သတင်း

စစ်တပ်က ၁၁ ရက်အတွင်း မြင်းမူမြို့ဝန်းကျင်တွင် ၁၁ ဦးကို ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီတပ်က နှစ်ပတ်နီးပါးကြာ ရွာစဉ်လှည့် စီးနင်းစဉ် ဒေသခံ ၁၁ ဦး သတ်ဖြတ်ခံခဲ့ရပြီး ကျေးရွာ ၆ ရွာကို မီးတင်ရှို့ခဲ့သည်ဟု မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

လက်နက်ကိုင်အင်အား ၃၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်သည် ဇူလိုင် ၆  ရက်မှ စတင်၍ မြင်းမူမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသည့် စစ်ကိုင်း၊ အရာတော်မြို့နယ်အနီး တစ်ရွာဝင်တစ်ရွာထွက် စီးနင်းစဉ် ဖမ်းမိသည့် ဒေသခံများ၊ ကာကွယ်ရေးအဖွဲ့ဝင်များကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူများ၏ အမည်၊ အသက်အရွယ်တို့ကို မသိရသေးပေ။

ထို့ပြင် မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာနှင့် အရာတော်မြို့နယ်မှ တစ်ရွာကိုလည်း မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၁၀၀၀ နီးပါး ပျက်စီးနိုင်သည်ဟု မြင်းမူ PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်ခင်သောင်းက ပြောသည်။

“ဒီစစ်ကြောင်းက ရွာတွေထဲကိုပဲ ထိုးသွားတယ်။ သူတို့ဆီ နာမည်ပေါက်တဲ့ရွာတွေကိုပဲ မီးရှို့သွားတယ်။ မနေ့ညက စစ်ကြောင်းက မူးမန္တလေးရွာကို မီးတင်ပြီးတော့ အရာတော်ထဲကို ရောက်သွားပြီ။ မူးမန္တလေးရွာဘက်ကိုတော့ သွားမကြည့်ရသေးဘူး” ဟု သူက ပြောသည်။

“စစ်ကြောင်းက တပ်ဖြန့်ပြီး ထိုးတာ။ နေ့လယ်ဆိုရင် တပ်က လုံးဝပျောက်သွားတာ။ ဒရုန်းနဲ့ လိုက်ရှာလည်း မရဘူး။ ညနေကျမှ ပြန်ပေါ်လာပြီး မီးရှို့တော့မှ သိရတာ”

ဇူလိုင် ၆  

စစ်ကောင်စီတပ်သည် ဇူလိုင် ၆ နံနက်ပိုင်းက မြင်းမူမြို့ အရှေ့ဘက် ၉ မိုင်ခန့်အကွာရှိ နဘဲကြူးရွာကို စီးနင်းတပ်စွဲခဲ့ကြသည်။ ရွာထဲရှိ နေအိမ်များကို မွှေနှောက်နေစဉ် မြင်းမူ PDF အပါအဝင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ ၅ ဖွဲ့ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြသည်။

ထိုသို့ တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေသည့် ကာကွယ်ရေး အဖွဲ့ဝင်များရှိရာသို့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ အဖွဲ့ဝင်တစ်ဦးမှာ ခြေထောက်ကျည်ထိမှန် ဒဏ်ရာဖြင့် ဖမ်းဆီးခံရကြောင်း သိရသည်။

ဇူလိုင် ၇  

ဇူလိုင် ၇ ရက်နေ့တွင် စစ်ကောင်စီတပ်သည် နဘဲကြူးမြောက်ဘက်ရှိ မကျီးကန်ရွာ၊ ဂုံညှင်းဆိပ်ရွာတို့ကို ဆက်လက်စီးနင်း၍ မီးတင်ရှို့ခဲ့ကြသည်။ အိမ်ခြေ ၄၀၀ ခန့်ရှိသည့် ဂုံညှင်းဆိပ်ရွာကို မီးရှို့နေချိန် နဘဲကြူးရွာကို နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် ဒဏ်ရာဖြင့် ဖမ်းဆီးခံလိုက်ရသည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးနှင့်အတူ ရွာခံအမျိုးသား ၃ ဦး၏ ရုပ်အလောင်းကို တွေ့ရှိရသည်ဟု ရဲဘော်ခင်သောင်းက ပြောသည်။

အသတ်ခံရသည့် ကာကွယ်ရေးအဖွဲ့ဝင်မှာ အသတ် ၂၄ နှစ်အရွယ်ဖြစ်သည်၊ အရပ်သားအမျိုးသား ၃ ဦးမှာ အသက် ၂၀ ကျော်အရွယ်၊ အသက် ၃၀ အရွယ်နှင့် အသက် ၅၀ အရွယ်များ ဖြစ်သည်။

ဇူလိုင် ၉  

ဇူလိုင် ၉ ရက်နေ့တွင် ထိန်ကန်၊ ငါးကင်း မြောက်ရွာ၊ ငါးကင်းရွာမနှင့် ငါးကင်းတောင်ရွာတို့ကို စစ်ကောင်စီတပ် ဆက်လက်စီးနင်းခဲ့စဉ် အိမ်ခြေ ၈၀၀ ခန့်ရှိသည့် ငါးကင်းမြောက်ရွာနှင့် ငါးကင်းရွာမတို့ကို မီးတင်ရှို့ခဲ့သည်၊ ထိုနှစ်ရွာကို နံနက်ပိုင်းမှ ညနေပိုင်းအထိ စစ်ကောင်စီတပ်က တပ်စွဲ၍ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ရဲဘော်ခင်သောင်းက ပြောသည်။

ထိုရွာ ၂ ရွာကို မီးရှို့မှုအတွင်း အိမ်ခြေ သုံးပုံနှစ်ပုံခန့် ပျက်စီးသွားသည်ဟု ဆိုသည်။

ဇူလိုင် ၁၁  

ဇူလိုင် ၁၁ တွင် ငါကင်းမြောက်ရွာမှ အနောက်ဘက်သို့ စစ်ကြောင်းပြန်ထွက်ချိန် လမ်းတွင် တွေ့ရသည့် အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့သည်။ ကန်သုံးဆင့်ရွာခံ အသက် ၃၀ ဝန်းကျင်အရွယ် အဆိုပါ အမျိုးသား ရွာအပြင် တောထဲတွင် စစ်ရှောင်နေချိန် စစ်ကြောင်းနှင့် ပက်ပင်းတိုးကာ အသတ်ခံရခြင်းဖြစ်သည်ဟု ရဲဘော်ခင်သောင်းက ပြောသည်။

ထို့နောက် စစ်ကောင်စီသည် အရာတော်မြို့နယ် ညောင်ပင်ရွာနှင့် မလဲသာရွာတို့ကို ဆက်လက်စီးနင်း မီးရှို့ရာ အိမ်ခြေ ၁၀၀ ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ ထိုရွာများကို နယ်မြေရှင်းလင်းရေး ဝင်ရောက်စဉ် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၅၀ အရွယ်နှင့် အသက် ၈၀ အမျိုးသားနှစ်ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရှိရကြောင်း ရဲဘော်ခင်သောင်းက ပြောသည်။

ဇူလိုင် ၁၃ 

ဇူလိုင် ၁၃ တွင် မြင်းမူမြို့နယ်အတွင်း အဆိုပါ စစ်ကြောင်း ပြန်လည်ဝင်ရောက်လာခဲ့သည်၊ အရာတော်-မြင်းမူလမ်းဘေးအနီးက ကျေးရွာများကို ဆက်လက်စီးနင်းရာ ခွက်ခွင်းရွာ၌ အမျိုးသား ၃ ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ရဲဘော်ခင်သောင်းက ပြောသည်။

“ခွက်ခွင်းမှာက နှစ်ယောက်ပဲ အတည်ပြုနိုင်သေးတယ်။ တစ်ယောက်က ပိုင်ရှင်မပေါ်သေးဘူး။ မျက်နှာကိုလည်း လှီးသွားတယ်။ နားရွက်တွေကိုလည်း လှီးပြီးတော့ မိုးကာထဲထည့်၊ ပတ်စီးထားခဲ့တာ။ မျက်နှာတစ်ခြမ်းက လှီးထားတာ။ ဘယ်သူဘယ်ဝါမှန်း အတည်မပြုနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။​

သတ်ဖြတ်ခံရသူများမှာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၂ ဦးတို့ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဇူလိုင် ၁၇

စစ်ကောင်စီတပ်သည် ခွက်ခွင်း မြောက်ဘက် ၃ မိုင်ခန့်ရှိ ဆပ်ပြာကျင်းရွာကို ဆက်လက်စီးနင်းခဲ့ပြီး သုံးရက်ကြာ တပ်စွဲခဲ့သည်။ ဇူလိုင် ၁၇ တွင် မြင်းမူမြို့နှင့် စစ်ကိုင်းမြို့အနီး ကျေးရွာများကို စစ်ကြောင်းဆက်ထိုးခဲ့သည်။

ထိုရွာများအနက် အိမ်ခြေ ၄၀၀ ခန့်ရှိသည့် မူးမန္တလေးရွာကို ယမန်နေ့ ညနေပိုင်းတွင် မီးတင်ရှို့ခဲ့သေးကြောင်း၊ အဆိုပါ မီးရှို့မှုအတွင်း အိမ်ခြေအများအပြား မီးလောင်ကြောင်း သိရသော်လည်း အသေးစိတ်အခြေအနေကို မစုံစမ်းနိုင်သေးပေ။ 

မူးမန္တလေးရွာတွင် ဖမ်းဆီးခံရသူများရှိသည်ဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးသလို မြင်းမူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်လျက်ရှိသည်။

နေအိမ်များ မီးလောင်မှုကို စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့၏ ဇွန်လ ၁၄ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးတွင် အိမ်ပေါင်း ၇၀,၀၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၁၈ ရက် ထုတ်ပြန်ချက်တွင် လူပေါင်း ၃,၈၀၅ ဦး သတ်ဖြတ်ခံထားရသည်ဟု ဖော်ပြသည်။

စစ်ကိုင်း၊ ချင်းနှင့် ကရင်နီဒေသများကို ထိုးစစ်အရှိန်မြှင့်ရန် ဇူလိုင် ၁၃ တွင် စစ်ခေါင်းဆောင်က ယင်းလက်အောက်ခံများကို အမိန့်ပေးထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button