထုတ်ပြန်လေ့မရှိပေ။

CDF စခန်းမှ RPG ၁ လက်၊ သေနတ် ၁၁ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြထားသည်။

ဆုံးရှုံးရသည့် လက်နက်အရေအတွက်နှင့် ပတ်သက်ပြီး မေးမြန်းရန် CDF (ထန်တလန်) နှင့် အဆက်အသွယ် မရသေးပေ။

စခန်းနေရာ လက်လွှတ်ခဲ့ရသော်လည်း သီးမစ်လွင်ပြင်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း CDF ဘက်က ဆိုသည်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သီးမစ်လွင်ပြင်ရှိ ထန်တလန်မြို့

မြို့တော် ဟားခါးမှ ၂၅ မိုင်ခန့်အကွာ ပင်လယ်ရေမျက်မှာပြင်အမြင့် ၄၀၀၀ ကျော်တွင် တည်ရှိသည့် ထန်တလန်သည် ယခင်က ခရီးသွားများ လာရောက်လေ့ရှိသော မြို့ဖြစ်သည်။

စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင် လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်မြင့်တက်လာရာ ယင်းနှစ် စက်တင်ဘာလအတွင်း မြို့ပေါ်ရှိ စစ်ကောင်စီတပ်များ အကြိမ်ကြိမ်တိုက်ခိုက်ခံရသည်။

ထို့နောက် ၂၀၂၂ ခုနှစ် ဇွန်လမှ စတင်၍ ထန်တလန်မြို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ ယင်းလအတွင်း နေအိမ် ၁၀၀ ကျော် မီးရှို့ခံရပြီး ရှေးအကျဆုံး Thantlang Baptist Church အပါအဝင် ဘုရားကျောင်း ၃ ကျောင်းလည်း ပျက်စီးသွားသည်။

မီးရှို့ခံထားရသည့် ထန်တလန်မြို့ကို Google Earth မှတစ်ဆင့် တွေ့ရစဉ်။

ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်သွားရာ ယခုအခါ မြို့၌ နေထိုင်သူ လုံးဝမရှိတော့ဘဲ စစ်ကောင်စီတပ်က မြို့အထွက်တွင် တပ်စွဲထားသည်။

ယခုနှစ်ဆန်းတွင် ထန်တလန်မြို့ ရဲစခန်းအပါအဝင် စစ်ကောင်စီအခြေချတပ်စွဲရာ နေရာများကို ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များကလည်း နေရာယူလိုက်ပြီး အခြေစိုက်လှုပ်ရှားနေသည်။

ထို့ကြောင့် ထန်တလန်ဒေသတွင် နယ်မြေစိုးမိုးနိုင်ရေး လေကြောင်းမှ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို မေလတွင် မြေပြင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

မြို့နှစ်မြို့အကြား ၂၅ မိုင်ကျော် အကွာအဝေးကို ၂ လနီးပါး စစ်ကြောင်းထိုးလာသော စစ်တပ်က လေကြောင်းပစ်ကူအပြင် ဟားခါးမြို့ဘက်မှ လက်နက်ကြီးပစ်ကူများလည်း အသုံးပြုခဲ့၍ ချင်းဒေသကာကွယ်ရေးအဖွဲ့များဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဇူလိုင် ၁၈ ကလည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် CDF (ထန်တလန်) အဖွဲ့ဝင် ၂ ဦးနှင့် ချင်းအမျိုးသားတပ်မတော် (CNA) မှ အဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် မေလကုန်ကလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ၁၁ ဦး သေဆုံးခဲ့သည်။

အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း မြို့နယ်ပေါင်း ၃၃၀ အနက် ထက်ဝက်ခန့်ကိုသာ အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း ယခုနှစ်ဆန်းပိုင်းတွင် စစ်ခေါင်းဆောင်က ပြောကြားထားသည်။

လက်နက်ကိုင်ခုခံမှု အားကောင်းသည့် နေရာများဖြစ်သော စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်တို့ကို ထိန်းချုပ်နိုင်ရေး စစ်ရေးအရှိန်မြှင့်ရန် ယခုလဆန်းပိုင်းက နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောထားသည်။

မြေမျက်နှာသွင်ပြင်အနေအထားအရ တောင်ကုန်းတောင်တန်း ပေါများပြီး ကုန်းကြောင်းဖြင့် အင်အားဖြည့်တင်းမည်ဆိုပါက ချင်းပြည်နယ်သို့ ဝင်ရန် လမ်းကြောင်းအနည်းငယ်သာ ရှိပြီး၊ လာသမျှ စစ်ကြောင်းတိုင်း ထိခိုက်ဆုံးရှုံးမှုများနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် လေတပ်ကို ဆက်လက်အသုံးပြုလာဖွယ်ရှိကြောင်း ချင်းဒေသကာကွယ်ရေးပူးပေါင်းကော်မတီ (CJDC) တွဲဖက်အတွင်းရေးမှူး ကိုပေါလ်က သုံးသပ်သည်။

“ကျွန်တော်တို့ဘက်ကနေ ပူးပေါင်းစစ်ဆင်ရေးလိုမျိုး၊ ပူးပေါင်းခုခံတဲ့စနစ်လိုမျိုး သုံးပြီး အတတ်နိုင်ဆုံး ခုခံသွားမယ်။ ကာကွယ်သွားမယ်” ဟု ကိုပေါလ်က ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင်လည်း စစ်အင်အားဖြည့်တင်းရန် ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး စစ်ကြောင်းထိုးလျက်ရှိရာ တိုက်ပွဲများ ပြင်းထန်နေသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုတို့ကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၁ ဒသမ ၃ သန်းရှိသည့်အနက် ထိုအထဲတွင် ချင်းပြည်နယ်မှ လူဦးရေ ၅၀,၀၀၀ နီးပါး ပါဝင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button