သတင်း

သက်တမ်းတိုးပြီး ဆက်အုပ်ချုပ်ဦးမည်ဟု စစ်ခေါင်းဆောင် အရိပ်အမြွက်ပြော

နိုင်ငံတည်ငြိမ်ရေး ပိုမိုအားထုတ်ရန် လိုအပ်ပြီး အရေးပေါ်အခြေအနေ ကြေညာထားခြင်းကို သက်တမ်းထပ်တိုးဖွယ်ရှိကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရိပ်အမြွက် ထုတ်ပြောလိုက်သည်။

နေပြည်တော်တွင် ယမန်နေ့ (ဇူလိုင် ၁၃) က ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် စစ်ခေါင်းဆောင်က ထိုသို့ ပြောခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် ယနေ့ ဖော်ပြထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့် စစ်တပ်က အရေးပေါ်အခြေအနေ ကြေညာကာ တိုင်းပြည်၏ အာဏာအရပ်ရပ်ကို ချုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်နေ့တွင် သက်တမ်းနှစ်နှစ်ပြည့်ပြီးနောက် စစ်တပ်က စိတ်ကြိုက်ရေးခဲ့သည့် ၂၀၀၈ အခြေခံဥပဒေကို ကိုးကားကာ စစ်ကောင်စီကို သက်တမ်း ၆ လ ထပ်ထိုးခဲ့ရာ ဇွန်လကုန်တွင် ထိုသက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

၆ လသက်တမ်းမပြည့်မီ နှစ်ပတ်ကျော်အလိုတွင် အာဏာသိမ်း စစ်ခေါင်းဆောင်က စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် လုံခြုံရေး ပိုမိုလုပ်ဆောင်ရန် လိုသည်ဟု ထုတ်ပြောလာသည်။ ထိုဒေသသုံးခုသည် တော်လှန်ပုန်ကန်မှုများ အရှိန်မြင့်နေသည့် ဒေသများဖြစ်သည်။

“တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အပြည့်အဝဆောင်ရွက်သွားနိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဆိုသော အချက်တွင် အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များစွာ ရှိနေသေးသည်ကို တွေ့ရှိရသည်” ဟု အထက်ပါ အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောခဲ့သည်။

အရေးပေါ်ကာလကြေညာထားခြင်းကို ရုတ်သိမ်းပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲပေးရန် စီစဉ်ထားသော်လည်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က အကြောင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထပ်မံအနိုင်ရသော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ လွန်ခဲ့သော နှစ်နှစ်ကျော် ၂၀၂၁ အာဏာသိမ်းစကတည်းက ရွေးကောက်ပွဲပြန်လုပ်မည်ဟု စစ်ကောင်စီက လေသံပစ်ထားသည်။

သို့သော် အရပ်သားအစိုးရလက်ထက် တိုင်းပြည် စီးပွားရေးအပါအဝင် ကဏ္ဍအရပ်ရပ်တွင် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရှိနေချိန်တွင် အရေးပေါ်အခြေအနေဖြစ်နေသည်ဟု အကြောင်းပြ၍ ပြည်သူရွေးချယ်သည့် အစိုးရထံမှ အာဏာလုယူခဲ့သည့် စစ်တပ်က ၎င်းတို့၏ ကတိကဝတ်ကို နေ့ရွှေ့ညရွှေ့လုပ်နေဆဲဖြစ်သည်။

စစ်တပ်က အာဏာလုယူပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ အရှိန်မြင့်နေသည်။ နိုင်ငံတစ်ဝန်း စစ်မျက်နှာများစွာတွင် မြေပြင်တပ်ဖွဲ့များ ဆုံးရှုံးမှုမြင့်မားနေချိန်တွင် တော်လှန်ရေးသမားများ မခုခံနိုင်သည့် လေကြောင်းတိုက်ခိုက်မှုကိုသာ စစ်ကောင်စီက အားပြုနေရသည့် အခြေအနေသို့ ဆိုက်နေသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button