ချင်းပြည်နယ်တောင်ပိုင်းသို့ အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်နေကြောင်း၊ ဇူလိုင် ၁၄ ရက်နေ့တွင် စစ်တပ်၏ လက်ချက်ကြောင့် ၁၂ နှစ်အရွယ် မိန်းကလေးနှင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ဇူလိုင် ၁၄ ရက်နေ့တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ရင်းကဲရွာအနီး တိုက်ပွဲတွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ရွာမီးရှို့မှုကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။
“အမျိုးသမီးငယ်လေးကတော့ လက်နက်ကြီး ထိမှန်ပြီး သေဆုံးတာ။ အမျိုးသားကတော့ မီးခိုးမွှန်ပြီး သေဆုံးတာ” ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်က ပြောသည်။
စစ်တပ်မီးရှို့မှုကြောင့် အိမ်ခြေ ၃၀၀ ကျော်ရှိသည့် ရင်းကဲရွာမှ အိမ်ခြေအားလုံးနီးပါး မီးလောင် ပျက်စီးသွားသည်ဟုလည်း ထိုအဖွဲ့ခေါင်းဆောင်က ဆိုသည်။
ထို့ပြင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံ ၂၀ ခန့်ကို စစ်တပ် ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
ရွာခံအများစုမှာ လက်ရှိအချိန်ထိ ရွာပြန်မကပ်နိုင်သေးဘဲ တိမ်းရှောင်နေရဆဲဖြစ်သည့်အတွက် ဖမ်းဆီးခံရမှု အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း ဆောမြို့နယ်ပအဖ အဖွဲ့ခေါင်းဆောင်က ပြောသည်။
ရင်းကဲရွာအနီးတိုက်ပွဲတွင် ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ထုတ်ပြန်ထားပြီး ဒေသတွင်းမီဒီယာအချို့တွင်လည်း ဖော်ပြထားသည်။
မကွေးတိုင်း၊ ဆောမြို့နယ်၊ လောင်းရှည်မြို့မှ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ဦးတည်လာသည့် စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ချင်း-မကွေးနယ်စပ်အခြေစိုက် ကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျက်ရှိသည်။
စစ်ကား အစီး ၂၀ ကျော်ရှိသည့် ယာဉ်တန်းတွင် လက်နက်ကိုင် အင်အား ၃၀၀ နီးပါး ပါဝင်သည်ဟု ဒေသခံတို့က ဆိုသည်။
စစ်ယာဉ်တန်း ဦးတည်နေသည့် ကန်ပက်လက်မြို့နယ် တောင်ဘက်ရှိ ကျင်ဒွေးမြို့သည် ၂၀၂၀ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းအရ လူဦးရေ ၁၅၀၀ ခန့်သာရှိသည့် မြို့ဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း နီးစပ်ရာ ကျင်ဒွေးမြို့တွင် အာဏာမသိမ်းမီက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ဆယ်ဂဏန်းခန့်သာရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် စစ်သားနှင့် ရဲအင်အား ထပ်မံချထားခဲ့သည့်အပြင် လက်နက်တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်အပါအဝင် အင်အား ၁၂၀ ခန့်ရှိကြောင်း သိရသည်။
ကျင်ဒွေးမြို့ကို ၂၀၂၂ ဖေဖော်ဝါရီလက စစ်ကောင်စီယာဉ်တန်းဖြင့် စစ်ကြောင်းထိုးခဲ့ဖူးပြီး တစ်နှစ်ကျော်အကြာတွင် ထပ်မံ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
လောင်းရှည် – ကျင်ဒွေးလမ်းပိုင်းမှာ မိုင် ၃၀ ကျော်သာ ကွာဝေးသော်လည်း ထိုစစ်ကြောင်းသည် ယနေ့ (ဇူလိုင် ၁၇) ရက်ထိ ဆောမြို့နယ်ထဲတွင်သာ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာတွေကို မီးရှို့တာ၊ ဖျက်ဆီးတာတွေ လုပ်နေတယ်။ PDF တွေရှိတဲ့ နေရာတွေကို ရှင်းလင်းရေးလုပ်နေတာတွေ ရှိတယ်။ ကျွန်တော်တို့ကလည်း တားဆီးထားတဲ့အပိုင်းပေါ့” ဟု စစ်ကောင်စီစစ်ကြောင်းအခြေအနေနှင့် ပတ်သက်ပြီး CDF (ကန်ပက်လက်) တာဝန်ရှိသူက ပြောသည်။
ဇူလိုင် ၁၅ ရက်က ဆောမြို့နယ်၊ ကျောက်ထုမြို့မှ ထွက်လာသည့် အင်အား ၁၅၀ ကျော်ပါဝင်သည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုလည်း ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည်။ ထိုစစ်ကြောင်းမှာလည်း ဆောမြို့အနီး ရှိနေဆဲဖြစ်သော်လည်း ကန်ပက်လက်မြို့သို့ ဦးတည်နိုင်ဖွယ်ရှိကြောင်း CDF (ကန်ပက်လက်) က သုံးသပ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမှုအားကောင်းရာ ဒေသများဖြစ်သည့် စစ်ကိုင်း၊ ချင်း၊ ကရင်နီ (ကယား) ပြည်နယ်တို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်အရှိန်မြှင့်ရန် ဇူလိုင် ၁၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် အာဏာသိမ်း စစ်ခေါင်းဆောင်က စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်များကို အမိန့်ပေးထားကြောင်း စစ်ကောင်စီ အာဘော်သတင်းစာများက ထုတ်ပြန်ထားသည်။
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်သည် လက်နက်ကိုင်ခုခံမှုအားကောင်းရာ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်၊ မင်းတပ်မြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ဆောမြို့နယ်မှ စစ်ကြောင်းထိုးနေခြင်းကြောင့် ရင်းကဲရွာ၊ ဆွဲလင်းကျင်းရွာ၊ နတ်ကျင်းရွာ အပါအဝင် ကျေးရွာ ၁၅ ရွာခန့်နှင့် ကန်ပက်လက်မြို့နယ်မှ မဆာတွီ၊ မောချောင်း၊ မှန်တောင် စသည့် ကျေးရွာတို့မှ ဒေသခံ ထောင်နှင့်ချီပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထိုသူများ အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။
လက်နက်ကိုင်ခုခံမှု အားကောင်းရာ ချင်းပြည်နယ်အခြေစိုက် တပ်ဖွဲ့များထံ လက်နက်၊ ရိက္ခာ လူအင်အားဖြည့်တင်းရန် စစ်ကောင်စီက ယာဉ်တန်းဖြင့် စစ်ကြောင်းထိုးလေ့ရှိပြီး နယ်မြေကျွမ်းကျင်သည့် ဒေသကာကွယ်ရေးအဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာလေ့ရှိသည်။
ပြီးခဲ့သည့်လပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့် သံချပ်ကာကား ၂ စီး ဦးဆောင်သည့် စစ်ကောင်စီယာဉ်တန်းကို ကာကွယ်ရေးအဖွဲ့များက လမ်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်ကာ ဟန့်တားခဲ့သည်။
စစ်အင်အားပြရာတွင် ထိရောက်သည့် သံချပ်ကာယာဉ်များကို ချင်းတောင်တန်းပေါ်မှ တော်လှန်ရေးသမားတို့က ဧပြီလတွင် ဖျက်ဆီးနိုင်ခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)