
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်က ဇွန်လအတွင်း ၆ ကြိမ်တိတိ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဘုရားကျောင်း ၃ ကျောင်းအပါအဝင် နေအိမ် ၁၁၇ လုံး မီးလောင်ခဲ့သည်ဟု စစ်ရှောင်အရေးကူညီပေးနေသည့်အဖွဲ့ထံမှ သိရသည်။
ဇွန် ၉ မှစ၍ မြို့ပေါ်ရပ်ကွက်အချို့ကို စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ခဲ့ပြီး ဇွန် ၁၆၊ ၂၀ နှင့် ၂၃ တို့တွင်လည်း ရှို့ခဲ့သည်ဟု Thantlang Placement Affairs Committee (TPAC) က ယမန်နေ့က ထုတ်ပြန်သည်။
ပြာကျသွားသည့် ဘုရားကျောင်းများထဲတွင် နှစ်ပေါင်းရာကျော်သက်တမ်းရှိသည့် Thantlang Baptist Church ဘုရားကျောင်းလည်း ပါဝင်သည်ဟု သိရသည်။
ဇွန် ၂၃ ရက်နေ့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သော်လည်း ကျန်ရက်များတွင် အဝေးမှ စနိုက်ပါဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းတို့သာ လုပ်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထံမှ သိရသည်။
“၂၃ ရက်မှာပဲ ဖြစ်တာ၊ ကျန်တဲ့ရက်တွေက အဲဒီလောက်ဖြစ်တာမဟုတ်ဘူး၊ သူတို့က ရှို့ချင်လို့ကို သက်သက်ရှို့တာ” ဟု ထန်တလန်-CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဇွန် ၂၃ မွန်းလွဲပိုင်း ကျောင်းရပ်ကွက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က ဈေးရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သလို တိုက်ပွဲမဖြစ်သည့် အခြားရပ်ကွက်များတွင်လည်း မီးရှို့ကြသည်ဟု ဆိုသည်။
“အဲဒီနေ့က ကျွန်တော်တို့နေရာယူထားတဲ့ နေရာတွေကို အဆင့်ဆင့်လာတိုက်တာပေါ့နော်၊ တော်တော်တော့ ပြင်းထန်တယ်၊ သူတို့က လာရင်းနဲ့ တွေ့တဲ့အိမ်တိုင်းကို မီးရှို့တာပေါ့” ဟု ထန်တလန်-CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
အိမ်ခြေ ၂၀၀၀ ကျော်ရှိ ထန်တလန်မြို့တွင် ပြီးခဲ့သည့် နှစ် စက်တင်ဘာလမှ စတင်သည့် မီးရှို့ဖျက်ဆီးမှုများမှာ ယခုတစ်ကြိမ်ဖြင့်ဆိုလျှင် စုစုပေါင်း ၂၈ ကြိမ်အထိ ရှိလာပြီး TAPC ၏ ထုတ်ပြန်မှုများအရ မီးရှို့ခံရသည့် အိမ်ခြေပေါင်း ၁၃၀၀ ကျော်အထိ ရှိနေသည်။
ယခုနှစ်အတွင်း ဇန်နဝါရီလတွင် ၃ ကြိမ်၊ ဖေဖော်ဝါရီတွင် ၃ ကြိမ်၊ ဧပြီတွင် ၁ ကြိမ်၊ မေတွင် ၂ ကြိမ်နှင့် ဇွန်လတွင် ၆ ကြိမ်အထိ မီးရှို့ခံခဲ့ရသည်ဟု TAPC ၏ အချက်အလက်များအရ သိရသည်။

ထန်တလန်မြို့ပေါ်မှ ဒေသခံများက ပြီးခဲ့သည့်နှစ် စက်တင်ဘာမှစ၍ အိန္ဒိယ-မြန်မာနယ်စပ်မျဉ်းအနီးရှိ ကျေးရွာများသို့ တိမ်းရှောင်သွားကြပြီး အဖွဲ့အစည်းအချို့၏ ကူညီမှုဖြင့် ခက်ခက်ခဲခဲရပ်တည်နေရသည်ဟု ထန်တလန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထန်တလန်မြို့ပေါ်ရှိ ၎င်း၏ နေအိမ်မှာ ပြီးခဲ့သည့် နှစ် နိုဝင်ဘာလအတွင်းက မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး ယခုတွင် အိန္ဒိယနယ်စပ်အနီး ကျေးရွာတစ်ခုတွင် သောင်တင်နေသည်ဟု ၎င်းက ပြောသည်။
ထန်တလန်မြို့ကို စစ်ကောင်စီတပ်က အကြိမ်ကြိမ်မီးရှို့မှုနှင့် ပတ်သက်ပြီး လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ အရပ်သားတို့၏ အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် စိတ်ပျက်မိသည်ဟု ၎င်းက ပြောသည်။
“ဘယ်လိုမှလဲ မပြောချင်တော့ဘူး၊ ဒီလူတွေက ပြည်သူတွေရဲ့ အိုးအိမ်စည်းစိတ်တွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်တော့တာလေ၊ ပြည်သူတွေကို ကာကွယ်ရမဲ့သူတွေက ပြည်သူ့စည်းစိမ်ဥစ္စာတွေကို ဖျက်ဆီးနေတာ” ဟု သူက စိတ်ပျက်လက်ပျက် ပြောသည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများသည် တော်လှန်ရေးကို အားပေးနေသည့် ချင်းပြည်သူများ၏ စိတ်ကို ချိုးနှိမ်လိုခြင်းဖြစ်နိုင်သည်ဟု အသက် ၄၀ ကျော်ရှိသည့် အထက်ပါ ထန်တလန်မြို့ခံက ဆက်ပြောသည်။
လတ်တလောတွင် TAPC, ပြည်ပရောက် ထန်တလန်မြို့သူ၊ မြို့သားများနှင့် နယ်စပ်ကျေးရွာများမှ ဒေသခံများက ကူညီသော်လည်း နေထိုင်၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်သက်ပြီး အကူအညီလိုအပ်နေဆဲဖြစ်သည်ဟု သူက ဆိုသည်။
“စစ်တပ်က လာတယ်ဆိုရင်တော့ ခုခံတဲ့ရွာတွေကို မီးရှို့၊ တွေ့တဲ့သူတွေကို သတ်ဖြတ်ဆိုရင်တော့ ကျွန်တော်တို့လည်း စစ်တပ်လာမှာကိုတော့ တအားစိုးရိမ်ရတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်း မြို့နယ်အလိုက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များ ပေါ်ပေါက်လာပြီး စစ်ကောင်စီကို အပြင်းအထန်ခုခံတိုက်ခိုက်နေသည်။
ထန်တလန်မြို့တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလမှစတင်ပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ်များ အကြိမ်ကြိမ်တိုက်ခိုက်ခံလာရပြီးနောက် အထိနာလာသည့် စစ်တပ်က မြို့ပေါ်ရှိ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသတင်းထုတ်ပြန်ချက်များတွင်မူ မီးရှို့မှုနှင့် ပတ်သက်ပြီး လက်နက်ကိုင်ခုခံသူတို့ကို အပြစ်တင်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)