သတင်း

ကန့်ဘလူတွင် ၃ ပတ်အတွင်း ၃ ဦး ပစ်သတ်ခံရ၊ အိမ် ၇၀၀ ခန့် မီးလောင်

စစ်ကိုင်းအလယ်ပိုင်း မူးမြစ်နှင့် ဧရာဝတီမြစ်ကြားရှိ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းက နေ့စဉ် စီးနင်းနေရာ ယခုလ တတိယပတ်အထိ ကျေးရွာပေါင်း ၂၀ ကျော်မှ အရပ်သား ၃ ဦး သတ်ဖြတ်ခံရပြီး အိမ်ခြေ ၇၀၀ခန့် မီးရှို့ခံရကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ကန့်ဘလူမြို့ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က မြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာများကိုလည်းကောင်း၊ တန့်ဆည်မြို့နယ်မှ ကူးလာသည့် ခမရ-၃၆၈ စစ်ကြောင်းက တောင်ဘက်ပိုင်းဒေသ ကျေးရွာများကိုလည်းကောင်း နေ့စဉ် စစ်ကြောင်းထိုး စီးနင်း မီးရှို့နေခြင်းဖြစ်သည်။

စစ်ကြောင်းနှစ်ကြောင်းဖြင့် နေ့စဉ် စီးနင်းနေသဖြင့် ဒေသခံ ရွာသားအများစုမှာ တောင်ယာတောများထဲတွင်သာ နေထိုင်ရတော့ကြောင်း၊ ရွာတိုင်းနီးပါး ရွာပျက်သကဲ့သို့ဖြစ်နေကြောင်း ကန့်ဘလူတောင်ဘက်ခြမ်း ထိန်တောကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်ကြောင်း စစ်ကြောင်းတဲ့ ဆိုရင် ပြေးလိုက်ရပြန်ပြီ။ ဘယ်သူမှ ရွာထဲ မနေရဲကြဘူး၊ ဘယ်အချိန် မီးဝင်ရှို့ခံရမလဲ မသိဘူး၊ ဘယ်အချိန် ဝင်စီးမှာဆိုတာလဲ မသိဘူး၊ ရွာထဲ မနေရဲကြတာတော့ အတော်ကြာပြီ” ဟု သူက ဆိုသည်။

ထိန်တောရွာကို မေလ ၁၇ ရက်နေ့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကွမ်းခြံထဲ ကျရောက်ပေါက်ကွဲကာ ကွမ်းရွက်ခူးနေသည့် လင်မယားနှစ်ဦးကို ထိမှန်ခဲ့ပြီး ဇနီးဖြစ်သူ အသက် ၂၄ နှစ်အရွယ် မမြနုသိမ်းမှာ ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထိုတစ်ရက်တည်းတွင် ရွာသစ်ကျေးရွာအနီး တောထဲတွင် စစ်ဘေးရှောင်နေသည့် ရွာသားတစ်ဦးကို အဆိုပါစစ်သားများက ပစ်သတ်ခဲ့ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

စစ်ကြောင်းလာသဖြင့် မိသားစုဝင်လေးဦး ပုန်းအောင်းနေစဉ် စစ်တပ်နှင့် ထိပ်တိုက်တိုးကာ အသက် ၃၀ အရွယ် ကိုဆန်းစိုးအောင်မှာ မိဘများရှေ့တွင် မောင်းပြန်သေနတ် ကျည်အိမ်ထဲမှ ကျည်ဆန်ကုန်သည်အထိ ပစ်ခတ်ခံရကြောင်း မျက်မြင်သက်သေများကို ကိုးကားပြီး ဒေသခံတစ်ဦးက ပြောသည်။

“ဘာတိုက်ပွဲမှ မရှိဘူး၊ စစ်ကြောင်းလာလို့ ရှောင်တာ၊ စစ်ကြောင်းက ကပ်နေတော့ ပုန်းကျင်းထဲကနေ မိသားစုလိုက် ထပြေးလိုက်တာ၊ ဗောက်ကုန်ပစ်သတ်ခံလိုက်ရတာ။ ခေါင်းတစ်ချက်၊ ဗိုက်တစ်ချက်မှန်ပြီး သေသွားတာ” ဟု သူက ဆိုသည်။

ကန့်ဘလူတောင်ဘက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် ခမရ ၃၆၈ တပ်နှင့် ပြည်သူ့စစ် ခေါ် ပျူစောထီးများသည် မေ ၁၈ တွင် မကျီးကုန်း၊ မေ ၁၉ တွင် ဆူးတပ်၊ ၂၁ ရက်နေ့တွင် ကန့်ဘလူအမှတ် (၁) သကြားစက်အနီးရှိ ဖုတ်ကုန်းကျေးရွာကို မီးတင်ရှို့ကြကာ ဆက်လက်စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

အဆိုစစ်ကြောင်းနှစ်ကြောင်း မီးရှို့မှုကြောင့် တစ်လအတွင်း ပုဏ္ဏားငယ်၊ လေးတွင်းစဉ်၊ ချောင်းသာ၊​ မြေမွန်၊ တ​ရော်ကိုင်း၊ ကန်ကြီး​တောတဲတိုက်၊ ဖိုလ်ကုန်း၊​ ထောက်ရှာအိုင်၊ ခအုံးတာ၊ သရက်​ခေါင်း၊ ငါးရာနဲ၊ ချင်မြစ်ကျင်း၊ သိုးဘိုး၊​ ညောင်​ပေါင်ရင်း၊ ဉာဏ်အင်း၊ ဖလံချိုင်၊ မန်ကျည်းကုန်း၊ ဆူးတပ်၊ ဘုတ်ကုန်းနှင့် ပစ်တိုင်း​ထောင်ရွာတို့မှ အိမ်ခြေ ၇၀၀ ခန့် မီးလောင်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

မီးရှို့ခံထားရသည့် ထောက်ရှာအိုင်ရွာရှိ နေအိမ်များကို တွေ့ရစဉ်။

စစ်ကြောင်းနှစ်ကြောင်းဖြင့် တစ်လနီးပါး စီးနင်းခံနေရသဖြင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံသောင်းနှင့်ချီ ကာလရှည် ထွက်ပြေးနေရဆဲဖြစ်ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။

“(ပြည်သူတွေကတော့) ဟိုနားသတ်ခံလိုက်ရ၊ ဒီနားသတ်ခံလိုက်ရပဲ၊ စစ်ကြောင်းတွေက နှစ်ကြောင်းသုံးကြောင်း ပြုံနေတာဆိုတော့ စာရင်းတွေလည်း အကုန်မကောက်နိုင်သေးဘူး၊ စစ်ဘေးရှောင်တွေနဲ့ပဲ အလုပ်ရှုပ်နေသေးတာ။ လတ်တလော ရှောင်နေရတဲ့ ရွာတွေက ရွာပေါင်း ၂၀ လောက်ကို ရှိတာ” ဟု ဆိုသည်။

ထို့ပြင် ပြီးခဲ့သည့် မေ (၄) ရက်ကလည်း သရက်ကံကြီးရွာကို ဝင်ရောက်စီးနင်းစဉ် ထွက်မပြေးဘဲ ကျန်ခဲ့သည့် စိတ်ကျန်းမာရေး မကောင်းသူ အသက် (၅၀) အရွယ် ဦးခိုင်ဇော်ကို သတ်ဖြတ်ခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသည်ကိုပင် သေနတ်ဖြင့် ပစ်သတ်သည့် စစ်ကောင်စီတပ်က လက်နက်ကိုင် ခုခံမှု အားကောင်းသော စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများကို မြေလှန်ဖျက်ဆီးနေသည်။

ကန့်ဘလူမြို့နယ်သည် တော်လှန်ရေးအင်အားစုများ အားကောင်းသည့် မြို့နယ်ဖြစ်သလို စစ်ကောင်စီ၏ ပျူစောထီးအဖွဲ့များစွာရှိသည့် မြို့နယ်တစ်ခုဖြစ်သည်၊ စစ်ကောင်စီတပ်များက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးလေ့ရှိသည်။

စစ်ကောင်စီကမူ ၎င်းတို့သည် အကြမ်းဖက်သမားများကိုသာ ချေမှုန်းနေခြင်းဖြစ်သည်၊ ပြည်သူများကို အကာအကွယ်ပေးနေသည်ဟု ပြောလေ့ရှိသည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် အရှေ့ခြမ်းရှိ ပဇီကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး တိုက်ခိုက်ရေးရဟတ်ယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးများနှင့် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၆၀ နီးပါး သေဆုံးခဲ့ရသည်။ ဧပြီ ၂၀ တွင် ထိုနေရာကို လေတပ်က ထပ်မံ တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုတွင် ပေါက်ကွဲမှု များပြားခြင်းမှာ တော်လှန်ရေးအဖွဲ့က ပေါက်ကွဲစေနိုင်သော လက်နက်ပစ္စည်းများ ထိုနေရာတွင် ထားရှိခြင်းကြောင့် ဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button