စစ်ကိုင်း၊ ချင်း နှင့် ကရင်နီဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်ရန် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင် ၁၃ တွင် အမိန့်ပေးလိုက်သည်။
အာဏာသိမ်းပြီးနောက် အဆိုပါဒေသ ၃ ခုသည် စစ်ကောင်စီကို အပြင်းထန်ဆုံး ဆန့်ကျင်ကြသည့် ဒေသများဖြစ်ကြသည်။
ယင်းဒေသများကို “အကြမ်းဖက်မှုဖြစ်စဉ်များတွင် အဆိုးဆုံးဖြစ်ပွားရာနေရာများ” ဟု ရည်ညွှန်းခဲ့ပြီး ထိုးစစ်အရှိန်မြှင့်ရန်အတွက် အကြောင်းပြချက်ကို “ပြည်သူ့လုံခြုံရေးအတွက် အခုထက် ပိုမိုဆောင်ရွက်ရန် လိုအပ်သည်” ဟု နေပြည်တော်တွင် ဇူလိုင် ၁၃ တွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် သတင်းဌာနများက ည ၈ နာရီ သတင်းတွင် ထုတ်လွှင့်ခဲ့သည်။
ကရင်နီ (ကယားပြည်နယ်) ဒေသတွင် စစ်တပ်လက်အောက်မှ နယ်ခြားစောင့်တပ်ရင်း ၂ ရင်း တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံပြီး ပြန်လည်တိုက်ခိုက်ခြင်းအပါအဝင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ကရင်နီတပ်ပေါင်းစုက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်။ ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်မာ-ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်တွင် တပ်စခန်းအားလုံး လက်လွှတ်ခဲ့ရသည်အထိ စစ်ကောင်စီဘက်က အထိနာခဲ့သည်။
ထို့အတူ စစ်ကိုင်းနှင့် ချင်းတွင်လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တော်လှန်စစ်ကြောင့် အထိနာခဲ့ပြီးနောက် လေကြောင်းတိုက်ပွဲများ၊ ပြည်သူ့စစ်များဖြင့် ၎င်းတို့၏ အာဏာစက် ပြန်လည်သက်ရောက်ရန် စစ်ကောင်စီက ကြိုးစားနေရသည်။
ထိုအခြေအနေတွင် စစ်ခေါင်းဆောင်၏ ကြုံးဝါးမှုမှာ ခါးမသန်တော့သည့် ခါချဉ်ကောင် မန်တင်းခြင်းသာ ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က Myanmar Now ကို ပြောသည်။
“ခါချဉ်ကောင် မာန်တင်းတဲ့ သဘောပေါ့ဗျာ သို့သော် ခါးမသန်တော့ပါဘူး။ ကရင်နီမှာ ချင်းမှာ စစ်ကိုင်းမှာ ပြီးခဲ့တဲ့ ပွင့်လင်းရာသီတခုလုံး ထိုးစစ်ဆင်ဖို့ စစ်ကောင်စီ အားထုတ်ခဲ့တာပဲ သို့သော် သူ့စစ်ကြောင်းအားလုံး တစ်စစီ ဖြစ်သွားခဲ့တာ ကျွန်တော်တို့ မျက်မြင်ပဲ။ တော်လှန်ရေးကို ဟန့်တားဖို့ သူ့မှာ လုံလောက်တဲ့ လူအင်အားကော စိတ်ဓာတ်အင်အားပါ မရှိတော့ပါဘူး” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ အပြင်းအထန်ခုခံနေကြသည်။ နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီစခန်းများ၊ ရဲစခန်းများ၊ လမ်းတံတားများ၊ တိုက်ခိုက်ဖျက်ဆီးခံရသည့် ဖြစ်စဉ်များစွာ ပေါ်ပေါက်နေသည်။
စစ်မျက်နှာများစွာ ဖွင့်ထားရပြီး ပြောက်ကျားတိုက်ခိုက်ခံရမှု၊ မိုင်းဆွဲတိုက်ခိုက်ခံရမှု၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတို့ကြောင့် အထိနာနေရာ တော်လှန်ရေးသမားများ ခုခံရန် မစွမ်းသာသည့် စရိတ်ကြီးသော လေကြောင်းတိုက်ခိုက်မှုများကိုသာ စစ်ကောင်စီက အားပြုလုပ်ဆောင်နေရသည်။
ထိုအခြေအနေတွင် NUG က လမ်းအားလုံး နေပြည်တော်သို့ ဆိုသည့် စစ်ရေးစီမံချက်ကို ထုတ်ဖော်ပြောဆိုကာ စစ်ကောင်စီရုံးစိုက်ရာ အုပ်ချုပ်ရေးမြို့တော်ကို စစ်ရေးအရ ခြိမ်းခြောက်ရန် ပြင်ဆင်နေကြောင်း ဦးရည်မွန်က ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)