သတင်း

စစ်ကောင်စီယာဉ်တန်း ဖျက်ဆီးခံရပြီး ဟားခါးမြို့အနီး တိုက်ပွဲများပြင်းထန်နေ

ချင်းပြည်နယ် မြို့တော်ဟားခါးသို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား အပြင်းအထန် တိုက်ပွဲဖြစ်နေသည်ဟု ချင်းအမျိုးသားတပ်မတော် (CNA) ထံမှ သိရသည်။ 

ဟားခါးမြို့မှ ၁၀ မိုင်ခန့်အကွာ ချွန်ကျုံးရွာအနီး ရောက်ရှိလာသည့် ထိုယာဉ်တန်းကို ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) တွင် ချင်းကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ရာ ယာဉ်တန်းထိပ်မှ သံချပ်ကာ နှစ်စီး ပျက်စီးခဲ့သည်။ 

ထိုယာဉ်တန်းသည် မတ်လ ၇ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ထွက်လာကာ ချင်းပြည်နယ်အတွင်း ဝင်ရောက်လာပြီး ဖလမ်း-ဟားခါးလမ်းအတိုင်း တက်လာစဉ် လမ်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။ 

ထို့ကြောင့် အရပ်သားကား အစီး ၃၀ ကျော်ပါ ယာဉ်တန်းတစ်ခုလုံးနီးပါး ပျက်စီးသွားရာ လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချွန်ကျုံးရွာနှင့် ဘုရားကျောင်းအတွင်း တပ်စွဲထားကြပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

ထိုနေရာတွင် စစ်ကောင်စီတပ်သားတို့ ဆက်ရှိနေဦးမည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက သုံးသပ်သည်။ 

“ချွန်ကျုံးရွာကနေ သူတို့က လောလောလတ်လတ် ဟားခါးကို တက်မဲ့ အနေအထားမရှိဘူး။ အဲ့ဒီမှာပဲ ခြေကုပ်ယူပြီးတော့ ဆက်လက် တပ်ဖြန့်မဲ့ အနေအထားမှာ ရှိတယ်” ဟု ချွန်ကျုံးရွာရှိ စစ်ကောင်စီတပ်ကို စစ်ကူရန် ဟားခါးဘက်မှ စစ်ကြောင်းတစ်ခု ထွက်လာသော်လည်း ချင်းကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက် ဟန့်တားထားကြောင်း ဆလိုင်းထက်နီက Myanmar Now ကို ဧပြီ ၁၉ ရက်တွင် ပြောထားသည်။ 

တပ်စွဲထားသည့် ချွန်ကျုံးရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့သဖြင့် နေအိမ် ၄၀ နီးပါး ပျက်စီးခဲ့ပြီး စစ်ကူလာသော စစ်ကြောင်းကလည်း ဟားခါးမြို့အထွက် ၃ ဖာလုံအကွာ နှီးလောရန်ကျေးရွာမှ နေအိမ် ၃၀ နီးပါးကို မီးရှို့ခဲ့သည်ဟု သိရသည်။ 

ထိုစစ်ယာဉ်တန်းတွင် သံချပ်ကာ ၂ စီးမှအပ ကျန်မော်တော်ယာဉ်များမှာ အရပ်သားပိုင် ၆ ဘီးကား၊ ၁၂ ဘီးကားများဖြစ်သောကြောင့် စားနပ်ရိက္ခာ၊ စက်သုံးဆီနှင့် လက်နက်ခဲယမ်းများ တင်ဆောင်လာခြင်းဖြစ်နိုင်သည်ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့များမှ သုံးသပ်ကြသည်။

ချွန်ကျုံးကျေးရွာအနီး သံချပ်ကာ ၂ စီး ပျက်စီးခဲ့ရခြင်းမှာ ချင်းကာကွယ်ရေးအဖွဲ့များ၏ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့်ဖြစ်သည်ဟု CNA ထံမှ သိရသည်။

ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင်များကို ယခုနှစ် ဧပြီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

“သံချပ်ကာကတော့ တစ်စီးက အားလုံးမီးလောင်သွားတာပေါ့။ ဘယ်လိုမှ အသုံးပြုလို့မရဘူး။ နောက်တစ်စီးကတော့ မီးလောင်တာမဟုတ်ဘဲနဲ့ အကုန်လုံးပျက်စီးသွားတယ်။ စက်တွေအကုန်လုံး ချွတ်ယွင်းသွားတယ်။ သိရသလောက်တော့ စက်တွေကလည်း ပြင်လို့ရမှာမဟုတ်တဲ့ အနေအထားမျိုးကို ရောက်သွားတာပေါ့။ အဓိကကတော့ ဒရုန်း (တိုက်ခိုက်မှု) ကြောင့် ပျက်စီးသွားတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

မိုင် ၁၈၀ ကျော်ရှိသည့် ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်းသည် ကားဖြင့် ၆ နာရီခရီးဖြစ်သော်လည်း ကြားဖြတ်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့် ထိုယာဉ်တန်းမှာ တစ်လကျော်ကြာ တရွေ့ရွေ့ ခရီးနှင်ခဲ့ပြီးနောက် ဟားခါးမြို့မရောက်မီ ၁၀ မိုင်ခန့်အလိုတွင် ယာဉ်တန်းတစ်ခုလုံး ပျက်စီးသွားခြင်း ဖြစ်သည်။​

တောင်တန်းထူထပ်ပြီး ခုခံတိုက်ခိုက်မှုပြင်းထန်ရာ ချင်းပြည်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များသို့ ရိက္ခာနှင့် လက်နက် ဖြည့်တင်းရန် စစ်ကောင်စီက ယာဉ်တန်းများဖြင့် ပို့ဆောင်လေ့ရှိပြီး ယာဉ်တန်းတစ်ခုလုံးနီးပါး ဖျက်ဆီးလိုက်နိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ 

ထိုယာဉ်တန်းကို တိုက်ခိုက်ရာတွင် အတန်းလိုက် တစ်ပြိုင်နက် ပေါက်ကွဲစေသည့် ပဒေသာမိုင်းများ၊ ဗုံးတပ်ဒရုန်းများ အသုံးပြုကြသော၊ နယ်မြေကျွမ်းကျင်ကြသော ကာကွယ်ရေးအဖွဲ့များက ကြားဖြတ် ချုံခိုတိုက်ခိုက်မှုကြောင့် လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နှင့်ချီ သေဆုံးကြောင်း ဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

ထိုယာဉ်တန်းကို လမ်းတစ်လျှောက်တိုက်ခိုက်ရာတွင် ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။ 

သေဆုံးသူများထဲတွင် ချွန်ကျုံးရွာအနီး ဖြစ်ပွားသော တိုက်ပွဲများတွင် ဒရုန်းစက်ချို့ယွင်းမှုကြောင့် ပေါက်ကွဲမှုဖြစ်ကာ သေဆုံးခဲ့သော CNA မှ ဒုဗိုလ် Pa Khar နှင့် အဖွဲ့ဝင်တစ်ဦး၊ ပစ်ခတ်ခံရပြီး ဆေးကုသစဉ် သေဆုံးခဲ့သော ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF-Hakha) မှ ဆလိုင်းလာလ်ကျုံးဘိခ် တို့လည်း ပါဝင်သည်။

မတော်တဆမှုကြောင့် သေဆုံးခဲ့သော CNA ဒရုန်းတပ်ဖွဲ့ မှ ဒုဗိုလ် Pa Khar နှင့် အဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- ပေးပို့)

စစ်တပ်ယာဉ်တန်းတက်လာရာ ဟားခါး-ဖလမ်းလမ်းတစ်လျှောက် ကျေးရွာများနှင့် အနီးအနားရှိ ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံများမှာ လက်နက်ကြီးနှင့် လေကြောင်းရန်ကြောင့် ဟားခါးမြို့ပေါ်နှင့် တောင်ယာများထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

“ဟားခါးမြို့ပေါ်ကို ရောက်လာတာ ထောင်ကျော်လောက်ရှိပြီ။ တချို့ကတော့ အနီးအနား တောတောင်တွေထဲ ရှောင်ကြတယ်။ အဲ့ဒီစာရင်းကတော့ မသိရသေးဘူး။ မြို့ပေါ်ကို ရှောင်လာရတာက စစ်ကြောင်း မလာခင်လောက်တည်းက ကြိုရှောင်ရတာဆိုတော့ တချို့က တစ်လကျော်လောက်တော့ ရှိပြီ။ ဆွေမျိုးတွေအိမ်တွေမှာ နေရတယ်။ တချို့ကလည်း စုပေါင်းပြီး အိမ်ငှားနေရတယ်” ဟု ဟားခါးမြို့နယ်မှ စစ်ရှောင်အရေး ကူညီနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဟားခါးမြို့သို့ ကလေးမှ ကုန်စည်စီးဆင်းဝင်ရောက်ရာ အဆိုပါလမ်းတစ်လျှောက် တိုက်ပွဲများကြောင့် တစ်လနီးပါး လမ်းပိတ်နေသည့်အတွက် ဆန်၊ စက်သုံးဆီ အပါအဝင် စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်နေကြောင်း ဟားခါးမြို့ခံများထံမှ သိရသည်။ 

ဟားခါးမြို့မှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကလည်း ကုန်ပစ္စည်းရှားပါးမှုနှင့်ပါ ရင်ဆိုင်နေရသည်ဟု ပြောသည်။ 

“အကုန်လုံး ဈေးတက်တယ်။ ဓာတ်ဆီဆိုရင် လုံးဝမရှိဘူး။ တစ်လီတာမဟုတ်ဘူး၊ တစ်ပုလင်းကို ၅၀၀၀နဲ့တောင် ဝယ်စရာမရှိဘူး၊ ၇၀၀၀ နဲ့ ဝယ်ရတယ်။ အချိန်ကြာကြီး တိုက်ပွဲတွေ ဆက်နေဦးမယ်ဆိုရင် တစ်နေ့လုပ်တစ်နေ့စားတွေအတွက် တော်တော်ခက်မယ်။ ဟားခါးမြို့ထဲမှာ ဆန်က သိပ်မများဘူး။ နောက်ထပ် တစ်လလောက် လမ်းကြောင်းပိတ်ထားရင် ဆန်က လုံးဝ ဝယ်စရာရှိမှာ မဟုတ်တော့ဘူး” ဟု သူက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်နယ်မြို့တော် ဟားခါးအနီး စစ်တပ်နှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့များအကြား တိုက်ပွဲများ ရှိခဲ့သော်လည်း နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။ 

အလားတူ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ် ဟားခါးမြို့နယ်သို့ တက်လာသည့် အင်အား ၁၀၀ နီးပါးရှိ စစ်ကြောင်းတစ်ခုနှင့် ဒေသကာကွယ်ရေးအဖွဲ့များ ယမန်နေ့ (ဧပြီ ၁၉) တွင် မကွေး-ချင်းနယ်စပ်အနီး တိုက်ပွဲဖြစ်နေကြောင်း ဆလိုင်းထက်နီက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကလေးမြို့မှ ကား ၄ စီးဖြင့် အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်ကြောင်းတစ်ခု ချင်းပြည်နယ်၊ တီးတိန်မြို့သို့ တက်သွားကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

ထို့ကြောင့် ချင်းဒေသအတွင်း စစ်ရေးပြင်းထန်လာနိုင်ကြောင်း ကာကွယ်ရေးအဖွဲ့များက ယူဆထားသလို ဒေသခံများကလည်း စိုးရိမ်ပူပန်နေကြသည်။ 

ချင်းပြည်နယ်တွင် ယခုနှစ် မတ်လကုန်မှစတင်၍ ဧပြီလ တတိယပတ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာ ၃ ရွာကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၄ ဦး အပါအဝင် အရပ်သား ၂၁ ဦး သေဆုံးခဲ့သည်။

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်က လေကြောင်းကို ပိုမိုအားပြုတိုက်ခိုက်လာရာ ပြီးခဲ့သည့် ရက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လသား အပါအဝင် ကလေးငယ် ၄၀၊ အသက် ၁၈ နှစ်အထက် ပြည်သူ ၁၂၈ ဦး သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button