
စစ်ကိုင်းတိုင်း မူးမြစ်အရှေ့ဘက်ကမ်း ဝက်လက်မြို့နယ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခု တိုက်ခိုက်ခံရ၍ စစ်ကူလာသည့် စစ်ကြောင်းလည်း ပိတ်ဆို့တိုက်ခိုက်ခံရသောကြောင့် လေတပ်က ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့မြောက်ဘက် ၈ မိုင်အကွာရှိ ဟံလင်းမြို့ဟောင်း စစ်ကောင်စီအခြေစိုက်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ယမန်နေ့ (ဇူလိုင် ၁၇) နံနက် ၅ နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နံနက် ၈ နာရီခွဲခန့်တွင် ကာကွယ်ရေးတပ်များ ပြည်လည်ဆုတ်ခွာချိန် ရွှေဘိုမြို့မှ စစ်သားအင်အား ၄၀ ခန့် အဆိုပါစခန်းဆီသို့ စစ်ကူထွက်လာသည်။
ထိုစစ်ကြောင်းကို ရွှေဘိုမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများနှင့် ဒေသခံကာကွယ်ရေးတပ်များက ၃ နာရီကြာ ပိတ်ဆို့တိုက်ခိုက်သဖြင့် စစ်ကောင်စီက လေကြောင်းမှ ပစ်ကူခဲ့ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက်ကာကွယ်ရေးတပ်တစ်ခုဖြစ်သည့် Burma Ranger အဖွဲ့တာဝန်ခံ ကိုအေဒီက ပြောသည်။
“သူတို့ (အထိုင်စခန်း) ကျည်အင်အား၊ လူအင်အား နည်းလာတော့ အင်အားလာဖြည့်တာပေါ့၊ သူတို့လာမှာကို သတင်းရတော့ ဖြတ်တိုက်တာပေါ့။ သူတို့လည်း တော်တော်ထိတယ်။ ရှေ့လည်းတိုးမရ နောက်လည်းဆုတ်မရဆိုတော့ လေကြောင်းကနေ လာပစ်သွားတာပဲ”
ရွှေဘိုမြို့မှ ခြေလျင်ထွက်လာသည့် အဆိုပါစစ်သားများကို ရွှေဘိုမြို့အရှေ့ဘက် ၆ မိုင်အကွာ ညောင်ကန်ရွာအနီး မွန်းတည့် ၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
မွန်းလွဲ ၃ နာရီခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ရောက်ရှိလာပြီး အဆိုပါအနီးတစ်ဝိုက်နှင့် တစ်မိုင်အကွာရှိ ကန်သာရွာကို အဓိက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ပစ်တာကတော့ တော်တော်ကြာတယ်၊ တစ်နာရီလောက်ကို ကြာတယ်။ တစ်ခါမှ ဒီလောက် မကြုံဖူးသေးတယ်။ နေရာ ကြည့်လိုက်၊ ပစ်လိုက်နဲ့ ပတ်ပစ်တာ” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးအဖွဲ့များဘက်မှ သေဆုံးသူမရှိခဲ့ဘဲ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ကျေးရွာအတွင်းရှိ လောင်စာဆီများရှိနေသော နေအိမ်တစ်လုံး မီးစတင်လောင်ကျွမ်းသွားပြီးနောက် အခြားအိမ်များပါ မီးကူးသဖြင့် နေအိမ် ၁၀ လုံး မီးလောင် ပျက်စီးခဲ့သည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှုပြီးနောက် ကာကွယ်ရေးပူးပေါင်းတပ်များက ချက်ချင်း ပြန်လည်ပတ်ဆို့ထားသဖြင့် စစ်ကောင်စီတပ်များ ရှေ့ဆက်မတက်ဘဲ အဆိုပါကျေးရွာထဲတွင် တပ်စွဲ ညအိပ်ခဲ့သည်ဟု ဆိုသည်။
အပြန်အလှန်ပစ်ခတ်မှုများအတွင်း စစ်သား ၁၀ ဦးခန့် သေဆုံးနိုင်ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသော်လည်း Myanmar Now အနေဖြင့် သီခြားအတည်မပြုနိုင်သေးပေ။
ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းတွင် ရွှေဘိုမြို့မှ စစ်သား ၄၀ ခန့် ထပ်မံထွက်လာပြီး ကန်သာရွာရှိ တပ်နှင့် သွားရောက် ပူးပေါင်းသည်ဟု သိရသည်။ ထို့နောက် အင်အားတစ်ဝက်ခန့်က ဒဏ်ရာရ စစ်သားများကို ရွှေဘိုသို့ ပြန်လည်သယ်ဆောင်ပြီး ကျန်တစ်ဝက်က ဟံလင်းရှိ စစ်ကောင်စီအထိုင်တပ်သို့ ဝင်ရောက်သွားကြောင်း သိရသည်။
ဟံလင်းမြို့ဟောင်းတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီအဖွဲ့ဝင်များ တပ်စွဲထားသည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များကလည်း အဆိုပါစခန်းကို မကြာခဏ သွားရောက်တိုက်ခိုက်လေ့ရှိသည်။
လက်လုပ်သေနတ်များ၊ တူးမီးများဖြင့် စတင်ခဲ့သည့် စစ်ကိုင်းတိုင်းလက်နက်ကိုင်တော်လှန်ရေးသည် နှစ်နှစ်ကျော်အတွင်း ပိုမိုကောင်းမွန်သည့် လက်နက်များ ရောက်ရှိလာသလို ဒေသခံကာကွယ်ရေးအဖွဲ့များကြား ချိတ်ဆက်တိုက်ပွဲဖော်မှု တိုးတက်လာသည်။
ထိန်းချုပ်မှုအားနည်းလာသည့် စစ်ကိုင်းအပါအဝင် ချင်းနှင့် ကရင်နီဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်အရှိန် မြှင့်ရန် စစ်ကောင်စီခေါင်းဆောင်က သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင် ၁၃ တွင် အမိန့်ပေးထားသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)