သတင်း

ယင်းမာပင်တွင် အိမ်များ မီးရှို့ခံရ၊ မပြေးနိုင်သည့် အဘွားအို မီးလောင်သေဆုံး

ယမန်နေ့ (ဇူလိုင် ၁၂) က စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ရွှေဘိုမြို့နယ်များအတွင်း တိုက်ပွဲဖြစ်ပွားစဉ် အရပ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၈ ဦးတွင် ကလေး ၁ ဦး ပါဝင်သည်။

ယင်းမာပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးရှိ မြို့ကြီးရွာသို့ ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက ရွာကို သုံးနေရာခွဲ၍ မီးရှို့ရာ နေအိမ် ၄၄ လုံး မီးလောင်သွားပြီး အသက် ၉၀ ဝန်းကျင်အရွယ် အဘွားတစ်ဦးလည်း နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

“လမ်းမလျှောက်နိုင်တဲ့အမေကြီးလည်း မီးထဲပါသွားတယ်။ ကျန်းမာရေးမကောင်းဘူး။ အိမ်ထဲ ကျန်ရစ်တာမှာ မီးထဲ ပါသွားတာ။ မီးရှို့တော့၊ မပြေးနိုင်တော့ မီးထဲပါသွားတာ” ဟု ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် အမည်မဖော်လိုသည့် အဆိုပါ ကာကွယ်ရေးအဖွဲ့ဝင်က ပြောသည်။

မြို့ပေါ်မှ လာသော၊ အင်အားဆယ်နှင့်ချီ ပါဝင်သော ထိုစစ်ကြောင်း ယမန်နေ့ နံနက်မှ စတင်၍ မြို့မြောက်ဘက် ယမားချောင်းဘေးရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာရာ ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး မြို့ကြီးရွာအနီး ရွှေတြိဂံကာကွယ်ရေးအဖွဲ့မှ တစ်ဦး၊ အခြားအဖွဲ့မှ တစ်ဦး သေဆုံးခဲ့သည်။

“တစ်ဦးက မိုင်းမတော်တဆမှုနဲ့ ကျတာ။ နောက်တစ်ယောက်က လက်နက်ကြီး ထိတာ” ဟု ယင်းမာပင်အခြေစိုက် လှုပ်ရှားသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းတို့ကို ယမန်နေ့ကပင် ကာကွယ်ရေးအဖွဲ့များက ကောက်ယူသင်္ဂြိုဟ်ခဲ့သည်။

ထို့နောက် ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ရောက်ရှိလာကာ ယမားချောင်းဘေးမှ မြို့ကြီး၊ မြေကျက်ဆူ၊ မြောက်နုံး၊ နုံးကြီး အစရှိသည့် ကျေးရွာများကို နှစ်ကြိမ် လှည့်ပတ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်မှုများအပြီး စစ်ကောင်စီလက်နက်ကိုင်များ ယင်းမာပင်မြို့ပေါ်သို့ ပြန်ဆုတ်သွားပြီး ယနေ့ နံနက် ဒေသတွင်းအခြေအနေ ငြိမ်သက်နေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် ချင်းတွင်းမြစ်တစ်ခုသာ ခြားသည့် ယင်းမာပင်မြို့နယ်သည် လက်နက်ကိုင်ခုခံမှု အစောဆုံးစတင်ခဲ့ရာ မြို့နယ်ဖြစ်ပြီး စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည်။

ပုသိမ် – မုံရွာ လမ်းပေါ်ရှိ မုံရွာခရိုင် ရဲတပ်ရင်း အမှတ် (၂၈) ကလည်း မြို့မြောက်ဘက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေ၍ ယင်းမာပင်ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည်။

“ရဲတပ်ရင်း ၂၈ က အဝေးပစ်လက်နက်ကြီးနဲ့ ၇ ရက်နေ့တည်းက စထုတာ။ တစ်ရက်ကို ၇ လုံး။ နေ့ရော ညရော ထုတာ။ (ဇူလိုင်) ၇၊ ၈၊ ၉ ၊ ၁၀ ထုတာ။ ၁၀ ရက်နေ့မှာ နေ့ခင်းကြောင်တောင်ကြီးကို ၉ လုံး ထုတာ။ ရှင်စောလူးဘုရားဝင်းအတွင်းက စောင်းတန်းတွေ ပျက်သွားတယ်” ဟု စစ်ရှောင်အရေး ကူညီပေးနေသည့် ယင်းမာပင်မြို့နယ်မှ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကြီးရန်ကြောင့် မြို့မြောက်ဘက်ကျေးရွာများဖြစ်သည့် ရွာထောင်၊ လေးရွာ၊ မြေကျက်ဆူ၊ နတ်ထောင့်၊ ပြန်လှည့်၊ မြို့ကြီး၊ မြောက်နုံး၊ နုံးကြီး၊ ရွာသာ စသည့် ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများ တိမ်းရှောင်နေရသည်။

“တစ်ပတ်လောက် ရှိသွားပြီ။ လမ်းပေါ်မှာ ဖုန်တွေကို ထနေတာပဲ။ ကူးလူးပြေးလွှားနေရတာ။ လုပ်ငန်းရယ်လို့ ဘယ်သူမှ မလုပ်နိုင်ကြဘူး။ ကျီးလန့်စာစားပဲ။ လှည်းပေါ်၊ ကားပေါ်မှာ ဝန်စည်စလွယ်ကို အဆင်သင့်ပြင်ထားရတာ။ အိမ်ထဲကို မထားဘူး” ဟု စစ်ဘေးရှောင်နေရသည့် အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

မိုးစပါးစိုက်ချိန်ဖြစ်သော်လည်း စစ်ကောင်စီရန်မှ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စိုက်ပျိုးရေး မလုပ်နိုင်ကြောင်း ဆိုသည်။

“စပါးတွေစိုက်တဲ့ရာသီလေ။ ပျိုးတွေ နုတ်ပြီးသား၊ စိုက်ရမဲ့ အချိန်ကြီး။ အခုက ဘာမှ မလုပ်ရတော့ဘူး။ သွားလည်း မသွားရဲဘူး။ လယ်မြေတွေက ယင်းမာပင်နဲ့ နီးစပ်တဲ့ နေရာမှာပဲရှိတော့ မသွားရဲဘူး။ ပျိုးတွေကို ကန်သင်းပေါ်မှာ ထားခဲ့ရတယ်။ တစ်ပတ်လောက်လည်း ကြာရော ပျိုးတွေက ခြောက်ရော၊ ပျိုးတွေပျက်ရော။ စိုက်လည်းမစိုက်နိုင်ဘူး” ဟု ထိုအမျိုးသားက ပြောသည်။

ရွှေဘိုတွင်လည်း လက်နက်ကြီးပစ်ခတ်

ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရွှေဘို မြို့နယ်အနောက်ခြမ်း ပလိုင်းကျေးရွာရှိ စစ်ကောင်စီ အထိုင်တပ်က မြောက်ဘက် နှစ်မိုင်အကွာ တက်တူရွာဘက်သို့ လက်နက်ကြီး သုံးလုံးပစ်ခဲ့ရာ နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ခဲ့သည်။

ထိုနေအိမ်ပေါ် ကျရောက်ပေါက်ကွဲသဖြင့် အသက် ၄၀ အရွယ် ကိုကျော်သူ ဆိုသည့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း၊ အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ၈ ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ကိုကျော်သူမှာ ဆေးခန်းသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသည်၊ ဒဏ်ရာရသူများအနက် ၄ ဦး ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။

ဒဏ်ရာအပြင်းအထန်ရခဲ့သော အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်။ (ဓာတ်ပုံ-ပေးပို့)

“ကလေးကတော့ ကံကောင်းသွားတယ်၊ အရေပြားကို ရှပ်ထိပြီးတော့ ပွင့်သွားတာ။ အူတွေပါ ပေါ်နေတာ။ အတွင်းကလီစာ မထိတော့ တော်တော်လေးကို ကံကောင်းသွားတာ” ဟု ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့်နေအိမ်သည် အဆိုပါတစ်ရွာလုံးတွင် မိုဘိုင်းအင်တာနက်လိုင်း အနည်းငယ်ရသဖြင့် လူငယ်များ လာရောက် အင်တာနက်သုံးသည့်နေရာဖြစ်သောကြောင့် ယခုကဲ့သို့ အရပ်သားအများအပြား ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“တိုက်ပွဲ မဖြစ်ဘဲနဲ့ သူတို့ဘာသာသူတို့ လှမ်းပစ်တာဗျ။ နှစ်လုံးကတော့ အဲဒီအိမ်ပတ်ဝန်းကျင် လယ်ကွင်းတွေထဲ ကျသွားတာ။ (ကျည်ထိ) နေအိမ်ကတော့ အတော်အသင့် ပျက်စီးသွားတယ်”

စစ်ကောင်စီသည် ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းမှ နေရာအများစုကို ယမန်နှစ်ကတည်းက အင်တာနက် ဖြတ်တောက်ထားသည်။

လူနေကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ညဉ့်ဦးပိုင်းတွင် ပလိုင်းကျေးရွာရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက လက်လုပ်လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပလိုင်းရွာကို စီးနင်းမီးရှို့ပြီး စစ်ကောင်စီ အထိုင်ချ တပ်စွဲထားသည်မှာ ၂၀၂၁ နှစ် နှစ်ကုန်ပိုင်းမှ ဖြစ်ပြီး စစ်သား ၂၀ ခန့်နှင့် ပျူစောထီး ၂၀ ခန့်ရှိကြောင်း ဒေသခံတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းမာပင်၊ ရွှေဘိုမြို့နယ်တို့တွင် ဖြစ်ပွားသည့် ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီစစ်ကြောင်းများ ကျေးရွာများကို ဝင်ရောက်စီးနင်းပါက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ် ဝင်ရောက်လေ့သလို စစ်ကောင်စီ အထိုင်ချ တပ်စွဲထားသည့် အထိုင်စခန်းများမှလည်း ပတ်ဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည်။

စစ်ကောင်စီ၏ သတ်ဖြတ်ကျူးလွန်မှုများကို လက်လှမ်းမီသမျှ မှတ်တမ်းပြုစုနေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူပေါင်း ၃၇၈၅ ဦး အနည်းဆုံး ရှိကြောင်း ဇူလိုင် ၁၁ တွင် ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးရေးရုံး (UNOCHA) က ဇွန်လထုတ်ပြန်သည့်စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမှုများနှင့် ပဋိပက္ခများကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၁ ဒသမ ၅ သန်းခန့်ရှိသည့်အနက် စစ်ကိုင်းတိုင်းမှ ခုနစ်သိန်းခွဲကျော် ပါဝင်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button