သတင်း

ထောင်မှ လွတ်ချိန် အဖမ်းခံရသူ အလုပ်သမားခေါင်းဆောင်သတင်း ပျောက်ဆုံးနေ

ထောင်မှ လွတ်သည့်နေ့တွင်ပင် ပြန်အဖမ်းခံရသူ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ကိုသက်နှင်းအောင်သည် ရက် ၂၀ ကျော် ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရတော့ဘဲ သတင်းအစန ပျောက်နေသည်။

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသူ ကိုသက်နှင်းအောင်သည် ဇွန် ၂၆ က မွန်ပြည်နယ်၊ သထုံထောင်မှ လွတ်ရက်စေ့သဖြင့် ပြန်လွတ်ရမည်ဖြစ်သည်။

ကိုသက်နှင်းအောင်အပါအဝင် အကျဉ်းသား ၃ ဦးကို တင်ဆောင်လာသော ထောင်ကားသည် သထုံမြို့ စုပေါင်းရုံးရှိ အကျဉ်းသားများကို ပြန်လွှတ်သည့်နေရာသို့ ဇွန် ၂၆ နံနက် ၁၀ နာရီတွင် ရောက်လာသည်။

ထောင်မှ လွတ်မြောက်သူတို့သည် အကျဉ်းဦးစီးဌာနအရာရှိနှင့် တွေ့ဆုံပြီးလျှင် ပေါင်မြို့မရဲစခန်းသို့ ထောင်ထွက်လက်မှတ်မိတ္တူ သွားပေးရမည် ဖြစ်သည်။

သို့သော် အာဏာပိုင်တို့က ၎င်းတို့ကားဖြင့် ရဲစခန်းသို့ လိုက်ပို့ပေးမည်ဖြစ်၍ မိသားစုကို ပေါင်မြို့မရဲစခန်းမှ စောင့်နေရန် သွားခိုင်းသည်ဟု ကိုသက်နှင်းအောင် မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စအဖ (စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့) ကားက ခေါ်သွားတယ်။ လက်ထိတ်လည်း ခတ်သွားတယ်လို့ ပြောတယ်။ ခေါင်းကိုလည်း အမည်းအိတ်ကြီး စွပ်တယ်လို့ ပြောတယ်” ဟု ထိုသူက ဆိုသည်။

ကိုသက်နှင်းအောင်တို့ကို မှန်အမည်းတပ်ဆင်ထားသော အရပ်ဘက်သုံး မီးခိုးရောင်ကားတစ်စီးဖြင့် ခေါ်ဆောင်သွားသည်ဟု သိရသည်။

ကျန်းမာရေးကောင်းမွန်ပုံရသော ကိုသက်နှင်းအောင်ကို ထို့နေ မွန်းတည့် ၁၂ နာရီခွဲအချိန်အထိ သထုံမြို့ စုပေါင်းရုံးရှိ အကျဉ်းသားများကို ပြန်လွှတ်သည့်နေ့တွင် မိသားစုက တွေ့လိုက်ရသည်။

ထို့နောက် ပေါင်မြို့မရဲစခန်းရှေ့တွင် မိသားစုက ညနေ ၄ နာရီကျော်အထိ စောင့်ဆိုင်းနေခဲ့သော်လည်း ကိုသက်နှင်းအောင်ကို မတွေ့ရပေ။ သူနှင့်အတူ ထောင်ထဲမှ ထွက်လာသည့် အခြားအကျဉ်းသား ၂ ဦး၏ နောက်ဆက်တွဲအခြေအနေကိုလည်း မသိရပေ။

ကိုသက်နှင်းအောင်သည် NLD အစိုးရလက်ထက်က အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံပွင့်ဆိုင် ညှိနှိုင်းရေးကော်မတီဝင် ဖြစ်သလို အခကြေးငွေသက်မှတ်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီတွင်လည်း ပါဝင်သည်။

စစ်တပ်အာဏာသိမ်းလိုက်သည့်အခါ သူ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) သည် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟု ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၃ တွင် ကြေညာခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဇွန်လလယ်က MICS-TUsF ၏ ရန်ကုန်နှင့် မန္တလေးရှိ ရုံးခန်းတို့ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။ ထို့နောက် ကိုသက်နှင်းအောင် မြဝတီမြို့တွင် ဇွန် ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။

ထို့နောက် သထုံထောင်သို့ ပြောင်းရွှေ့ခံရပြီး ပေါင်မြို့နယ်တရားရုံးကပင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ တွင် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

သတင်းပျောက်နေသည့် ကိုသက်နှင်းအောင် အသက်အန္တရာယ် စိုးရိမ်ရသည်၊ အမြန်ဆုံးပြန်လွှတ်ပေးရမည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ဇူလိုင် ၁၂ တွင် တောင်းဆိုထားသည်။

ကိုသက်နှင်းအောင်ကို ပြန်ဖမ်းသည့် အကြောင်းရင်းကို မသိရသေးဟု MICS-TUsF အဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။

“ပုဒ်မထပ်တိုးပြီး တရားစွဲခံရတယ်ဆိုရင်တောင်မှ အခုလောက် မစိုးရိမ်ဘူး၊ ခုက ပျောက်နေပြီး ဘယ်ကို ခေါ်သွားတယ်ဆိုတာ စုံစမ်းလို့မရဘူး၊ ဘယ်မှာ ချုပ်ထားမှန်းမသိဘူး၊ ကျွန်တော်တို့တွေလည်း အတော်ကို စိုးရိမ်ပါတယ်” ဟု ထိုတာဝန်ခံက ပြောသည်။

အာဏာသိမ်းပြီးနောက် အလုပ်သမားအရေး ဆောင်ရွက်သော အလုပ်သမားအဖွဲ့အစည်း ၁၆ ဖွဲ့ကို တရားမဝင်အသင်းများအဖြစ် စစ်ကောင်စီက ကြေညာထားသည်။ ထိုအထဲတွင် CTUM တစ်ဖွဲ့တည်းပင် အဖွဲ့ဝင် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ၁၅၇ ဦး ဖမ်းဆီးခံထားရသည်ဟု သိရသည်။

စစ်ကောင်စီက ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မိသားစုကို အသိပေးလေ့မရှိပေ။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button